ကလေးများနှင့် သံချဆေး

ကလေးများနှင့် သံချဆေး

သံကောင်ပြဿနာနှင့် ပတ်သတ်လျှင် အရွယ်ရောက်ပြီးသူတိုင်း ပုံမှန် သံချပေး သင့်ကြောင်း သိရှိနေတတ်ကြသော်လည်း စနစ်တကျ သံချပေးလေ့ရှိသည့် မိသားစု အရေအတွက်မှာ အလွန်ပင်နည်းပါးလှသည်။ သံကောင်ပြဿနာ၏ လက္ခဏာများ ဖြစ်သော ဗိုက်အောင့်/ ဗိုက်နာဖြစ်ခြင်း၊ ကလေးများတွင် ကိုယ်အလေးချိန် တက်မလာပဲ ကျသွားခြင်း၊ တဖြည်းဖြည်း ပိန်လာခြင်း၊ စအိုဝမှ သံကောင်များထွက်လာခြင်းနှင့် မစင်တွင် တုပ်ကောင်များ ပါလာသော အချိန်များတွင်မှ သန်ချဆေးသောက်သုံးကြရန် သတိရတတ်ကြသည်။

သာမန်အားဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကူးစက်ရောဂါများ ဖြစ်ပွားမှုနှုန်း အလွန်မြင့်မားလှသော်လည်း ရောဂါကာကွယ်ရေးအပိုင်းများတွင် အလွန် အားနည်းလျက်ရှိကြသည်ကို သတိထားမိသည်။ သို့ရာတွင်လည်း တနေ့တာ နေမှု၊ စားမှုများတွင် လှုပ်ရှားရုန်းကန်နေရင်း မိမိတို့နှင့် သားငယ်သမီးငယ်လေးများ၏ ကျန်းမာရေးကို သတိမမူ မိတတ်ကြပဲ အလွယ်တကူ ကာကွယ်၍ရသည့် ကူးစက်ရောဂါ များပင် ကူးစက်ခံနေကြရသည်။

အဆိုပါ ကူးစက်တတ်သော ရောဂါများအနက်မှ ကလေးများတွင် အလွယ်တကူ ကူးစက်နိုင်သလို နောက်ဆက်တွဲ ပြဿနာလည်း အလွန်များလှသည့် ကျန်းမာရေး ပြဿနာတရပ်မှာ ကပ်ပါးရောဂါများဖြစ်သည့် သံကောင်တုတ်ကောင် ပြဿနာပင် ဖြစ်သည်။

သန်ကောင်တုတ်ကောင် ပြဿနာဖြစ်စေနိုင်သည့် အကြောင်းအရင်းများ

မသန့်ရှင်းသော အစားအစာများ စားသုံးခြင်းကြောင့် ဖြစ်ရသည့် ပါးစပ်မှတဆင့် ဝင်ရောက်သော သန်ကောင်တုတ်ကောင်များ၊ အရေပြားမှတဆင့် တိုက်ရိုက်ထိုးဖောက် ကာ ခန္ဓာကိုယ်အနှံ့အပြား သွားရောက်တတ်သော သန်ကောင်တုတ်ကောင်များနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်သော ဆင်ခြေထောက်ရောဂါကဲ့သို့ သံကောင်ပြဿနာများ ဟူ၍ အမျိုးမျိုးရှိသည်။

မသန့်ရှင်းသော နေရာဒေသများတွင် နေထိုင်ကြသူများအနေနှင့် အရေပြားမှ တဆင့် ဝင်ရောက်တတ်သော သံကောင်တုတ်ကောင် ဝင်ရောက်ကူးစက် ခံရနိုင်သလို ခြင်ကိုက်ခြင်းကြောင့်ဖြစ်သည့် ဆင်ခြေထောက်ရောဂါကဲ့သို့ သံကောင်ပြဿနာများ ဖြစ်ပွားရန် အလွန်ပင် အခွင့်အလမ်းများသည်။

