လေဖြတ်ခါနီးလက္ခဏာများ  နှင့်  လေဖြတ်ကာကွယ်ဆေး ရှိ၊မရှိ

လေဖြတ်ခါနီးလက္ခဏာများ  နှင့်  လေဖြတ်ကာကွယ်ဆေး ရှိ၊မရှိ

မောင်ဒေါက်တာတစ်ယောက် ဆေးခန်းထဲရှိ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း လက်ကိုင်ဖုန်းကို အပျင်းပြေ ပွတ်ရန်ကြံရွယ်လျက်ရှိစဉ် ဒေါ်လူနာ၏ အလန့်တကြားလှမ်းခေါ်သံကို ကြားလိုက်ရလေ၏။

‘ဆရာ. . .ဆရာရေ. . . လုပ်ပါဦး၊ ဒီမှာ ကျွန်မတော့ လေဖြတ်ပြီ ထင်တယ်”

မောင်ဒေါက်တာလည်း လန့်ဖြန့်သွားပြီး လှမ်းကြည့်လိုက်တော့ လေဖြတ်ပြီဟုသာဆိုသည် ဒေါ်လူနာမှာ သွက်သွက်လက်လက် လမ်းလျှောက်လာပြီး စကားကလည်း ပီပီသသ ပြောနေခြင်း ဖြစ်သည်ကို တွေ့ရ၏။။

‘နေပါဦး ဒေါ်ဒေါ်ရဲ့ အခုက ဘာဖြစ်လို့ လေဖြတ်တယ်လို့ ထင်ရတာလဲ”

ဒေါ်လူနာမှာ ဆေးခန်းထဲသို့ ပြောပြောဆိုဆို ဝင်ချလာပြီး လူနာကုတင်ပေါ်လှမ်းတက်လိုက်ကာ . . .

‘ဒီမှာလေ ဆရာရဲ့ ကျွန်မ လက်နှစ်ဖက်စလုံး ထုံကျင်လာပြီး ခြေတွေလက်တွေ မသယ်ချင်ဘဲ ဖြစ်လာတာ။ မနက်ကစောစောစီးစီး ခေါင်းလျှော်လိုက်တာလေ ဆရာ။ ပြီးတော့ နေ့လည်ကလည်း အုန်းနို့်ခေါက်ဆွဲတွေစားမိလိုက်သေးတယ် ဆရာ။ ဒုက္ခပါပဲ လုပ်ပါဦး ဆရာရယ်’

‘ဟုတ်ပါပြီ ကဲ. . သွားလေးတွေ စိကြည့်ပါဦး ဒေါ်ဒေါ်’

ဒေါ်လူနာလည်း ကြောင်တောင်တောင်ဖြစ်သွားပြီး နှုတ်ခမ်းတွေကိုဟကာ သွားတွေကိုစိလိုက်၏။ မောင်ဒေါက်တာကတော့ ခေါင်းလေးတညိတ်ညိတ်လုပ်ပြီး…

‘ရပါပြီ ဒေါ်ဒေါ်။ ပြီးရင် လက်နှစ်ဖက်ကို ရှေ့ကို တည့်တည့်ဆန့်ထုတ်ကြည့်ပါဦး’

ဒေါ်လူနာ လည်း ခိုင်းသည့်အတိုင်း လုပ်လေ၏။

‘ဒေါ်ဒေါ် စကားပြောရတာကော လေးလာသလို၊ မပီမသဖြစ်ချင်သလို ဖြစ်သေးလား”

ဒေါ်လူနာက ခေါင်းခါ ပြလေသည်။

‘အိုကေ ရပြီ။ ဒါဆို. .  စိတ်ချ အန်တီက လေဖြတ်တာမဟုတ်ဘူး။ တစ်ခြား အကြောင်းအရင်းကြောင့်ပဲ ထုံကျင်လာတာ’

‘ဟင် ဟုတ်ရဲ့လား ဆရာ ရယ်။ ကျွန်မ အသိ တစ်ယောက်ဆို ဒီလိုမျိုးဖြစ်ပြီး နောက်မကြာခင် လေဖြတ်သွားဖူးတယ် ဆရာရဲ့’

မောင်ဒေါက်တာလည်း မခန့်ပြုံးလေး ပြုံးပြလိုက်ပြီး. .

