အာသီးရောင်ခြင်း

အာသီးဆိုတာဟာ အာခေါင်ရဲ့ နောက်ဘေးတဖက်တချပ်စီမှာ ကပ်လျက်ရှိတဲ့ ပြန်ရည်အကျိတ်လေးတွေဖြစ်ပါတယ်။

ဆေးပညာအခေါ်အရ Tonsil လို့ခေါ်ပါတယ်။ အာသီးတွေဟာ ခန္ဓာကိုယ်ခုခံအားစနစ်မှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ထဲကို အသက်ရှုလမ်းကြောင်းမှတဆင့် သို့မဟုတ် အစာစားရာမှတဆင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ရောဂါပိုးတွေ ဝင်လာပါက အာသီးတွေဟာ သွေးဖြူဥ (White blood cells) တွေကိုထုတ်ပြီး ပထမ ရှေ့တန်းခံတပ်အနေနဲ့တိုက်ထုတ်ပါတယ်။

သို့ပေမယ့်လည်း ရောဂါပိုးတွေကို တိုက်ထုတ်တဲ့ အားသီးတွေကိုယ်တိုင် ရောဂါပိုးဝင်ရောက်ကူးစက်ခံရတာမျိုးလည်း ရှိတတ်ပါတယ်။ အဲ့လိုရောဂါပိုးဝင်ရောက်ခြင်းခံရတဲ့အခါမှာ အာသီးရောင်ခြင်းကို ခံစားရပါတယ်။ အာသီးရောင်ခြင်းကို အများဆုံးဖြစ်စေလေ့ရှိတာကတော့ စထရက်တိုကော့ကပ် (Streptococcus) လို့ခေါ်တဲ့ အအေးမိလည်ချောင်းနာကိုဖြစ်စေတတ်တဲ့ ဘက်တီးရီးယားပိုးဖြစ်ပါတယ်။

သို့သော် တခြားဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေဝင်ရောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အာသီးရောင်ခြင်းကို ဆေးပညာအရ Tonsillitis လို့ခေါ်ပါတယ်။ ပုံမှန်အချိန်မှာ ပါးစပ်ဟကြည့်ရင် အာသီးတွေကိုတွေ့မြင်ရဖို့ မလွယ်ကူဘဲ ရောင်ရမ်းလာတဲ့အချိန်မှသာ တွေ့မြင်ရနိုင်လေ့ရှိပါတယ်။

အာသီးရောင်ခြင်းဟာ အများအားဖြင့် အသက် ၅ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ ဖြစ်လေ့ရှိပါတယ်။ အာသီးရောင်တဲ့အခါမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ဖျားတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ၊ အစာမျိုရခက်တာ ခံတွင်းအနံဆိုးထွက်တာ အသံပြောင်းသွားတာ နားကိုက်တာလည်ပင်းနဲ့ မေးတဝိုက်ပြန်ရည်အကျိတ်များရောင်ပြီး မေးရိုးနဲ့လည်ပင်းမှာတင်းတင်းကြီးဖြစ်နေတာအရမ်းငယ်တဲ့ကလေးတွေမှာဆိုရင် အီနေတာ၊ နို့ကောင်းကောင်းမစို့၊ အစားကောင်းကောင်းမစားတာ၊ သွားရည်တွေကျနေတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒီလိုလက္ခဏာတွေခံစားရရင် ဆရာဝန်နဲ့ပြသပြီး အာသီးရောင်တာ ဟုတ်မဟုတ်စစ်ဆေးကြည့်သင့်ပါတယ်။ စမ်းသပ်စစ်ဆေးမှုအနေနဲ့ကတော့ ဆရာဝန်က လူနာကိုပါးစပ်ဟ၊ လျှာထုတ်ခိုင်းပြီး ခံတွင်းထဲကိုဓါတ်မီးနဲ့ ထိုးကြည့်တာ၊ လည်ချောင်းနားက အကျိအချွဲကိုယူပြီး ဓါတ်ခွဲခန်းပို့စစ်တာ (Throat swab culture) စသဖြင့်ပါ။

အာသီးရောင်တာဟာ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ရောင်တဲ့အာသီးဟာကြီးလာပြီး
လှဲလျောင်းအိပ်စက်တဲ့အခါ လေပြွန်ကိုသွားပိတ်တာကြောင့် Obstructive sleep apnea လို့ခေါ်တဲ့ အိပ်ဟောက်အသက်ရှုရပ်ရောဂါဖြစ်တာ အာသီးဘေးပတ်ပတ်လည်မှာပြည်တည်နာတွေဖြစ်တာ စထရက်တိုကော့ကပ် (Streptococcus) ပိုးကြောင့်ဖြစ်တဲ့အာသီးရောင်ခြင်းဆိုပါက သေချာမကုရင် လေးဖက်နာအဖျားနဲ့ ကျောက်ကပ်ရောင်ခြင်းဖြစ်တာ စသဖြင့် ဖြစ်နိုင်ပါတယ်။

အာသီးရောင်တာဟာ သိပ်မဆိုးရင် ဆေးခန်းပြစရာမလိုဘဲ နှစ်ရက်သုံးရက်အကြာမှာ သူ့ဘာသာသူ ပျောက်သွားနိုင်ပါတယ်။ ခံစားရတဲ့ဝေဒနာတွေ သက်သာအောင် ပါရာစီတမောသောက်တာ၊ ငုံဆေးငုံတာ၊ အနားယူတာ၊ အရည်များများသောက်တာ၊ ရေနွေးငွေ့ရှုတာ၊ ဆားရည်နဲ့ ပလုပ်ကျင်းတာတွေလုပ်နိုင်ပါတယ်။

ဒါပေမယ့် အဖျားက ၁၀၃ ဒီဂရီဖာရင်ဟိုက်နဲ့အထက်ရှိတာ ကြွက်သားတွေအားနည်းသလိုခံစားရတာ ဇက်တောင့်သလိုခံစားရတာ နှစ်ရက်ကြာသော်လည်း လည်ချောင်းနာတာမပျောက်တာ အာသီးရောင်တာပျောက်ပေမယ့် ခဏခဏပြန်ပြန်ဖြစ်နေတာ အသက်ရှုရခက်တာ၊ အိပ်တဲ့အခါ အသက်ရှုရပ်သွားတာမျိုးတွေရှိခဲ့ရင်တော့ ချက်ချင်းဆေးခန်းပြသပြီးကုသမှုခံယူဖို့လိုပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေရှိမရှိပေါ်မူတည်ပါတယ်။ တချို့တွေမှာ ပိုးသတ်ဆေးတွေသောက်ရတာ၊ ထိုးရတာမျိုးတွေလိုနိုင်ပြီး တချို့တွေမှာ အာသီးဖြတ်ထုတ်ရတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ အာသီးရောင်ခြင်း ဖြစ်နိုင်ခြေနဲအောင်ကတော့ လည်ချောင်းနာ၊ ချောင်းဆိုး၊ နှာစေးဖြစ်နေတဲ့သူတွေနဲ့ တတ်နိုင်သလောက်ဝေးဝေးနေပါ။ မတတ်သာလို့ ထိတွေ့မိဖို့လိုရင်လည်း ထိတွေ့ပြီးနောက် လက်ကိုသေချာစင်ကြယ်အောင်ဆေးကြောပါ။ လူထူဖုန်ထူတဲ့နေရာတွေကို ရှောင်ပါလို့အကြံပေးချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