ယင်အန္တရာယ်သတိပြုဖွယ်

ခြင်၊ ယင် ဆိုတာတွေဟာ ကျွန်တော်တို့ ဝန်းကျင်မှာ အတွေ့ရများတဲ့ အင်းဆက်သတ္တဝါတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့ အတော်များများအနေနဲ့က ခြင်အန္တရာယ်နဲ့ ခြင်အကြောင်းတွေကိုပဲ အသိများကြပြီး ခြင်ကိုပဲ အလေးထားကာကွယ်လေ့ရှိပါတယ်။

ဘာလို့လဲဆိုတော့ ခြင်ဟာ လူကို ကိုက်ကာသွေးစုပ်တတ်တဲ့အပြင် ခြင်ကိုက်ရာမှတဆင့် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင်စတဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ရောဂါတွေဖြစ်တာကို ဘေးပတ်ဝန်းကျင်မှာကော၊ ကိုယ်တိုင်ရော တွေ့မြင်ခံစားသိကြရလို့ပါ။

ယင်ကောင်ကိုတော့ တဝီဝီမြည်တဲ့အသံအနှောင့်အယှက်ကလွဲရင် ဘာမှကြီးကြီးမားမားအန္တရာယ်မပေးတတ်ဘူးလို့ လူအများကထင်ကြပါတယ်။ အမှန်တကယ်ကတော့ လေ့လာပြီးသုတေသနတွေလုပ်ကြည့်တဲ့အခါမှာ ယင်ကောင်ဟာ တဝီဝီမြည်သံအပြင် မျက်ခမ်းစပ်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ စတဲ့ ရောဂါတွေဖြစ်စေတဲ့ပိုးမွှားတွေကို လူတွေဆီကူးစက်ပျံ့နှံ့စေပြီး လူတွေကို အန္တရာယ်ပေးနိုင်ကြောင်းသိရပါတယ်။ ရောဂါတွေဖြစ်စေတဲ့ ပိုးမွှားတွေကို ယင်ကောင်က လူတွေဆီ ဘယ်လိုကူးစက်ပျံ့နှံ့စေသလဲဆိုတာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ယင်ကောင်တွေဟာ ဥဥရန်အတွက် ပုတ်သိုးနေတဲ့ အမှိုက်သရိုက်နေရာတွေ၊ လူအညစ်အကြေး၊ တိရစ္ဆာန်အညစ်အကြေးရှိတဲ့နေရာတွေစတဲ့ ညစ်ပတ်တဲ့နေရာတွေကို သွားရောက်နားလေ့ရှိသလို အစာစားဖို့အတွက်လည်း အစားစာတွေပေါ် လာရောက်နားလေ့ရှိပါတယ်။ ညစ်ပတ်တဲ့နေရာတွေကို သွားရောက်နားရာကနေ ယင်ကောင်တွေရဲ့ကိုယ်ပေါ်မှာပါလာတဲ့ ပိုးမွှားတွေ၊ မစင်အမှုန်အမွှားတွေ၊ အညစ်အကြေးတွေဟာ ယင်ကောင်တွေအစားစာပေါ်လာနားတဲ့အခါမှာ အစားစာတွေထဲကိုကျရောက်ပါတယ်။

ယင်ကောင်တွေဟာ အစာစားတဲ့အခါ သူစားမယ့်အစားစာပေါ်ကို အရင်ဆုံးတံတွေးဖြင့်ထွေးကာ အရည်အဖြစ်စုပ်ယူလို့ရအောင်လုပ်ပြီးမှ နှာမောင်းတံနဲ့ စုပ်ယူပြီးစားပါတယ်။ ယင်ကောင်တွေဟာတွေ့မြင်ရာကို စားသောက်လေ့ရှိပြီး စားသောက်တဲ့အစားသောက်တွေပေါ်မှာလည်း အန်ဖတ်အစအနများစွာ ချန်ထားလေ့ရှိကြောင်း လေ့လာမှုတွေအရသိရပါတယ်။ ယင်ကောင်ရဲ့ အစာအိမ်ထဲမှာ ပိုးမွှားများများစွာပါရှိတဲ့အတွက် ယင်ကောင်အန်ဖတ်များကလည်း ယင်ကောင်ကိုယ်မှာ ကပ်ပါလာသောပိုးမွှားများ၊ အညစ်အကြေးများလိုပဲ လူကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်ယင်နားစာတွေစားမိပါက အူရောင်ငန်းဖျားရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ စတဲ့ရောဂါတွေခံစားရနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် ယင်ကောင်တွေဟာ စားစရာမဟုတ်တဲ့ မျက်နှာသုတ်ပဝါ၊ တဘက်တွေ၊ အိပ်ရာခင်း စတဲ့ လူရဲ့မျက်နှာနဲ့ထိတွေ့တဲ့ အရာတွေပေါ်မှာလည်း နားတတ်ပါတယ်။

