အသက် ၆ လမတိုင်ခင် ဖြည့်စွက်စာစောကျွေးပါက ဖြစ်လာနိုင်သော ဆိုးကျိုးများ

အသက် ၆ လမတိုင်ခင် ဖြည့်စွက်စာစောကျွေးပါက ဖြစ်လာနိုင်သော ဆိုးကျိုးများ

ကလေးအမေအဖေတွေကို ကျွန်တော်တို့ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေက ကလေးအသက် ၆ လထိ မိခင်နို့တမျိုးပဲ တိုက်သင့်ကြောင်း၊ မိခင်နို့လုံးဝအဆင်မပြေမှသာ နို့မှုန့်တိုက်သင့်ကြောင်း၊ ၆ လမတိုင်ခင်မှာ ထမင်းစကျွေးတာ၊ အစာစကျွေးတာ၊ ရေတိုက်တာမျိုးတွေ လုံးဝမလုပ်သင့်ကြောင်း သေချာမှာကြားလေ့ရှိပါတယ်။

သို့ပေမယ့် မိခင်အချို့ဟာ နို့တိုက်တဲ့အခါ နာကျင်မှုကိုခံစားရတာ၊ အိမ်မှာကူလုပ်ပေးမယ့်သူ မရှိတာ၊အလုပ်သွားရတာ၊ နို့ထွက်နည်းတာ စတဲ့အကြောင်းပြချက်တွေနဲ့ ကလေးကို ဖြည့်စွက်စာစောစောစကျွေးတတ်ကြပါတယ်။

ဒါ့အပြင် အရပ်ထဲမှာကျ ကလေးကို ဖြည့်စွက်စာစောစောစကျွေးရင် ကလေးကပိုပြီး ထွားတယ်ဆိုတဲ့ အယူအဆကလည်းရှိနေကာ မိမိကလေးက ပုံမှန်ပေါင်ချိန်ပြည့်တယ်ဆိုရင်တောင်မှ သူများကလေးထက် ပိုထွားစေချင်တဲ့စိတ်နဲ့ မိမိကလေးကို ဖြည့်စွက်စာစောစောစကျွေးတဲ့ မိဘတွေလည်းရှိပါတယ်။

တချို့ဆိုရင် ကလေးအသက် ၄ လမပြည့်ခင် အသက် ၂ လ ၃ လလောက်နဲ့ကို ဖြည့်စွက်စာကျွေးနေတာမျိုးတွေ တွေ့ရပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ကလေးအသက် ၆ လမတိုင်ခင် (အထူးသဖြင့် ၄ လမပြည့်ခင်) မှာ ဖြည့်စွက်စာစကျွေးရင် ဘယ်လိုဆိုကျိုးတွေရှိမလဲဆိုတာကို ရေးသားတင်ပြလိုက်ရပါတယ်။

၁။ အစာသီးခြင်း၊ အစာနင်ခြင်း

၆ လမပြည့်သေးတဲ့ ကလေးငယ်လေးတွေဟာ ဇက်လည်းကောင်းကောင်းမခိုင်သေးသလို သူတို့ရဲ့ အစာမျိုကြွက်သားတွေဟာ ကောင်းစွာမဖွံ့ဖြိုးသေးတဲ့အတွက် အစာဖတ်ကို မျိုချတဲ့နေရာမှာ အခက်အခဲရှိပြီး အစာသီးတာ၊ အန်တာ၊ နင်တာတွေ ဖြစ်နိုင်ပါတယ်။

အစာသီးတာဖြစ်တဲ့အခါ အခန့်မသင့်ရင် အစာက အသက်ရှုလမ်းကြောင်းထဲကနေ အဆုတ်ထဲရောက်နိုင်ပါတယ်။

ထိုမှတဆင့် ပိုးဝင်ပြီး ပြင်းထန်အဆုတ်ရောဂါဖြစ်နိုင်ကာ အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါတယ်။

