အလိုလိုအရိုးကျိုးခြင်း

 

အလိုလိုအရိုးကျိုးခြင်း
ဦးလူနာတစ်ယောက် ထုံးစံအတိုင်း မောင်ဒေါက်တာထံ အမောတကော ပြေးလာပြီး သတင်းထူးတစ်ခု လာပြောပြန်လေ၏။

‘ကြားပြီး ပြီလား ဆရာ ရေ့၊ ကျွန်တော်တို့ ဘေးအိမ်က အဘွားကြီး ဒေါ်မိုး လေ ခါးနာနာ နေတာ ကြာပြီဆိုပြီး အခု ဓါတ်မှန်သွားရိုက်ကြည့်လိုက်မှ ခါးရိုးတွေကျိုးကုန်တာဆိုလား ပြားကုန်တာဆိုလား တွေ့လို့တဲ့’

‘ဟုတ်လား ဦးလေးရဲ့ ကျွန်တော့်ဆီ ဟိုတစ်ခေါက်လာပြတုန်းကတောင် ကျွန်တော်ပြောလိုက်သေးတယ်၊ အဘွား ဓါတ်မှန်သွားရိုက်လိုက်ပါလား ဆိုတော့ အဲဒီတုန်းက အဆင်မပြေသေးဘူး၊ အိမ်ကလိုက်ပို့ပေးမယ့်သူ မရှိသေးဘူး နဲ့ အခု ကျမှ သွားရိုက်ဖြစ်တာထင်တယ်၊ သူက ဘာဖြစ်လို့လဲ ချော်လဲတာတွေ ဘာတွေရှိလို့လား’

‘အဲဒါ ပြောတာပေါ့ ဆရာရယ်၊ ချော်လဲမလဲ ဘာမှလဲ မထိမခိုက်ဘဲ ဘယ့်နှယ့်ခါးရိုးတွေက ကျိုးရတာလားဆရာ၊ အလိုလိုနေရင်း အဲ့လို အရိုးကျိုးတယ်ဆိုတာက ဖြစ်နိုင်လို့လား’

‘ဖြစ်နိုင်တာပေါ့၊ ဦးလေး အရိုးပွတယ်ဆိုတာ ကြားဖူးတယ်မှတ်လား’

‘ကြားဖူးတယ်ဆရာ အသက်ကြီးရင် အရိုးတွေပွလာတယ်ဆိုတာမဟုတ်လား၊ ဒါနဲ့ ကျွန်တော်နားလည်သလောက် အရိုးဆိုတာကပွလာရင် ပိုပြီးများ ထိခိုက်ခံနိုင်လာသလားလို့၊ ရေမြုပ်တွေလိုများဖြစ်သွားတာ မဟုတ်လား’

‘ကြံကြီးစည်ရာ ဦးလေးအလှည့်ကျမှ အရိုးပွတာက ရေမြုပ်ဖြစ်ရတယ်လို့၊ အရိုးပွတယ်ဆိုတာက အဲသလို ဖောင်းပွလာတာမဟုတ်ဘူးဗျ၊ မူလအရိုးကသိပ်သည်းဆလျော့လာပြီး သစ်သားချောင်းတွေဆွေးလာသလို ကြွပ်ဆတ်လာတာ။ အဲဒါကြောင့်မို့သာ အခု ဒေါ်မိုးဖြစ်သလို နည်းနည်းလေးခါးကုန်းလိုက်တာ၊ ဖင်ထိုင်ရက်ချော်ကျ မိတာနဲ့ ကျွတ်ခနဲ ဆို အရိုးက အသာလေးကျိုးသွားတာ။ ကျွန်တော်တို့ အခေါ်အဝေါ်နဲ့ဆို အလွယ်တကူအရိုးကျိုးခြင်း fragility fracture ခေါ်တယ်။ အလိုလိုနေရင်း မသိမသာ အရိုးလေးတွေ ကျိုးကုန်တာပေါ့’

‘ကြောက်ဖို့တော့ အကောင်းသားနော။ အဲဒါက စိုးရိမ်ရသလား ဆရာရေ’

