အသားပိုနဲ့ ကင်ဆာဆက်စပ်မှုရှိသလား

အသားပိုနဲ့ ကင်ဆာဆက်စပ်မှုရှိသလား

အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးများနှင့် အသက်အရွယ်ကြီးသူများ မည်သူမဆို ဖြစ်ပွားနိုင်သည့် အရေပြားဆိုင်ရာ ပြဿနာတခုမှာ အသားပိုခေါ် အသားသီးများဖြစ်သည်။ စဖြစ်စတွင် တခုတည်းဖြစ်နိုင်သော်လည်း နောက်ပိုင်းတွင် ပိုပို၍ များလာတတ်သည့် အရေပြားပြဿနာတခုလည်းဖြစ်သည်။

အချို့သောသူများတွင် အသားသီးများ ဖြစ်ပွားခံစားရလျှင် ကင်ဆာကဲ့သို့သော ရောဂါများ၏ ရှေ့ပြေးလက္ခဏာများဟု ထင်မိတတ်ကြပြီး ဆေးရုံ၊ ဆေးခန်းများသို့ ရောက်လာတတ်ကြသည်။ သို့ဖြစ်၍ အရွယ်ရောက်ပြီးသူတိုင်း သိထားသင့်သည့် အရေပြားပေါ်တွင် အချိန်မရွေး ဖြစ်ပွားလာနိုင်ပြီး ပျောက်ကင်းရန် ခက်ခဲသည့် အသားသီးများနှင့်ပတ်သတ်သော သိသင့်သိထိုက်သည်များ ဖော်ပြလိုသည်။

ကင်ဆာရောဂါမဟုတ်ပါ

သာမန်အားဖြင့် အသားသီးများမှာ ကင်ဆာရောဂါကြောင့် ဖြစ်ရခြင်းမဟုတ်သည့် အရေပြားပေါ်မှ အသားပိုလေးများသာဖြစ်သည်။ လက်ဖြင့်ထိကြည့်လျှင် ပျော့သော အနေအထားရှိ၍ အရေပြားအပေါ်တွင် အညှာပါသည့် အသီးငယ်လေးများ တွယ်ကပ်နေသကဲ့သို့ တွယ်လျက်ရှိသည်။ အသားသီးတလုံးတည်း ခံစားရနေခြင်းရှိသလို အရေအတွက်များသော အသားသီးများ ဖြစ်ပွားနေခြင်းမျိုးလည်းရှိပြီး ပုံဏ္ဍာန်အားဖြင့် လုံးဝိုင်းသော အသားသီးများရှိသလို ရှုံ့တွနေသည့် ပုံစံမျိုးဖြင့် အသားသီး များလည်း ရှိနေနိုင်သည်။ အရောင်မှာလည်း အများအားဖြင့် သာမန်အရေပြားအရောင်အတိုင်း ဖြစ်နေနိုင်သော်လည်း ၎င်းကိုထိခိုက်မိလျှင် (သို့မဟုတ်) အချိန်ကြာမြင့်စွာ ဖြစ်ပွားခံစား နေရသူများတွင် အညိုရောင်သန်းနေခြင်း (သို့) သာမန်ထက်ပို၍ အရောင်ရင့်ခြင်းများ ဖြစ်နေနိုင်သည်။

မည်သူမဆို ဖြစ်ပွားနိုင်သည်

အမျိုးသား၊ အမျိုးသမီး မည်သူမဆို ဖြစ်ပွားနိုင်သည့် အရေပြားပြဿနာတမျိုးဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူများတွင် ပိုမိုဖြစ်ပွားနိုင်သည်။ အသက်အရွယ် ငယ်ရွယ်သူများတွင်လည်း ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် အဝလွန်နေသူများနှင့် မိဘမျိုးရိုးအတွင်း အလားတူ အသားသီးများဖြစ်ဖူးသူများတွင် အသက်ငယ်ငယ်နှင့် ဖြစ်ပွားနိုင်ချေရှိသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်လည်း ကိုယ်ဝန်ဆောင်ကာလတွင် စတင်ဖြစ်ပွားနိုင်ပြီး မွေးဖွားပြီးနောက်ပိုင်း ပျောက်ကင်း သက်သာသွားခြင်းမျိုးလည်း ရှိသည်။

မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သည်

ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ပြီး အရေပြား အတွန့်အခေါက်များသည့် နေရာများတွင် ပိုမိုဖြစ်ပွား ခံစားရနိုင်သည်။ အထူးသဖြင့် လည်ပင်းပတ်လည်နှင့် ဇက်ပိုးအနောက်ဘက်နေရာများ၊ ချိုင်းကြား၊ ပေါင်ခြံနှင့် အမျိုးသမီးများတွင် ရင်သားအောက်ဘက် နေရာများတွင် အများဆုံး ဖြစ်ပွားကြလေ့ရှိသည်။ အချို့သော သူများတွင် မျက်နှာပေါ်နှင့် မျက်ခွံများပေါ်တွင်ပါ ဖြစ်ပွားနိုင်ပြီး ကြည့်ရဆိုးခြင်းနှင့် အလွန်နေရခတ်သည့် လက္ခဏာများပါ ခံစားရနိုင်သည်။

ကူးစက်နိုင်ခြင်းမရှိပါ

အသက်ကြီးလာခြင်း၊ မျိုးရိုးလိုက်ခြင်း၊ အဝလွန်ခြင်းနှင့် ဆီးချိုရောဂါရှင်များတွင် အသားသီးများ ဖြစ်ပွားနိုင်ပြီး တနေရာမှ တနေရာသို့ (သို့မဟုတ်) လူတဦးမှ တဦးထံသို့ ကူးစက်နိုင်ခြင်းမရှိပါ။ စဖြစ်စတွင် တလုံးတည်း (သို့မဟုတ်) အရေအတွက် အနည်းငယ်သာဖြစ်ပွားခြင်းဖြစ်သော်လည်း အထက်ဖော်ပြပါ အကြောင်းအရာများ ရှိနေလျှင် တဖြည်းဖြည်းများလာနိုင်သည်။

