စအိုယားရခြင်းအကြောင်းအရင်း(သို့မဟုတ်) ဘာလို့ ဖင်ယားတာလဲ

စအိုယားရခြင်းအကြောင်းအရင်း(သို့မဟုတ်) ဘာလို့ ဖင်ယားတာလဲ

စအိုယားယံခြင်းကို လူတိုင်းနီးပါးခံစားဖူးကြမှာပါ။စအိုယားယံတဲ့အခါ မကုတ်ဘဲအောင့်အီးနေဖို့ မလွယ်ပါ။သို့သော် လူကြားသူကြားထဲမှာကျ ကုတ်ရလည်းမလွယ်တဲ့အတွက် အတော်ခံရခက်ပါတယ်။

စအိုယားယံခြင်းကို ဆေးပညာအခေါ်အနေနဲ့တော့ Pruritus ani လို့ခေါ်ပါတယ်။

လူအများအနေနဲ့ကတော့ စအိုယားယံတာဟာ သန်ကောင်ရှိလို့လို့ ထင်တတ်ကြပါတယ်။

အမှန်တကယ်တော့ စအိုယားယံခြင်းကို ဖြစ်စေတာဟာ သန်ကောင်အပြင် အခြားအချက်များစွာလည်းရှိပါတယ်။

အဲ့ဒါတွေကတော့ သိသလောက်ပြောရရင် အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ဖင်ဆေးနည်းမမှန်ခြင်း

အိမ်သာတက်ပြီး ဖင်ဆေးတဲ့အခါ ပြောင်အောင်သေချာမဆေးပါက ဖင်ကိုခြောက်အောင်သေချာမသုတ်ပါက မစင်အမှုန်အမွှားတွေက စအိုမှာကပ်ကျန်နေပြီး စအိုယားယံခြင်းကိုဖြစ်စေနိုင်သလို

အရမ်းအသန့်လွန်ပြီး ဖင်ဆေးတဲ့အခါ တအားပွတ်တိုက်ဆေးတာ၊ဆပ်ပြာမွှေး၊ဆပ်ပြာတွေသုံးဆေးတာ၊ရေနွေးသုံးဆေးတာ၊ဖင်ခြောက်အောင်သုတ်တဲ့အခါမှာလည်းတအားပွတ်သုတ်တာ တွေဆိုရင်လည်း ဖင်ပေါ်မှာရှိတဲ့အဆီလွှာကိုပျက်စီးစေပြီး စအိုယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်။

၂။အစားအသောက်

ကော်ဖီ၊လက်ဖက်ရည်၊အားဖြည့်အချိုရည်၊ဘီယာ၊ချဉ်တဲ့အသီးအနှံတွေ၊စပ်တဲ့အစားအစာတွေ၊နို့နဲ့နို့ထွက်ပစ္စည်းတွေ စတဲ့အစားအသောက်တွေကို အစားများပါက စအိုကြွက်သားတွေကိုလျော့ရဲစေနိုင်ပါတယ်။

အဲ့အခါမှာ မစင်အနည်းငယ်ထွက်ပြီး စအိုနားတဝိုက်ယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်။

၃။အတွင်းခံဘောင်းဘီ

အတွင်းခံဘောင်းဘီဝတ်တဲ့အခါ မိမိနဲ့တအားကြပ်ပြီး လေဝင်လေထွက်မကောင်းတဲ့အမျိုးအစားဝတ်ပါက လှောင်ပိတ်ပြီး ချွေးထွက်များလာတဲ့အတွက် စအိုနဲ့စအိုနားတဝိုက်စိုစိစိဖြစ်လာကာ စအိုယားယံခြင်းခံစားရနိုင်ပါတယ်။

၄။ဝမ်းလျှောခြင်း၊ဝမ်းချုပ်ခြင်း

ဝမ်းခဏခဏသွားလို့ ဖင် ခဏခဏဆေးကြောရတဲ့အခါ စအိုယားယံခြင်းဖြစ်နိုင်သလို ဝမ်းချုပ်တာကြာတဲ့အခါမှာလည်း စအိုယားယံခြင်းဖြစ်နိုင်ပါတယ်။

၅။ပိုးသတ်ဆေး(Antibiotics)တွေအသောက်များခြင်း

အကြောင်းအမျိုးမျိုးကြောင့် ပိုးသတ်ဆေး(Antibiotics)တွေ မကြာခဏသောက်ရတာ၊ရေရှည်သောက်ရတာမျိုးဆိုရင် အူထဲက ကောင်းတဲ့အကျိုးပြုတဲ့ ဘက်တီးရီးယားပိုးတွေပါ နည်းလာပြီး စအိုယားယံခြင်းဖြစ်နိုင်ပါတယ်။

၆။ရောဂါတခုခုရှိခြင်း

ဖင်မှာ ဝဲပေါက်တာ၊မှိုပိုးစွဲတာ၊ဂရင်ဂျီနာဖြစ်တာ၊ကြွက်နို့ပေါက်တာ မျိုးတွေရှိရင်လည်း စအိုယားယံခြင်းဖြစ်နိုင်သလို လိပ်ခေါင်းဖြစ်တာ၊ဆိုရီးရေးစစ်(Psoriasis)ခေါ်အရေပြားရောဂါဖြစ်တာ၊ဆီးချိုရောဂါဖြစ်တာ၊အသည်းရောဂါဖြစ်တာ၊ကျောက်ကပ်ရောဂါဖြစ်တာ၊သိုင်းရွက်ဟော်မုန်းများတာ တွေဆိုရင်လည်း စအိုယားယံခြင်းဖြစ်နိုင်ပါတယ်။

ဒါတွေကတော့သိသလောက် စအိုယားယံခြင်းဖြစ်နိုင်တဲ့ အချက်တွေပါ။

စအိုယားယံခြင်းဖြစ်နိုင်ခြေနည်းအောင် အသက်နှစ်နှစ်အရွယ်ကစပြီး လေးလတကြိမ်သန်ချဆေးသောက်ပါ။

အိမ်သာတက်ပြီး ဖင်ဆေးတဲ့အခါ သေချာပြောင်အောင်ဆေးပါ။သုတ်ပါ။သို့သေ်ာ အသန့်လွန်ပြီး တအားပွတ်ဆေးတာ၊သုတ်တာ၊ဆပ်ပြာမွှေးတွေ၊ပိုးသတ်ဆေးရည်တွေ၊ရေနွေးတွေသုံးဆေးတာမျိုးတွေတော့ရှောင်ရပါမယ်။

အတွင်းခံဝတ်တဲ့အခါမှာလည်း မိမိနဲ့အနေတော်ဖြစ်ပြီး ချည်သားနဲ့လုပ်ထားတဲ့အမျိုးအစားကိုဝတ်ပါ။

လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတွေများများစားပါ။

စအိုယားယံခြင်းဖြစ်တဲ့အခါမှာ အယားသက်သာအောင် Antihistamine အမျိုးအစားဆေးတွေဖြစ်တဲ့ ဘာမီတွန်၊စီထရီဇင်း(Burmeton၊cetirizine)စတာတွေကိုညဘက်သောက်နိုင်ပါတယ်။

Zinc oxide ပါတဲ့ လိမ်းဆေးတမျိုးမျိုးကိုလည်းလိမ်းနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ စအိုယားယံခြင်းကို တပတ်နဲ့အထက်ခံစားနေရပါက ဆေးခန်းပြပြီး ဆရာဝန်နဲ့စမ်းသပ်စစ်ဆေးပါ လို့ အကြံပေးချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