‘ကဲ ပိုသေချာအောင် ကျွန်တော် ထပ်စစ်ဆေးပေးမယ်’ ဟုဆိုကာ သွေးပေါင်ချိန်တိုင်း၊ လက်ချောင်းထိပ်ကနေဆီးချိုဓါတ်ကို စစ်ဆေးပြီး၊ လူနာ၏အာရုံကြောစနစ်ကို အပြည့်အ၀ စစ်ဆေးစမ်းသပ်ပေးလိုက်သည်။ ထို့နောက်…

‘ကဲ တွေ့တယ်မဟုတ်လား ဒေါ်ဒေါ်…ဒေါ်ဒေါ့်ရဲ့ ခြေတွေလက်တွေက အားအပြည့်ပဲ အကောင်းပဲ။ ဦးခေါင်းလည်း ကြည်လင်ပြီး သွေးပေါင်တွေဘာတွေလည်း ပုံမှန်ပဲ။ ပုံမမှန်တာက တစ်ခုပဲ။ ဆီးချိုဓါတ်တက်နေတာ။ အဲဒါကြောင့် ခြေလက်ထုံကျင်တာ ဖြစ်နေတာ”

‘သြော်. . ဟုတ်တယ် ဟုတ်တယ်။ ဆီးချိုဆေးက အခုတစ်လော မသောက်ဖြစ်ဘူး ဖြစ်နေတာ။ အဲဒါကြောင့်နေမှာပေါ့နော်။ အမယ်လေး တော်ပါသေးရဲ့။ ကျေးဇူးတင်လိုက်တာ ဆရာရယ်။ တစ်ချို့ဆိုရင် အခုလိုဖြစ်ရင် လေဖြတ်ကာကွယ်ဆေးတွေ ဘာတွေ ထိုးရတယ်ကြားဖူးလို့ပါ’

‘အင်း ပြောရမယ်ဆိုရင် လေဖြတ်ကာကွယ်ဆေးဆိုတာလည်း အခုထိ တကယ်မရှိသေးဘူးဗျ။ ကျွန်တော်တို့က လေဖြတ်ခါနီးလူတွေကို စောစောစီးစီး သိအောင်လုပ်ပြီး အချိန်မီ မြန်မြန်ကုသမှုပေးနိုင်အောင်သာ ကြိုးစားရတာ။ အဲဒါမှ လေဖြတ်တာနဲ့၊ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်လျော့ချနိုင်တာလေ။ အဲဒါကြောင့်မို့ ခုနက ဒေါ်ဒေါ်ကို ကျွန်တော် လုပ်ခိုင်းလိုက်တာလေးတွေလေ မှတ်မိတယ်မဟုတ်လား။ အဲဒါ လူနာတစ်ယောက် လေစဖြတ်တာ ဟုတ်မဟုတ် စမ်းလို့ရတဲ့နည်းဗျ။ အဲဒါသိထားရင် လေဖြတ်ပြီဆိုရင်တောင် အချိန်မီဆေးသွင်းကုသတာတို့ဘာတို့ ခံယူလို့ရတယ်ဗျ’

‘ဟာ အဲဒါဆို ကျွန်မတို့လည်း မှတ်ထားလို့ရအောင် တစ်ခေါက်လောက် သေချာပြန်ပြောပြလို့ရမလားဆရာ’

‘ရပါတယ် ကိုယ်နဲ့ကိုယ့်အနီးအနားက လူတွေကိုလည်း ဒီလက္ခဏာတွေ တွေ့ပြီဆိုရင် အမြန်ဆုံး ဆေးကုသမှုသွားခံယူဖို့ ပြောလိုက်ပါ။ အဲဒီလက္ခဏာတွေက အင်္ဂလိပ်လိုဆိုရင် FAST protocol လို့ ခေါ်တယ်။ ဒါတွေတွေ့ရင် အမြန်အလုပ်လုပ်ရမယ်လို့ ဆိုလိုတာပဲ။ အဲဒါကိုပဲ အတိုကောက်အနေနဲ့ FAST တစ်လုံးချင်းစီပြန်ခွဲပြီးမှတ်လိုက်လို့ရတယ်။ ရှုပ်သွားပြီ ထင်တယ်။ ကျွန်တော်တစ်ခုချင်းစီ ချရေးပြမယ် ဒီမှာကြည့်. . .

