အမြန်ဆုံးကုသမှုခံယူဖို့လိုတဲ့  “အူ” တီဘီ 

 

အမြန်ဆုံးကုသမှုခံယူဖို့လိုတဲ့  “အူ” တီဘီ

တီဘီရောဂါဆိုရင် အချို့က အဆုတ်မှာပဲဖြစ်တယ်လို့ထင်တတ်ကြပါတယ်။တကယ်တော့ တီဘီရောဂါက အဆုတ်မှာအပြင် အရိုး၊အူ စတဲ့ ခန္ဓာကိုယ်နေရာအနှံ့အပြားမှာဖြစ်နိုင်ပါတယ်။

ဒီတပတ်မှာတော့ အူမှာဖြစ်တဲ့တီဘီရောဂါအကြောင်းရေးသားတင်ပြချင်ပါတယ်။

အူတီဘီကို ဆေးပညာအရ TB intestine လို့ခေါ်ပါတယ်။

အူတီဘီဖြစ်ရတဲ့အကြောင်းရင်းတွေအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

တီဘီရောဂါပိုးရှိတဲ့နွားရဲ့အသား၊နို့ သို့မဟုတ်  နို့ကနေရတဲ့ထောပတ်တွေကို သေချာမချက်ပြုတ်ဘဲ စားမိသောက်မိရာမှတဆင့် အူလမ်းကြောင်းထဲတီဘီပိုးတိုက်ရိုက်ဝင်ရောက်ပြီး အူတီဘီဖြစ်တာလည်းရှိသလို

ခန္ဓာကိုယ်တနေရာရာမှာတီဘီဖြစ်နေပြီး(ဥပမာအဆုတ်မှာတီဘီဖြစ်တာ၊ပြန်ရည်အကျိတ်တွေမှာတီဘီဖြစ်တာ)အဲ့ကနေ အူဆီတီဘီပိုးပြန့်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါ့အပြင် အဆုတ်တီဘီရောဂါဖြစ်ပြီး မိမိသလိပ်ထဲမှာလည်း တီဘီပိုးရှိကာ ထိုသလိပ်ကိုအကြောင်းအမျိုးမျိုးကြောင့် ထွေးမထုတ်မိဘဲ မျိုချမိရာကနေလည်းအူတီဘီဖြစ်နိုင်ပါတယ်။

အူတီဘီဟာ အူသိမ်အဆုံးပိုင်းနဲ့အူမကြီးအစပိုင်း(Ileo-caecum)နေရာမှာ ဖြစ်လေ့ရှိတတ်ပါတယ်။

အေအိုင်ဒီအက်စ်ရှိတဲ့သူတွေ၊ဆီးချိုရောဂါအခံရှိသူတွေ၊အကြောင်းအမျိုးမျိုးကြောင့်ကိုယ်ခံအားကျနေတဲ့သူတွေမှာဆိုရင် အူတီဘီဖြစ်နိုင်ခြေပိုများပါတယ်။

အူတီဘီရဲ့လက္ခဏာတွေကတော့

အဆုတ်တီဘီမှာဖြစ်သလိုပဲ အဖျားငွေ့ငွေ့နဲ့ညနေညနေအဖျားတက်တာ၊နှစ်ပတ်ကျော်အောင်ဖျားတာ၊ညဘက်ချွေးအလွန်အကျွံ့ထွက်တာ၊ချောင်းဆိုးသလိပ်ထွက်တာ၊နုံးတာ၊အစားအသောက်ပျက်တာ၊ပြန်ရည်အကျိတ်တွေကြီးလာတာတွေဖြစ်နိုင်ပါတယ်။

ဒါတွေအပြင် အူတီဘီမှာထပ်ဖြစ်နိုင်တာတွေကတော့ ဗိုက်ညာဘက်အခြမ်းအောက်နားမှာ မကြာခဏအောင့်တာ၊နာတာ၊ဝမ်းခဏခဏလျှောတာ သို့မဟုတ် ဝမ်းခဏခဏချုပ်တာ၊ဝမ်းထဲသွေးပါတာ၊ဗိုက်မှာအလုံးအကျိတ်ဖြစ်တာတွေဖြစ်နိုင်ပါတယ်။

ဒီလိုတွေဖြစ်ပြီဆိုရင် စောစီးစွာဆရာဝန်နဲ့ပြသပြီး အူတီဘီဟုတ်မဟုတ်စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

လုပ်နိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သလိပ်စစ်တာ၊သွေးစစ်တာ၊ဝမ်းစစ်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ဝမ်းဗိုက်ပိုင်းဓါတ်မှန်ရိုက်တာ၊Barium meal follow through ခေါ်ဆေးဓါတ်မှန်ရိုက်တာ၊စီတီရိုက်တာ၊မှန်ပြောင်းကြည့်ပြီးအသားစယူတာ စသဖြင့်ပါ။

ဒီလိုတွေစစ်ကြည့်လို့ အူတီဘီလို့ယူဆရရင်တော့ ကုသမှုအမြန်ဆုံးခံယူဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ အူတီဘီရောဂါက နောက်ဆက်တွဲအနေနဲ့ အူမှာအနာဖြစ်ရာကနေ အူပိတ်တာ၊အူပေါက်တာတွေဖြစ်နိုင်လို့ပါ။

အဲ့လိုတွေဖြစ်လာရင် ဗိုက်အရမ်းနာတာ၊အရမ်းအန်တာတွေဖြစ်ပြီး အရေးပေါ်အခြေအနေဖြစ်သွားကာ အသက်ဆုံးရှုံးရသည်အထိဖြစ်သွားနိုင်ပါတယ်။

အူတီဘီရဲ့ကုသမှုအနေနဲ့ကတော့ အူပိတ်တာ၊အူပေါက်တာ စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေမရှိတဲ့ အစောပိုင်းအဆင့်မှာဆိုရင် တီဘီဆေးကို တနှစ်လောက်သောက်ရပါမယ်။

အူပိတ်တာ၊အူပေါက်တာမျိုးရှိခဲ့ရင်တော့ ခွဲစိတ်ပြီး အူကိုပြုပြင်မှုတွေပါလုပ်ဖို့လိုပါတယ်။ခွဲစိတ်ပြုပြင်ပြီးတဲ့အခါမှာလည်း တီဘီဆေးကို တနှစ်လောက်သောက်ဖို့လိုပါတယ်။

တီဘီဆေးသောက်နေတဲ့အချိန်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းအနားယူဖို့လည်းလိုပါတယ်။

အူတီဘီရောဂါဖြစ်နိုင်ခြေနည်းအောင်ကတော့ နွားနို့သောက်တဲ့အခါ သန့်ရှင်းလတ်ဆတ်တဲ့နွားနို့ကိုဝယ်ပြီး သေချာကျိုချက်သောက်ပါ။အမဲသားစားရင်လည်းသန့်ရှင်းလတ်ဆတ်တဲ့အမဲသားကိုဝယ်ပြီး သေချာကျက်အောင်ချက်ပါ။

အဆုတ်တီဘီဖြစ်ပြီးသလိပ်ထဲမှာရောဂါပိုးရှိသူများအနေနဲ့ဆိုရင်လည်း မိမိသလိပ်ကို ဘယ်လိုအကြောင်းကြောင့်နဲ့မှဖြစ်ဖြစ် မျိုမချမိအောင်ဂရုစိုက်ပြီး အတတ်နိုင်ဆုံးထွေးထုတ်ပါလို့ အကြံပေးချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