အစာအိမ်ရောင်တာလား အစာအိမ်ကင်ဆာလား ?
အစာအိမ်ကင်ဆာဆိုတာ ကြောက်စရာကောင်းတဲ့ ကင်ဆာ အမျိုးအစားထဲမှာ တစ်ခုအပါအဝင်ပါ အစာအိမ်မှာ ကာထားတဲ့ အလွှာကနေ ကင်ဆာဆဲလ်တွေ တစ်ဖြည်းဖြည်း ဖြစ်လာပါတယ် အသက် အစားအသောက်ပုံစံ အစာအိမ်ရောဂါအခံ တွေပေါ်မှာ မူတည်ပြီး အစာအိမ်ကင်ဆာဖြစ်တဲ့နှုန်း ကွာပါတယ် ။
အစာအိမ်ကင်ဆာက အသက်ကြီးပိုင်းတွေမှာ ပိုဖြစ်တတ်ပါတယ် တစ်နှစ်တစ်နှစ်မှာ အစာအိမ်ကင်ဆာ ဖြစ်တဲ့သူတွေကို ပျမ်းမျှ ပြန်တွက်ကြည့်ရင် အများစုကတော့အသက် ၆၅ နှစ်ကျော်မှပါ တစ်ချို့တွေကတော့လည်း အသက်လေးဆယ်ကျော်တွေမှာ ဖြစ်နေတတ်ပါတယ် ။
အစာအိမ်ကင်ဆာက အမျိုးသားတွေမှာ ပိုဖြစ်တတ်ပေမယ့် အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ် ဆေးလိပ်သောက်တဲ့သူတွေမှာ ပိုဖြစ်နိုင်တယ် မိသားစုမျိုးရိုးမှာ အစာအိမ်ကင်ဆာ ဖြစ်ထားတဲ့သူတွေရှိရင် ပိုဖြစ်လွယ်ပါတယ် ။
အစားအသောက်ပုံစံကလည်း အစာအိမ်ကင်ဆာ ဖြစ်နိုင်တဲ့ အကြောင်းတစ်ခုပါပဲ ဆားသိပ်ထားတဲ့အစားတွေ ကြာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေ အသားအစားများတဲ့သူတွေ အကင်အစားများတဲ့သူတွေ သေချာကျက်အောင်မချက်တဲ့ အစားအသောက်တွေ အစားများသူတွေ အရက်အလွန်အကျွံသောက်သူတွေမှာ ပိုဖြစ်လွယ်ပါတယ် ။
အစာအိမ်ပိုးရှိတဲ့သူတွေ အစာအိမ်မှာ အသားပိုဖြစ်တဲ့သူတွေလည်း အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေရှိတဲ့သူတွေထဲမှာ ပါပါတယ် ။
အစာအိမ်ကင်ဆာစဖြစ်ကာစမှာ ပျို့အန်ချင်တာ အန်တာ ရင်ပူတာ နည်းနည်းစားရုံနဲ့ ရင်ပြည့်တာတွေ ခံစားရတတ်ပါတယ် နောက်ပိုင်းမှ အစားပျက်တာ ကိုယ်အလေးချိန်ကျလာတာ နုန်းတာ ဝမ်းထဲသွေးပါတာတွေ ဗိုက်အောင့်တာတွေ ဖြစ်လာတတ်ပါတယ် ။
အစာအိမ်ကင်ဆာက အဆင့်တွေ ထပ်ခွဲထားပေးပါတယ် အဆင့်နုနေတဲ့အချိန်မှာ ကင်ဆာက အစာအိမ်မှာပဲ ရှိပါသေးတယ် အစာအိမ်ပြင်ပက အကျိတ်တွေပါပျံ့လာတယ်ဆိုရင် တစ်ခြားသော အင်္ဂါအစိတ်အပိုင်းတွေကို ပျံ့လာတယ်ဆိုရင်တော့ အစာအိမ်ကင်ဆာက အဆင့်ပိုကြီးလာတာပါ အစာအိမ်ကင်ဆာက အကျိတ် အသည်း အဆုတ် နဲ့ အရိုးတွေ ကို ပျံ့နိုင်ပါတယ် ။
အစာအိမ်ကင်ဆာကို စစ်ဆေးတော့မယ်ဆိုရင် အစာအိမ်ထဲ မှန်ပြောင်ကြည့်ပြီးအသားစယူတာတွေ လိုပါတယ် ပုံမှန်သွေးဆီးစစ်တာတွေအပြင် တစ်ခြားသော အင်္ဂါအစိတ်အပိုင်းတွေကို ပျံ့နေသေးလညးသိဖို့ CT scan ရိုက်ဖို့လည်းလိုတတ်ပါတယ်။
အစာအိမ်ကင်ဆာက စဖြစ်စမှာ သိတယ်ဆို ကုသဖို့ လွယ်တတ်ပါတယ် ဒါပေမယ့် အစာအိမ်ကင်ဆာမှာ ပြတဲ့ ရောဂါလက္ခဏာတွေကလည်း တစ်ခြားသောအစာအိမ်ရောဂါတွေရဲ့ လက္ခဏာနဲ့ တူနေတာကြောင့် တစ်ခါတစ်လေအမှုမဲ့အမှတ်မဲ့ဖြစ်ရင်း အချိန်နောက်ကျတတ်ပါတယ် ။
အစာအိမ်ကင်ဆာကုဖို့က အဆင့်အနည်းအများပေါ်လည်းမူတည်ပါတယ် ခွဲစိတ်ကုတာ ဆေးသွင်းကုတာ ဓာတ်ကင်တာတွေ နဲ့ လိုအပ်သလိုကုသရမှာပါ ။
အစာအိမ်ကင်ဆာက သိတာနောက်ကျတတ်တော့ ကုဖို့ခက်တာလည်းရှိတာကြောင့် ကြိုတင်ကာကွယ်လို့ရတာတွေ လုပ်ဖို့လိုပါတယ် ဆေးလိပ်အရက်ဖြတ်မယ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားမယ် ကိုယ်အလေးချိန်သင့်တင့်မျှတအောင် လိုအပ်တဲ့ လေ့ကျင့်ခန်းလေးတွေလုပ်မယ် အစားအချိန်မှန်စားမယ် စသဖြင့် လုပ်ပေးခြင်းအားဖြင့် အစာအိမ်ကင်ဆာဖြစ်နိုင်တဲ့ နှုန်းကို လျှော့ချနိုင်ပါတယ်။
Dr. CST