အဲ့အခါမှာ အဲ့ဒီအရာတွေပေါ်မှာ ရောဂါပိုးမွှားတွေ၊ အညစ်အကြေးတွေ တင်ကျန်ခဲ့ပြီး မျက်နှာနဲ့ထိတွေ့တဲ့အခါ မျက်ခမ်းစပ်ရောဂါကို ဖြစ်ပွားစေနိုင်ကာ နောက်ဆက်တွဲအနေနဲ့ မျက်စိကွယ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ယင်နှိမ်နှင်းရေးအနေနဲ့ဓါတုဗေဒပိုးသတ်ဆေးတွေဖျန်းတာ၊ ယင်ဖမ်းမီးချောင်းတွေသုံးတာ၊ ယင်ကပ်ကော်ကိုဂျပ်စက္ကူပေါ်သုတ်တာ စတဲ့နည်းတွေသုံးနေပေမယ့်လည်း ယင်ပေါက်ပွားနှုန်းဟာ တအားမြင့်တာကြောင့် ယင်ကောင်အားလုံးကိုအပြီးတိုင်ဖယ်ရှားဖို့အတွက် မအောင်မြင်နိုင်သေးပါ။

ယင်ကောင်များရဲ့ပေါက်ပွားနှုန်းဟာ မြန်ဆန်ပြီး အကြမ်းအားဖြင့်ပြောရရင် ယင်မတကောင်ဟာ ဆယ်ရက်ကို တကြိမ်နဲ့အကြိမ်ပေါင်းနှစ်ဆယ့်တကြိမ်လောက် ဥအုနိုင်ပါတယ်။ တကြိမ်ဥလျှင် ဥပေါင်း ၁၀၀ ကျော်အောင်ဥပါတယ်။

ဒါကြောင့် ယင်ကနေဖြစ်တဲ့အန္တရာယ်ရောဂါတွေ မိမိမှာ ဖြစ်ပွားနိုင်ခြေနည်းအောင် အောက်ပါအချက်များကို ဂရုစိုက်ကြပါလို့ အဆုံးသတ်အနေနဲ့ အကြံပေးချင်ပါတယ်။

အစားစာများကို ယင်မနားအောင် ဇကာ သို့မဟုတ် အဖုံးဖုံးထားပါ။ ဖြစ်နိုင်ရင် ပူပူနွေးနွေးအစားစာများကိုပဲ စားပါ။ အမှည့်လွန်သစ်သီးတွေ၊ ပုပ်သိုးနေတဲ့အစားစာတွေကို အမှိုက်ပုံးထဲကိုစနစ်တကျ အိတ်နဲ့ထုပ်ပိုးပြီးမှ စွန့်ပစ်ပါ။ မိမိအိမ်ရှိ အမှိုက်ပုံးကို သန့်ရှင်းအောင်ထားပြီး အမှိုက်ထည့်ပြီးတဲ့အခါ အဖုံးကို သေချာဖုံးထားပါ။

ခြင်၊ ယင် အလွယ်တကူအိမ်ထဲမဝင်နိုင်အောင် မိမိအိမ်ရှိ ပြတင်းပေါက်များ၊ တံခါးပေါက်များကို သံဇကာကွက်စိပ်တပ်ပါ။ မိမိအိမ်နဲ့ခြံပတ်ဝန်းကျင်ကို တတ်နိုင်သလောက် သန့်ရှင်းအောင်ထားပါ။ အညစ်အကြေးတွေ၊ အမှိုက်သရိုက်တွေရှိပါက စနစ်တကျဖယ်ရှားပါ။ မိမိအိမ်ရှိအိမ်သာကို သန့်ရှင်းအောင်ထားပါ။ နေ့တိုင်းဆေးကြောပါ။ မိမိရဲ့မျက်နှာသုတ်ပဝါ၊ ခေါင်းအုံးစွပ်၊ အိပ်ရာခင်းတွေကို သန့်ရှင်းအောင်ထားပြီး တပတ်တခါလျှော်ပါ။ မီးပူတိုက်ပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