မသန့်ရှင်းသော အစားအစာ စားမိသူများ၊ မသန့်ရှင်းသော ရေကို သောက်သုံးမိ သူများ၊ အသားစိမ်းငါးစိမ်း (အထူးသဖြင့် ငါးချဉ်၊ ဝက်သားချဉ်) စားတတ်သူများနှင့် မသန့်ရှင်းသော လက်ဖြင့် အစားစားမိသူများတွင် ပါးစပ်မှတဆင့် ဝင်ရောက်သော သံကောင်ကူးစက်ခံရနိုင်သည်။

အထူးသဖြင့် ရေသန့်၊ လက်သန့်၊ အစာသန့်၊ ပတ်ဝန်းကျင်သန့် ဆိုသော အခြေခံ ဖြစ်သည့်သန့်လေးသန့် အားနည်းခြင်းကြောင့် အလွယ်တကူကူးစက် ခံနေရခြင်းဖြစ်ပြီး ကလေးငယ်များတွင် အရွယ်ရောက်ပြီးသူ လူကြီးများထက် ပိုမိုဖြစ်ပွားကူးစက်ရန် လွယ်ကူသည်။

သံကောင်တုတ်ကောင်များကြောင့် ခံစားရနိုင်သည့် လက္ခဏာများ

သံပြားကောင်၊ သံလုံးကောင်နှင့် ချိတ်သံကောင် စသည့်ဖြင့် သံကောင်အမျိုးအစား များစွာရှိပြီး ကူးစက်ခံရသည့် သံကောင်အမျိုးအစားကိုလိုက်၍ ခံစားရနိုင်သည့် လက္ခဏာများရှိသည်။ ကူးစက်ခံနေရသည့် ကလေးငယ်များတွင် ခံစားနေရတတ်သည့် အထွေထွေ လက္ခဏာများ အနေနှင့်

– ခန္ဓာကိုယ်အတွင်းနှင့် အစာချေလမ်းကြောင်းများတွင် အတွင်းသွေးယိုစီးမှု ဖြစ်နိုင်ခြင်းကြောင့် သွေးအားနည်းနေတတ်ခြင်း၊ ဖြူဖက်ဖြူယော်ဖြစ်နေတတ်ခြင်း
– မကြာခဏ ဗိုက်အောင့် ဗိုက်နာဖြစ်နေတတ်ခြင်း
– ဝမ်းပျက်ဝမ်းလျော မကြာခဏဖြစ်ခြင်း
– အစားစားချင်စိတ်လျော့နည်းနေတတ်ခြင်း
– အချိန်ကြာလာသည်နှင့်အမျှ သံကောင်များကြောင့်ဖြစ်သည့် အူပိတ်ခြင်း
– စအိုဝယားယံသဖြင့် အမြဲ ကုတ်နေသည်ကို မြင်ရခြင်း
– စအိုဝမှ သန်ကောင်၊ တုတ်ကောင်များ ထွက်လာတတ်ခြင်း
– စားသမျှ အာဟာရမဖြစ်ပဲ တဖြည်းဖြည်း ပိန်လာခြင်း
– အရေပြားအတွင်း သွားတတ်သည့် သံကောင်များကြောင့် အလွန်အမင်း ယားယံ တတ်ခြင်းနှင့်
– အားနည်းနေတတ်ခြင်းကြောင့် သာမန်ကလေးငယ်များကဲ့သို့ ပျော်ပျော်ရွှင်ရွှင်မရှိပဲ အမြဲ ထိုင်းမှိုင်းနေခြင်း စသည့် လက္ခဏာများ ခံစားနေရတတ်သည်။