၂။ အာဟာရချို့တဲ့ခြင်း

၆ လမပြည့်သေးတဲ့ ကလေးငယ်တိုင်းအတွက် မိခင်နို့သည်သာ အကောင်းဆုံးအာဟာရဖြစ်ပါတယ်။

မိခင်နို့တိုက်ဖို့ အဆင်မပြေရင် ဖော်မြူလာနို့မှုန့်တွေ တိုက်နိုင်ပါတယ်။

၆ လမပြည့်သေးတဲ့ ကလေးတွေရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက အစာဖတ်တွေကို ချေဖျက်တာ၊ အစာဖတ်တွေက ရတဲ့အာဟာရတွေကို အပြည့်အဝစုပ်ယူတာမျိုးတွေ မလုပ်နိုင်တဲ့အတွက် ၆ လမပြည့်သေးတဲ့ ကလေးတွေကို ဘယ်လောက်ပဲ အာဟာရပြည့်တဲ့ အစာအမျိုးအစား ဖြည့်စွက်စာကိုကျွေးကျွေး အာဟာရဓါတ်ချို့တဲ့နိုင်ပါတယ်။

အာဟာရချို့တဲ့တာဖြစ်တဲ့အခါ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးသွားနိုင်ပါတယ်။

၃။ ဝမ်းပျက်ဝမ်းလျှော ဖြစ်လွယ်ခြင်း

၆ လမတိုင်ခင် အထူးသဖြင့် ၄ လအောက် ကလေးငယ်လေးတွေဟာ ကိုယ်ခံအားမကောင်းသေးတဲ့အတွက် သူတို့ကို ဖြည့်စွက်စာကျွေးရာမှာ အနည်းငယ်သန့်ရှင်းမှု မရှိရုံ၊ ပိုးမွှားအနည်းငယ်ပါရုံလောက်နဲ့တင် ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။

၆ လမပြည့်သေးတဲ့ ကလေးလေးတွေ ဝမ်းလျှောတဲ့အခါ အချိန်တိုတိုနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ရေဓါတ်ခန်းခြောက်ပြီး အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။

၄။ အဝလွန်ခြင်း

ရပ်ကွက်ထဲမှာပြောနေတဲ့ ကလေးငယ်တွေကို ဖြည့်စွက်စာစောကျွေးရင် ကလေးပိုထွားတယ်ဆိုတာမှန်ပါတယ်။

သို့သော် လေ့လာမှုတွေအရ ဖြည့်စွက်စာစောစောအကျွေးခံရတဲ့ ကလေးတွေဟာ အသက် ၃ နှစ်လောက်မှာ အဝလွန်ခြင်း ဖြစ်နိုင်ခြေ တအားများကြောင်း သိရပါတယ်။

အဝလွန်တဲ့အခါ နောက်ဆက်တွဲတွေအနေနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့နာတာရှည်ရောဂါတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားရနိုင်ပါတယ်။

၅။ ကျောက်ကပ်ထိခိုက်နိုင်ခြင်း

ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဟာ အစာမှာပါတဲ့ အငန်ဓါတ်ကို စုပ်ယူချေဖျက်သုံးစွဲခြင်း မပြုနိုင်တာကြောင့် ဖြည့်စွက်စာကျွေးတဲ့ထဲမှာ အငန်ဓါတ်ပါသွားတဲ့အခါ ကျောက်ကပ်ကိုသွားပြီး ထိခိုက်နိုင်ပါတယ်။

ဒါတွေကတော့ ဖြည့်စွက်စာ စောစောကျွေးတဲ့အခါမှာ ဖြစ်နိုင်တဲ့ဆိုးကျိုးတွေ ဖြစ်ပါတယ်။

ဒါတွေအပြင် ဖြည့်စွက်စာစောစောကျွေးတဲ့အခါ မိခင်နို့တိုက်ကျွေးမှု လျော့နည်းလာပြီး စိတ်ပိုင်းဆိုင်ရာအနေနဲ့ မိခင်နဲ့ကလေးကြား နွေးထွေးမှု၊ သံယောဇဉ်ကိုပါ လျော့ကျစေနိုင်ပါတယ်။

ဒါကြောင့် မိဘများအနေနဲ့ ၆ လမတိုင်ခင် (အထူးသဖြင့် ကလေးအသက် ၄ လမတိုင်ခင်) မှာ အစာဖတ်၊ ရေ တိုက်ကျွေးတာမျိုး လုံးဝမလုပ်ဘဲ မိခင်နို့တမျိုးတည်းကိုသာတိုက်ဖို့၊ မိခင်နို့တိုက်ဖို့အဆင်မပြေပါက ဖော်မြူလာနို့မှုန့်တိုက်ဖို့ တိုက်တွန်းအကြံပေးချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