ပခုံးခဲခြင်း သို့မဟုတ် ပခုံးကပ်ခြင်း

ပခုံးခဲခြင်း သို့မဟုတ် ပခုံးကပ်ခြင်း

ပခုံးခဲတယ်၊ ပခုံးကယ်တယ်ဆိုတာဟာ ပခုံးအဆစ်နေရာမှာ လေးလေးကြီးနဲ့ တင်းကျပ်ကြီးဖြစ်ကာ နာကျင်မှုကို ခံစားရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပခုံးအဆစ်နေရာမှာ လက်မောင်းရိုး၊ လက်ပြင်ရိုးနဲ့ ညှပ်ရိုးတွေဟာ လာဆုံနေပါတယ်။ ထိုအရိုးသုံးခုဆုံတဲ့နေရာကို တွယ်ဆက်တစ်သျှူးတွေက Capsule အခွံသဖွယ် ရစ်အုပ်ထားပါတယ်။

အကြောင်းကြောင်းကြောင့် Capsule အခွံသဖွယ် ရစ်အုပ်ထားတဲ့ တွယ်ဆက်တစ်သျှူးတွေ ထူလာတဲ့အခါမှာ နေရာကြပ်လာပြီး ပခုံးအဆစ်မှာ တင်းကျပ်နာကျင်လာကာ လှုပ်ရှားရခက်လာပါတယ်။

ဒီလိုဖြစ်တာကို ပခုံးခဲတယ်၊ ကပ်တယ်လို့ခေါ်ပါတယ်။

ဆေးပညာအရတော့ Frozen Shoulder သို့မဟုတ် Adhesive Capsulitis လို့ခေါ်ပါတယ်။

ဘာကြောင့် Capsule အခွံသဖွယ် ရစ်အုပ်ထားတဲ့ တွယ်ဆက်တစ်သျှူးတွေ ထူလာပြီး ပခုံးကပ်တာ၊ ပခုံးခဲတာဖြစ်လဲဆိုတဲ့ တိကျသေချာတဲ့အကြောင်းရင်းကိုတော့ ခုထိမသိသေးပါ။

သို့သော် ပခုံးကပ်ခြင်း၊ ပခုံးခဲခြင်းဟာ

– အသက်၄၀ကျော်အရွယ်တွေ

– အမျိုးသမီးတွေ

– အကြောင်းတခုခုကြောင့်အချိန်အတော်ကြာ လက်မလှုပ်ရှားနိုင်တဲ့သူတွေ

( ဥပမာ- လေဖြတ်ထားလို့ လက်မလှုပ်နိုင်တာ၊ ရင်ဘတ်ခွဲစိတ်ထားလို့ မလှုပ်နိုင်တာ၊ လက်မောင်းရိုးကျိုးထားလို့ မလှုပ်နိုင်တာ စသဖြင့်ပါ )

– ဆီးချို၊ သွေးတိုးရောဂါအခံရှိတဲ့သူတွေ

– တီဘီရောဂါ၊ ပါကင်ဆန်ရောဂါအခံရှိတဲ့သူတွေ

သိုင်းရွက်ဟော်မုန်းနည်းခြင်း၊ များခြင်း ပြဿနာရှိတဲ့သူတွေမှာဆိုရင် ပိုဖြစ်နိုင်ခြေများတယ်လို့ သုတေသနလေ့လာချက်တွေအရ သိရပါတယ်။

ဘယ်ပခုံး၊ ညာပခုံး နှစ်ဖက်စလုံးမှာဖြစ်နိုင်ပြီး နှစ်ဖက်လုံးတပြိုင်တည်းဖြစ်တာကတော့ ရှားပါတယ်။

Frozen Shoulder ခေါ် ပခုံးခဲခြင်း၊ ပခုံကပ်ခြင်းရောဂါဟာ freezing stage, frozen stage, thawing stage ဆိုပြီး အဆင့်၃ဆင့်ရှိပါတယ်။

