နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးဆိုတာဟာ ခန္ဓာကိုယ်တခုလုံးကအင်္ဂါအစိတ်အပိုင်းတွေကို သွေးထောက်ပံ့ပို့ပေးနေတဲ့ ကိုယ်တွင်းအင်္ဂါမှန်း လူအတော်များများသိကြမှာပါ။တခြားအင်္ဂါအစိတ်အပိုင်းတွေကို သွေးထောက်ပံ့ပို့ပေးတဲ့နှလုံးဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေလုပ်နိုင်ရန်အတွက် သူကိုယ်တိုင်လည်း သွေးထောက်ပံ့မှုလိုပါတယ်။နှလုံးကို Coronary Arteries လို့ခေါ်တဲ့ နှလုံးသွေးကြောတွေကနေ သွေးထောက်ပံ့ပေးထားပါတယ်။အဲ့နှလုံးသွေးကြောလေးတွေထဲမှာ အကြောင်းကြောင်းကြောင့် အဆီတွေစုပုံလာရာကနေ သွေးကြောနံရံထူလာတဲ့အခါ သွေးစီးလမ်းကြောင်းကျဥ်းသွားပါတယ်။အဲ့လိုဖြစ်တာကို နှလုံးသွေးကြောကျဉ်းတယ်လို့ခေါ်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဟာ သွေးတွင်းအဆီဓါတ်များတာ၊သွေးတိုးဆီးချိုရောဂါအခံရှိတာ၊ဆေးလိပ်သောက်တာ၊အရက်အလွန်အကျွံ့သောက်တာ၊ကိုယ်အလေးချိန်များပြီးအဝလွန်တာ၊အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊အဆီအဆိမ့်အငန်အစားများတာ၊အသက်၅၀ကျော်လာတာ၊မိသားစုမျိုးရိုးမှာနှလုံးရောဂါရှိတာ၊စိတ်ဖိစီးစရာများတာ စတဲ့အကြောင်းတွေကြောင့် ဖြစ်လေ့ရှိပါတယ်။

နှလုံးသွေးကြောကျဉ်းတဲ့အခါမှာ နှလုံးဟာ သွေးနဲ့အောက်စီဂျင်လုံလောက်စွာမရတဲ့အတွက် လှုပ်လှုပ်ရှားရှားလုပ်မိတဲ့အခါ၊စိတ်ဖိစီးစရာများတဲ့အခါ၊ဒေါသထွက်တဲ့အခါမျိုးတွေမှာဆိုရင် ရင်ဘတ်အောင့်တာ၊ရင်ဘတ်အောင့်တာနဲ့တဆက်တည်း လက်မောင်း၊လည်ပင်း၊မေးရိုး၊ကျော တွေပါအောင့်တာ၊နာတာ ရင်ပူတာ ရင်တုန်တာ၊မောတာ၊အသက်ရှုမဝတာ စတဲ့ဝေဒနာတွေခံစားရနိုင်ပါတယ်။အစပိုင်းရောဂါသိပ်မဆိုးသေးတဲ့အခြေအနေမှာဆိုရင် ဒီဝေဒနာတွေဖြစ်တဲ့အချိန်မှာ နားနားနေနေ နေလိုက်ပါက မိနစ်ပိုင်းလောက်သာကြာတတ်ပြီး ပြန်ပျောက်တတ်ပါတယ်။လှုပ်လှုပ်ရှားရှားလုပ်မိတဲ့အခါ၊စိတ်ဖိစီးစရာများတဲ့အခါ၊ဒေါသထွက်တဲ့အခါ၊အခါမျိုးတွေမှာသာ ပြန်ပြန်ပေါ်တတ်ပါတယ်။

ရောဂါအခြေအနေဆိုးလာပြီး နှလုံးသွေးကြောကျဉ်းရာကနေ ပိတ်တဲ့အဆင့်ရောက်သွားရင်တော့ လှုပ်လှုပ်ရှားရှားလုပ်မိတာမျိုး၊စိတ်ဖိစီးစရာများတာ၊ဒေါသထွက်တာမျိုးတွေမရှိဘဲ နားနားနေနေ နေရင်းနဲ့ကို ရင်ဘတ်အောင့်တာ၊ရင်ဘတ်အောင့်တာနဲ့တဆက်တည်း လက်မောင်း၊လည်ပင်း၊မေးရိုး၊ကျော တွေပါအောင့်တာ၊နာတာ ရင်ပူတာ၊ရင်တုန်တာ၊မောတာ၊အသက်ရှုမဝတာ စတဲ့ဝေဒနာတွေခံစားရမယ့်အပြင် နှလုံးခုန်မမှန်တာ၊အန်တာ၊ဖျားတာ၊ရုတ်တရက်သတိလစ်ပြီး အသက်သေဆုံးတာမျိုးတွေပါဖြစ်နိုင်ပါတယ်။

ဒါကြောင့်ရင်ဘတ်အောင့်တယ်ဆိုရင် မပေါ့ဆပဲ ဆေးခန်းပြကာ ဆရာဝန်နဲ့ပြသစမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။စမ်းသပ်စစ်ဆေးလို့ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပြီဆိုရင်လည်း သေချာကုသဖို့လိုပါတယ်။သေချာမကုဘူးဆိုရင် နှလုံးသွေးကြောကျဉ်းရာကနေပိတ်ပြီး နှလုံးကြွက်သားပုပ်တဲ့အဆင့်(Myocardial Infarct)ရောက်သွားနိုင်လို့ပါ။နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်ခြေနည်းအောင် ကာကွယ်နည်းတွေအနေနဲ့ကတော့အဆီအဆိမ့်အငန်လျှော့စားပါ။ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို ရှိသင်တဲ့အတိုင်းအတာအတွင်းမှာထိန်းပါ။အဝမလွန်ပါစေနဲ့။ဆေးလိပ်သောက်အရက်သောက်တတ်တယ်ဆိုရင် ဆေးလိပ်ဖြတ် အရက်ဖြတ်ပါ။စိတ်ဖိစီးစရာတွေနည်းအောင်နေပါ။ဘာသာရေးလိုက်စားပါ။တရားထိုင်ပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