အသားသီးတွေဖြစ်လာရင် ဘာလုပ်ရမလဲ

အသားသီးလေးများ၏ အထဲတွင် သွေးများ၊ အာရုံကြောအမျှင်ကလေးများနှင့် အဆီများနှင့် ဖွဲ့စည်းထားသဖြင့် ထိခိုက်မိရုံနှင့် အလွန်နာကျင်မှုကို ခံစားရနိုင်ပြီး အသားသီးများ ပြတ်ထွက်သွားလျှင်လည်း သွေးယိုစီးမှုကို အချိန်အတော်ကြာ ခံစားရနိုင်သဖြင့် ထိခိုက်မှု လျော့နည်းစေရန် ဂရုပြုကြရန်လိုသည်။ အသားသီးများ ဖြစ်ပွားသူ အများစုသည် စဖြစ်စတွင် အစိုးရိမ်လွန်တတ်ကြသလို အလျင်အမြန် ပျောက်ကင်း လိုတတ်ကြသော်လည်း နောက်ဆက်တွဲ ပြဿနာမရှိခြင်းနှင့် အချိန် ကြာလာသည်နှင့် အမျှ သူ့အလိုလို ရှုံ့သွားခြင်းမျိုးနှင့် ပြတ်ထွက်သွားခြင်းမျိုးများ ရှိသဖြင့် အရေးပေါ် ကုသမှုခံယူရန် မလိုအပ်လှပေ။

သို့ရာတွင်လည်း အောက်ဖော်ပြပါ အခြေအနေများ ဖြစ်သည့်
– အသားပိုများမှ ထိလိုက်တိုင်း နာကျင်နေခြင်း၊ သွေးထွက်နေခြင်း၊
– မျက်နှာ (သို့) အခြားလူမြင်သော နေရာတွင် ဖြစ်နေပြီး အလွန်ကြည့်ရဆိုးနေခြင်း
– အရေအတွက် အလွန်များပြီး မိမိကိုယ်မိမိ ယုံကြည်မှု အားနည်းနေခြင်း
– မျက်ခွံများပေါ်တွင် ဖြစ်နေပြီး နေရထိုင်ရခတ်ခဲခြင်း စသည့် အခြေအနေများတွင် နီးစပ်ရာဆရာဝန် (သို့) အရေပြားဆရာဝန်နှင့်တိုင်ပင်ပြသပြီး ဖယ်ရှားပစ်နိုင်သည်။

အသားသီးများကို ဖယ်ရှားပြီးသူများတွင်လည်း အချိန်မရွေး ပြန်ဖြစ်နိုင်ကြောင်း သိရှိထားရန်လိုသလို ကိုယ်အလေးချိန်များသူများ ကိုယ်အလေးချိန် လျော့ချခြင်းနှင့်၊ ဆီးချိုရောဂါရှင်များအနေနှင့်လည်း ဆီးချိုတက်မလာစေရန် သောက်ဆေး ထိုးဆေး များဖြင့် ထိန်းညှိခြင်းဖြင့် နောက်ထပ်ဖြစ်မလာစေရန် ကာကွယ်ထားနိုင်သည်။

မိမိကိုယ်တိုင် ဖယ်ရှားခြင်းမပြုသင့်

အရပ်ထဲတွင် ပြောနေကြသည့် မိမိကိုယ်တိုင်လုပ်ဆောင်နိုင်သော အသားသီးများ ဖယ်ရှားသည့်နည်းလမ်းများ ဖြစ်သည့် အပ်ချည်ကြိုးဖြင့်ချည်၍ ဖြတ်ခြင်း၊ သဘာဝ အဆီများ/ပရုတ်ဆီများဖြင့်ပွတ်ပေးခြင်း၊ အက်ဆစ် ဓာတ်ပါသည့်ရှာလကာရည်များဖြင့် ပွတ်လိမ်းပေးခြင်း၊ သံပုရာသီးနှင့်ပွတ်ခြင်း ကြက်သွန်ဥ (ဖြူ/နီ)များဖြင့်ပွတ်ပေးခြင်း စသည်ဖြင့် နည်းလမ်းများ များစွာရှိသော်လည်း အမှန်တကယ်အားဖြင့် ပျောက်ကင်း သက်သာသွားသည်က ရှားသည်။

အချို့သူများတွင်လည်း မိမိသဘောဖြင့်မိမိ ဆွဲဖြုတ်ခြင်း၊ ဓားဖြင့်ဖြတ်ခြင်းများ ပြုလုပ်တတ်ကြပြီး နောက်ဆက်တွဲအားဖြင့် သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ အနာ ပိုးဝင်ခြင်းနှင့် အမာရွတ်များကျန်ခဲ့ခြင်းသာ အများဆုံးခံစားရနိုင်ပြီး အရှင်း ပျောက်ကင်း ရန် ခက်ခဲသဖြင့် မိမိသဘောဖြင့်မိမိ ဖယ်ရှားပစ်ခြင်းမျိုး ရှောင်ကျဉ်သင့်သည်။

အသားသီးများကြောင့်ဖြစ်သော စိုးရိမ်ပူပန်မှု လျော့နည်းနိုင်ကြပါစေ။

Dr. Tint Tal

ဆက်စပ် ဆောင်းပါးများ