စစချင်းအဆင့်ဖြစ်တဲ့ Freezing stage မှာ နာကျင်မှုကိုစတင်ခံစားရပြီး ပခုံးအဆစ်လှုပ်ရှားရတာလည်းတင်းကြပ်ကြီးတောင့်တင်းသလိုခံစားရပါမယ်။ ခေါင်းဖြီးတာ၊ နောက်ကျောကုတ်တာ၊ အမျိုးသမီးတွေမှာဆိုရင် နောက်အကျီကြယ်သီးတပ်တာ၊ အတွင်းခံအကျီချိတ်တပ်တာ စတဲ့ လက်နောက်ပြန်လှုပ်ရှားမှုတွေလုပ်ရာမှာ ခက်ခဲနိုင်ပါတယ်။

နာကျင်မှုဟာ တဖြည်းဖြည်းနဲ့ပိုဆိုးလာပြီး အထူးသဖြင့် ညမှာ ပိုနာတတ်ပါတယ်။

ဒီလိုတွေဖြစ်တာဟာ ၆ လ ကနေ ၉လထိကြာတတ်ပါတယ်။

အဲ့နောက်မှာတော့ ဒုတိယအဆင့်ဖြစ်တဲ့ Frozen Stage ရောက်သွားပြီး နာကျင်မှုကလျော့ပါးသက်သာလာပါတယ်။ Frozen stage မှာ နာကျင်မှုကသက်သာလာပေမယ့် ပခုံးအဆစ်တင်းကြပ် တောင့်တင်းနေတာကတော့ ပိုဆိုးလာပါတယ်။

ပခုံးအဆစ်တင်းကြပ်တောင့်တင်းတာ ပိုဆိုးလာတဲ့အတွက် ပခုံးကလှုပ်ရှားရ ပိုခက်လာပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေတောင် မလုပ်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒီလိုဖြစ်တာဟာ ၄ လမှ တနှစ်အထိကြာတတ်ပါတယ်။

အဲ့နောက်မှာတော့ တတိယအဆင့်ဖြစ်တဲ့ Thawing stage ကိုရောက်ရှိသွားပြီး ပခုံးအဆစ်တင်းကြပ်တောင့်တင်းတာ လျော့ပါးသက်သာသွားကာ ပခုံးအဆစ်လှုပ်ရှားမှုတွေပြန်လည်စတင်ပြီး ဖြည်းဖြည်းချင်း လှုပ်ရှားနိုင်လာပါတယ်။ အပြည့်အဝလှုပ်ရှားနိုင်ဖို့ဆိုရင်တော့ တနှစ်လောက်အချိန်ကြာတတ်ပါတယ်။

အကြမ်းဖြင်းခြုံပြောရရင် ပခုံးခဲခြင်း၊ ကပ်ခြင်းဟာ ဖြစ်စကနေ အချိန်တခုကြာရင် သူ့ဘာသာသူ သက်သာပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာဖြစ်ပါတယ်။ သို့သော် တချို့တဝက်လောက်မှာ အချိန်ကြာပေမယ့် မပျောက်တာ၊ တချို့မှာ ပျောက်ကင်းသက်သာသွားပေမယ့် လှုပ်ရှားရတာ ပုံမှန်လောက်မကောင်းတာ၊ တချို့မှာကျ လက်ကောင်းကောင်းမမြှောက်နိုင်တာ မျိုးတွေလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် အကောင်းဆုံးကတော့ ပခုံးအဆစ်နာကျင်ပြီး လှုပ်ရှားခက်တာကို ခံစားရပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကာ ကုသမှုခံယူတာ အကောင်းဆုံးပါ။

စစ်ဆေးမှုတွေအနေနဲ့ကတော့ ဓါတ်မှန်ရိုက်တာ၊ အာထရာဆောင်းရိုက်တာ၊ သံလိုက်ဓါတ်မှန်ရိုက်တာ စသဖြင့်လုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီး အကိုက်အခဲပျောက်ဆေးတွေသောက်ရတာ၊ ထိုးရတာ၊ Physiotherapy ခေါ် လေ့ကျင့်ခန်းကုထုံးလုပ်ရတာ၊ ခွဲစိတ်ကုရတာ စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