အဆိုပါ ကပ်ပါးပိုးများ ကူးစက်ခံရခြင်းကြောင့် သံဓာတ်အားနည်းခြင်း၊ အထွေထွေ အာဟာရဓာတ်များ ချို့တဲ့ခြင်းတို့ ဖြစ်ပွားလာနိုင်ပြီး နောက်ဆက်တွဲများအဖြစ် ကလေး များတွင် မှတ်ဉာဏ်ချို့တဲ့အားနည်းခြင်း၊ ပညာသင်ကြားရာတွင် အခက်အခဲဖြစ်နိုင်ခြင်း၊ မကြာခဏ နာမကျန်းဖြစ်ခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းခြင်းများမှ နိုင်ငံအတွက် အဖိုးတန်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးနေရကြရသည်။

သန်ချဆေးတိုက်ကျွေးရေး

၎င်းနောက်ဆက်တွဲ ပြဿနာများမှ ကာကွယ်ရန်အတွက် အခြေခံအကျဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းမှာ ကလေးများကို သန်ချဆေးတိုက်ကျွေးပေးခြင်း ဖြစ်သည်။

ကျန်းမာရေးဌာနများအနေနှင့် အလျင်းသင့်သလို အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များတွင် အစုလိုက် သန်ချဆေးတိုက်ကျွေးခြင်းများ ပြုလုပ်ပေးလျက်ရှိသလို ဆင်ခြေထောက် ရောဂါကာကွယ်ဆေးနှင့် သန်ချဆေးနှစ်မျိုးတွဲ၍လည်း တနိုင်ငံလုံး အတိုင်းအတာနှင့် တနှစ်လျှင် တကြိမ် တိုက်ကျွေးလျက်ရှိသည်။

အဆိုပါအချိန်များတွင် အကြောင်းအမျိုးမျိုးကြောင့် မတိုက်ကျွေးလိုက်ရသူများနှင့် မြို့ပြများနှင့် အလှမ်းဝေးသည့် ဒေသများတွင် နေထိုင်ကြသူများအနေနှင့် နီးစပ်ရာ ကျေးလက် ကျန်းမာရေး ဌာနများတွင် သံချဆေးများကို အခမဲ့ သွားရောက် တောင်းယူကာ သံချဆေးတိုက်ကျွေးပေးသင့်သည်။

ကျန်းမာရေးဌာနများသို့ သွားရောက်ရန် အဆင်မပြေသူများ အနေနှင့်လည်း နီးစပ်ရာ ဆေးဆိုင်၊ ဆေးခန်းများတွင် သန်ချဆေးများဖြစ်သည့် (Albendazole 400mg, Mebendazole 500mg) စသည်တို့ ပါဝင်သည့် တံဆိပ်အမျိုးမျိုးသော ဆေးဝါးများကို အလွယ်တကူ ဝယ်ယူ၍ တိုက်ကျွေးပေးနိုင်သည်။ ဆေးတမျိုးကို တကြိမ်သာ သောက်ရန်လိုပြီး ကလေးငယ်များအတွက် ထုတ်လုပ်ပေးထားသော အနံ့မွေးကာ အရသာ မပြင်းသည့် ဆေးအရည်များလည်း ရွေးချယ်တိုက်ကျွေးနိုင်သည်။

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံအနေနှင့် အသက် (၂) နှစ်နှင့် အထက် ကလေးငယ်များကို ၆ လလျှင်တကြိမ် သံချဆေးတိုက်ကျွေးသင့်သလို အထက်တွင် ဖော်ပြပေးခဲ့သော သံကောင်တုတ်ကောင်လက္ခဏာများ ခံစားနေရကြောင်း သတိထား မိလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံး သွားရောက်ပြသကာ ပျောက်ကင်း သည်အထိ ကုသမှု ခံယူကြသင့်ကြောင်း အကြံပြု ပြောကြားလိုပါသည်။

သံကောင်တုတ်ကောင်ပြဿနာများမှ ကင်းဝေးနိုင်ကြပါစေ။

Dr. Tint Tal

ဆက်စပ် ဆောင်းပါးများ