‘ကျိုးတဲ့ အရိုးအနေအထားပေါ်လိုက်ပြီးတော့ စိုးရိမ်ရမှုတွေတော့ ရှိတာပေါ့။ ပြောရမယ်ဆိုရင် ဒေါ်မိုးဖြစ်သလို ခါးအရိုးကျိုးတာက တော်သေးတယ် ပြောရမယ်။ မသကာ ခါးနာမယ်၊ ခါးကုန်းလာမယ်၊ အလွန်ဆုံး ခါးရဲ့အာရုံကြောတွေကို ဖိမိနိုင်တယ် ဒီလောက်ပါပဲ။ ဒါပေမယ့် တစ်ချို့အဖိုးတွေ အဖွားတွေများဆို ချော်လဲပြီး ပေါင်ရိုးတွေ ကျိုးကုန်တာ။ အဲဒါကတော့ တကယ်မလွယ်ဘူး။ လမ်းပြန်လျှောက်ဖို့ အတော်ဒုက္ခရောက်တဲ့အခြေအနေဖြစ်သွားတော့ အိပ်ရာပေါ်မှာပဲ လဲနေပြီး ရောဂါတွေ တစ်ခုပြီး တစ်ခု ဝင်ကုန်ရာကနေ နောက်ဆုံး အသက်အန္တရာယ်ရှိတဲ့အနေအထား ဖြစ်ကုန်တာ။

‘ဟုတ်တယ် ဆရာပြောမှ ကျွန်တော်သတိရပြီ။ ကျွန်တော့် အကိုဝမ်းကွဲဆို အဲသည်လိုပဲ ပေါင်ရိုးကျိုးပြီး အိပ်ရာပေါ်လဲသွားတာ လပိုင်းပဲ ခံတယ်ဗျ။ ပိုးဆိပ်တက်တယ်ဆိုလား ဘာဆိုလားပဲ အဖျားတွေရက်ဆက်ဝင်ပြီး ဆုံးသွားပါလေရော။ ဒါနဲ့ မေးရဦးမယ် ဆရာရဲ့…အဲသည်လို အရိုးကျိုးတယ် ဆိုတာက အမျိုးသမီးတွေပဲ ဖြစ်တာလို့ ကြားဖူးလို့။ ကျွန်တော့်အကိုလို အမျိုးသားတွေကကော အရိုးပွပြီး ကျိုးတာပဲလား၊ မပွဘဲ ကျိုးတာလား’

‘အဲသည် ဦးလေးရဲ့ အကိုဝမ်းကွဲဆိုတာက ဆုံးတော့ အသက်ဘယ်လောက်ရှိပြီးလဲ ဦးလေးရဲ့။’

‘၇၅ လောက်ရှိတယ် ထင်တယ် ဗျ’

‘အဲဒါဆို ဖြစ်နိုင်တာပေါ့။ အမျိုးသမီးတွေက အများစု အရိုးပွကြတာဆိုတာ သူတို့မှာ မီးယပ်သွေးဆုံးပြီးသွားရင် ဟော်မုန်းဓါတ်နည်းသွားလို့ ဖြစ်တာ။ ဒါပေမယ့် အသက်ကြီးလာရင် အမျိုးသားတွေကလည်း အရိုးရဲ့ သိပ်သည်းဆက ငယ်စဉ်ကတထက်လျော့နည်းလာတော့ သူတို့လည်း ပွ လာတာပဲလေ။ ဒါကြောင့်မို့ အခု ကမ္ဘာ့အရိုးပွရောဂါနေ့တွေမှာဆိုရင် အသက် အမျိုးသမီးတွေ အသက် ၆၅ ကျော်တာနဲ့ အရိုးပွမပွစစ်ဆေးဖို့အပြင် အမျိုးသားတွေဆိုရင် အသက် ၇၀ ကျော်တာနဲ့ စစ်ဆေးဖို့ကို ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်လာနေကြပြီ။’

‘ဒါဆို ကျွန်တော်လည်း ကြီးလာရင် အရိုးပွလာနိုင်တာပေါ့’

‘အဲ ကြီးလာမှ မဟုတ်ဘူးဗျ၊ အခု ဦးလေးအသက်ဆိုရင်လည်း ဘယ်လောက် ခြောက်ဆယ်ကျော်ပြီ မဟုတ်လား သည်လောက်ဆို အရိုးသိပ်သည်းဆကကျတဲ့ဘက်မှာ ရောက်နေပြီဗျ။ ကိုယ့်မှာ အရင်တုန်းက အရိုးကျိုးလွယ်တာမျိုးဖြစ်ဖူးရင် အရိုပ်သိပ်သည်းဆစစ်ဆေးမှု (DXA scan) ဆိုတာ လုပ်သင့်နေပြီ။ ဒါမှမဟုတ် ကိုယ်က စတီးရွိုက်ပါတဲ့ဆေးတွေ ရေရှည်သောက်သုံးနေတယ်ဆိုရင်၊ အစာအဟာရလုံလောက်စွာမရရှိဖူးဆိုရင်၊ သွေးလေးဘက်နာ ရောဂါတွေ များရှိနေတယ်ဆိုရင် ဒီထက်အသက်ငယ်တဲ့ လူတွေမှာတောင် စစ်ဆေးဖို့လိုနေပြီလို့ ဆိုကြတယ်ဗျ’

