အဆုတ်မှာ သွေးခဲပိတ်ခြင်း

အဆုတ်မှာ သွေးခဲပိတ်ခြင်း

အဆုတ်မှာ သွေးခဲပိတ်ခြင်းဆိုတာဟာ တကယ်တော့ အဆုတ်သွေးလွှတ်ကြော (Pulmonary artery) ထဲမှာ သွေးခဲပိတ်တဲ့အခြေအနေဖြစ်ပါတယ်။

ဒီအခြေအနေဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဆုတ်သွေးလွှတ်ကြော (Pulmonay artery) ထဲမှာ သွေးခဲပိတ်တဲ့အခါ အဆုတ်ထဲသွေးရောက်တာနည်းသွားပြီး၊ အောက်စီဂျင်ဖလှယ်တာလည်း ကောင်းကောင်းမလုပ်နိုင်တဲ့အတွက် သွေးတွင်းအောက်စီဂျင်နည်းလာကာ အဆုတ်ထိခိုက်ပျက်စီးတာ၊ တခြားကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးတာတွေ ဖြစ်လာနိုင်လို့ပါ။

ပိတ်တဲ့သွေးခဲက အရွယ်အစားကြီးရင်၊ တခဲတည်းမဟုတ်ဘဲ များတယ်ဆိုရင် အသက်သေဆုံးနိုင်ပါတယ်။

အဆုတ်သွေးလွှတ်ကြောထဲမှာ သွေးခဲပိတ်ခြင်းဟာ အဆုတ်သွေးလွှတ်ကြောကိုယ်တိုင်ထဲမှာ သွေးခဲဖြစ်တည်လာခြင်းကြောင့်မဟုတ်ဘဲ တခြားနေရာမှာဖြစ်တဲ့ သွေးခဲက ပြုတ်ထွက်လာကာ သွေးစီးဆင်းမှုလမ်းကြောင်းအတိုင်းမျောပါလာပြီး အဆုတ်သွေးလွှတ်ကြောထဲရောက်လာခြင်းကြောင့် ဖြစ်တာပါ။

အများအားဖြင့်တော့ တင်ပဆုံ၊ ခြေထောက်နေရာတွေမှာရှိတဲ့ Deep veins ခေါ် ကြွက်သားများအကြားရှိ အတွင်းပိုင်းသွေးပြန်ကြောတွေထဲမှာ သွေးခဲဖြစ်ရာမှ ထိုသွေးခဲကပြုတ်ထွက်လာကာ သွေးစီးဆင်းမှုလမ်းကြောင်းတလျှောက် မျောပါလာပြီး အဆုတ်သွေးလွှတ်ကြောထဲရောက်ကာ အဆုတ်သွေးခဲပိတ်ခြင်း ဖြစ်လေ့ရှိပါတယ်။

ခြေထောက် သို့မဟုတ် တင်ပဆုံထိခိုက်ဒဏ်ရာရတာ၊ အချိန်အကြာကြီးမလှုပ်ရှားဘဲနေတာ (ဥပမာ ခရီးရှည်သွားတာ၊ ရောဂါတခုခုကြောင့် အကြောင်းတခုခုကြောင့် အိပ်ရာထဲအချိန်အကြာကြီးလှဲနေရတာ)၊ ဟော်မုန်းဆေးတွေသောက်နေတာ၊ ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ ကင်ဆာရောဂါဖြစ်နေတာ စတဲ့အကြောင်းတွေဟာ တင်ပဆုံ၊ ခြေထောက်နေရာတွေမှာရှိတဲ့ Deep veins ခေါ် ကြွက်သားများအကြားရှိ အတွင်းပိုင်းသွေးပြန်ကြောတွေထဲမှာသွေးခဲခြင်းကို ဖြစ်စေနိုင်ပါတယ်။

အတွင်းပိုင်းသွေးပြန်ကြောထဲက သွေးခဲဟာပြုတ်ပြီး အဆုတ်မှာလာပိတ်တဲ့အခါ ခံစားရမယ့်လက္ခဏာတွေကတော့ ပိတ်တဲ့နေရာ၊ သွေးခဲအရွယ်အစားနဲ့ ပမာဏပေါ် မူတည်ပါတယ်။

အများအားဖြင့် ခံစားရတဲ့ လက္ခဏာတွေကတော့ ရုတ်တရက် သို့မဟုတ် ဖြည်းဖြည်းချင်း မောမောလာတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုကြပ်လာတာ၊ ရင်တုန်တာ၊ မူးခနဲမိုက်ခနဲ့ဖြစ်တာ၊ ဂဏှာမငြိမ်ဖြစ်သလိုခံစားရတာ၊ ရုတ်တရက်ချောင်းဆိုးပြီး သွေးစလေးတွေအနည်းငယ်ပါလာတာ စသဖြင့်ပါ။

ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ အဆုတ်မှာသွေးခဲပိတ်တာ ဟုတ်မဟုတ်သေချာအောင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။

လုပ်နိုင်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကတော့ ရင်ဘတ်ဓါတ်မှန်ရိုက်တာ (Chest X ray)၊ ကွန်ပျူတာဓါတ်မှန်ရိုက်တာ (CT scan)၊ သံလိုက်ဓါတ်မှန်ရိုက်တာ (MRI)၊ အဆုတ်သွေးကြောပုံရိပ်ဖော်စစ်တာ (Pulmonary angiography)၊ သွေးစစ်တာ (D-dimer test)
စသဖြင့် စစ်နိုင်ပါတယ်။

စမ်းသပ်စစ်ဆေးကြည့်လို့ အဆုတ်မှာသွေးခဲတွေ့တယ်ဆိုရင်တော့ အချိန်မဆွဲဘဲ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။

ကုသမှုအနေနဲ့ကတော့ သွေးခဲပိတ်တဲ့နေရာ၊ အရွယ်အစား စတဲ့အချက်တွေပေါ် မူတည်ပါတယ်။

ရောဂါအခြေအနေ သိပ်မဆိုးရင် ခွဲစိတ်စရာမလိုဘဲ သွေးခဲပျော်ဆေး၊ သွေးကျဲဆေးတွေနဲ့တင် သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် သွေးခဲပျော်ဆေး၊ သွေးကျဲဆေးတွေက သွေးမတိတ်တာ၊ သွေးယိုတာစတဲ့အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် ဆေးရုံတက်ဖို့တော့ လိုနိုင်ပါတယ်။

ရောဂါအခြေအနေ ဆိုးရင်တော့ ခွဲစိတ်ကုသနည်းကိုသုံးပြီး သွေးခဲကိုဖယ်ထုတ်ရနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ အဆုတ်မှာသွေးခဲပိတ်ခြင်း ဖြစ်နိုင်ခြေလျော့နည်းအောင် အထိုင်မများပါစေနဲ့။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ခရီးရှည်သွားရတဲ့အခါမျိုးမှာ ခြေထောက်ကို အတင်အချ အကွေးအဆန့် မကြာမကြာလုပ်ပေးပါ။ ဆေးလိပ်ဖြတ်ပါလို့ အကြံပြုတင်ပြချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