F=Face (မျက်နှာရွဲ့မရွဲ့ကြည့်ခြင်း)

A=Arm (လက်မြှောက်နိုင်မမြှောက်နိုင်ကြည့်ခြင်း)

S=Speech (စကားပြောလေးခြင်း၊ မပီမသဖြစ်ခြင်းရှိမရှိကြည့်ခြင်း)

T=Timing (အချိန်မီမြန်မြန်ဆန်ဆန်ကုသမှုခံယူခြင်း) သို့မဟုတ် Time to call (အချိန်မီလူနာတင်ယာဉ်ကို ဖုန်ဆက်ခေါ်ရန်)ဆိုပြီး မှတ်ထားလို့ရတယ်။ ူအချိန်မီဆိုတာ ယေဘုယျအားဖြင့် အဲဒီလက္ခဏာစပြပြီးပြီးချင်း (၃) နာရီအတွင်း ဆေးကုသမှုခံယူူရမယ်ဖို့လိုတယ်လို့ ဆိုတယ်ဗျ။ မရှင်းသေးရင် ကျွန်တော့်မှာ ပုံလေးရှိတယ် (အောက်ဆုံးပုံကို ကြည့်ကြည့်ပါ)

. .ကဲ အခုလောက်ဆို မှတ်မိပြီလား ဒေါ်ဒေါ်။ ဘာမေးချင်သေးလဲ။’

‘ရှင်းပါပြီ ဆရာ။ လက်စသတ်တော့ ဆရာ ခုနက ကျွန်မကို စစချင်းစမ်းသပ်တာကလည်း ဒီလက္ခဏာတွေရှိမရှိ ကြည့်လိုက်တာကိုး။ ကျွန်မဖြင့် ဆရာ့ကို နတ်မျက်စိရှိလို့ ချက်ချင်းပဲတန်းပြီး မဟုတ်မှန်းပြောနိုင်တာလားလို့တောင် ထင်သွားတာ။ ဒါနဲ့ ကျွန်မတို့က အင်္ဂလိပ်လို ညံ့တော့ မြန်မာလို မှတ်နည်းလေးများ ရှိရင် ပြောပြပါဦးလား တစ်လက်စတည်း..’

မောင်ဒေါက်တာလည်း ခေါင်းကုတ်ရလေတော့သည်။

‘အဲဒါတော့ ကျွန်တော်လည်း သိပ်မပြောတတ်ဘူးဗျ။ မြန်မာလို တရားဝင်ထုတ်ထားတာလည်း မရှိဘူးဆိုတော့. . .။ အင်း မှတ်ချင်ရင်တော့ ဒီလက္ခဏာတွေ တွေ့ရင် ဆေးရုံကို “မြန်မြန်ကားမောင်းသွား” လို့သာ မှတ်ထားလိုက်တော့။

မြန်မြန်=အချိန်မီမြန်မြန်ကုရမယ်

ကား=စကားပြောတာလေးလာရင်

မောင်း=လက်မောင်းတွေမမြှောက်နိုင်ဘူးဆိုရင်

သွား=သွားစိကြည့်တဲ့အခါ မျက်နှာရွဲ့လာပြီ ဆိုရင်

. . .ကဲ အဲဒီလိုမှတ်ရင် ဘယ့်နှယ့်နေလဲ။’

ဒေါ်လူနာမှာ မောင်ဒေါက်တာ၏ အတိုကောက်မှတ်နည်းကို တစ်ခုခုဝေဖန်ချင်သေးပုံရသော်လည်း ထပ်အတွန့်တက်မနေတော့ဘဲ. .

‘ ဟို ကောင်းပါတယ်ဆရာရဲ့။ မှတ်မိပါတယ်။ အဲဒါဆို အဲဒီအတိုင်းပဲ သူများတွေကို ပြောပြလိုက်တော့မယ်’

‘အင်း ဒေါ်ဒေါ်ပြောရင်လည်းသေချာပြောပြဦးနော်။ တော်ကြာ လေဖြတ်နေတဲ့လူကို “မြန်မြန်ကားမောင်းသွား” လို့ပြောလိုက်ပြီး တကယ်လည်း ချက်ချင်းထမောင်းထွက်သွားဦးမှ ယာဉ်တိုက်မှုတွေဖြစ်ကုန်ဦးမယ်နော်’

မောင်ဒေါက်တာမှာ ပြောပြီးမှ စိတ်မချသလို ဖြစ်သွားက ထပ်မံမှာနေတော့မှ ဒေါ်လူနာကလည်း ‘စိတ်ချပါဆရာရဲ့ အတိုကောက်မှတ်ထားတာကိုပါ သေချာရင် ရှင်းပြလိုက်ပါမယ်’ ဟု ဆိုကာ မောင်ဒေါက်တာ၏  FAST protocol မြန်မာဗားရှင်း ကို စာရွက်တစ်ခုတွင် ချရေးကာ အသေအချာ မှတ်နေလေတော့၏။

ဒေါက်တာထွန်းလင်း

Ref; https://www.webmed.com/stroke/guide/signs-of-stroke

ဆက်စပ် ဆောင်းပါးများ