‘ကဲ ဟုတ်ပါပြီ စစ်ပြီးပြီဆိုပါတော့ ကိုယ်က အရိုးပွနေရင် ဘယ်လိုဆက်လုပ်ရမှာလဲ။ ဆေးသောက်ရင်ရော ပြန်ကောင်းမှာလားဆရာ”

‘ပွပြီးသားအရိုးသည် ပြန်တော့ မကျစ်သွားဘူးပေါ့။ ဒါပေမယ့် ဆက်မပွအောင် ပွရာကနေ မကျိုးအောင်။ ကျိုးပြီးသားအရိုးရှိရင်လည်း တစ်ခြားနေရာမှာ ထပ်မကျိုးအောင် ဟန့်တားကာကွယ်နိုင်တယ်လေ။ ဒီနေရာမှာ ကြုံတုန်း အရိုးပွတယ်ဆိုတာအပြင် အရိုးပါးတယ်ဆိုပြီးတော့လည်း ပြောကြတာရှိတယ်နော်။ အဲဒါနှစ်ခုက အတူတူပါပဲ။ အရိုးပွတယ်ဆိုတာ တစ်နည်းအားဖြင့် အရိုးသိပ်မထူတော့ဘဲ ပါးလာပြီး ကျိုးလွယ်တာနဲ့ သဘောအတူတူပါပဲ’

‘အဲဒါဆို အခု ကျွန်တော် ဘာလုပ်သင့်သလဲဆရာ။ အဲဒီ အရိုးပွပဲ သွားစစ်ရမလား။ ဆေးပဲသောက်ရမှာလား ဆရာ’

‘အင်း ဦးလေး အနေနဲ့ အခုအလုပ်အသင့်ဆုံးက အရိုးပွတာကို လျော့ကျစေတဲ့ နည်းသုံးနည်းကို လိုက်နာကျင့်ကျံဖို့ပဲ လိုတယ်ဗျ။ အဲဒါတွေကို အိမ်ပြန်ရောက်တာနဲ့ ကိုယ်လည်းလုပ်၊ သူများတွေကိုလည်း ပြောပြပေါ့ဗျ။ အဲဒါတွေက. . .

၁။ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အရိုးပါဝါးစားနိုင်တဲ့ ငါးကလေးတွေ၊ ပြီးတော့ အစိမ်းရင့်ရောင် အသီးအရွက်တွေနဲ့ အတူ အသားဓါတ်ကို များများစားပေးပါ။

၂။ လမ်းများများလျှောက်ပါ။

၃။ ခုနက ပြောခဲ့တဲ့ အရိုးပွစစ်ဆေးဖို့လိုတဲ့အချက်တွေကိုယ့်မှာ စစ်ဆေးပြီး အရိုးပွနေရင် သူ့အတွက်လိုအပ်တဲ့ဆေးကို ပုံမှန်သောက်ပါ။

. . .အဲဒါဆိုရင် ဦးလေးအတွက် အရိုးပွရောဂါကို တားဆီးနိုင်ပြီး အရိုးလွယ်လွယ်ကျိုးမှာကို ကာကွယ်နိုင်ပြီဗျ’

ဦးလူနာတစ်ယောက် မောင်ဒေါက်တာ၏ ကျန်းမာရေးပညာပေးလေကြောင်းနည်းလမ်းဖြင့်ဆေးကုခြင်းကို ကျေနပ်စွာ ခံယူပြီးသကာလ ခေါင်းလေးတညိတ်ညိတ်လုပ်ပြီး ထွက်သွားလေ၏။  မောင်ဒေါက်တာမှာလည်း ဦးလူနာကို ကျေနပ်စွာ ကြည့်နေရင်းမှ ‘သြော် ငါ သူ့ကို လမ်းသာလျှောက်ခိုင်းလိုက်တာ ချော်မလဲစေနဲ့လို့ မမှာလိုက်ရဘူး။ နောက်တစ်ခါကျရင် အရိုးမကျိုးစေရန်ချော်လဲခြင်းမှကာကွယ်ခြင်း ဆိုတာလေး ပြောပြဦးမှပဲ ‘ ဟု တွေးနေမိလေသည်။

ဒေါက်တာထွန်းလင်း

Ref; National Osteoporosis Fracture Clinical Guideline 2014

ဆက်စပ် ဆောင်းပါးများ