ဖြည့်စွက်စာကျွေးတော့မယ်ဆိုရင်

ဖြည့်စွက်စာကျွေးတော့မယ်ဆိုရင်

ဖြည့်စွက်စာကျွေးတယ်ဆိုတာဟာ မိခင်နို့ သို့မဟုတ် နို့မှုန့် တိုက်နေတာကို တခြားသောအစာအာဟာရတွေနဲ့ တဖြည်းဖြည်း အစားထိုးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

ဖြည့်စွက်စာကို ကလေး ၆လပြည့်တဲ့အချိန်မှာစကျွေးရပါမယ်။

၆လမပြည့်ခင်(အထူးသဖြင့် လေးလမတိုင်ခင်မှာ) စောကျွေးပါက

ကလေးငယ်ဟာ အစာ(အဖတ်)ကောင်းကောင်းမမျိုချနိုင်သေးတဲ့အတွက် အစာသီးတာ၊အစာနင်တာ တွေဖြစ်ပြီး အခန့်မသင့်ရင် အသက်ရှုလမ်းကြောင်းပိတ်ဆို့ကာ ရုတ်တရက် အသက်သေဆုံးနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်ခံအားစနစ်ကလည်းကောင်းစွာမဖွံ့ဖြိုးသေးတဲ့အတွက် အစာကျွေးတဲ့နေရာမှာ အနည်းငယ်မသန့်ရှင်းရုံလောက်နဲ့ကို ဝမ်းပျက်ဝမ်းလျှောဖြစ်လွယ်ပါတယ်။

ဒီလိုအချက်တွေကြောင့် ဖြည့်စွက်စာကို အများအားဖြင့် ၆လပြည့်ပြီးမှသာစကျွေးလေ့ရှိပါတယ်။

၆လပြည့်လို့ ဖြည့်စွက်စာစကျွေးတဲ့အခါမှာ တချို့တွေထင်တာက တိုက်နေတဲ့ မိခင်နို့ သို့မဟုတ် နို့ဘူးကို လုံးဝရပ်ပစ်လို့ရပြီး လူကြီးတွေစားတဲ့အစာတွေတန်းကျွေးလို့ရပြီလို့ ထင်တတ်ကြပါတယ်။

ဒါဟာမှားပါတယ်။

၆လပြည့်လို့ ဖြည့်စွက်စာစကျွေးတဲ့အခါမှာ လူကြီးစားသလိုတန်းကျွေးလို့မရပါဘူး ကလေးအသက်ကာလအပိုင်းအခြားနဲ့ ကျွေးရမယ့်ဟာတွေရှိပါတယ်။

ဒါ့အပြင် တိုက်နေတဲ့ မိခင်နို့ သို့မဟုတ် နို့မှုန့်ကို လည်း လုံးဝမရပ်ပစ်ရပါ။

ဆက်တိုက်နေဖို့လိုပါတယ်။ကလေးအသက်၂နှစ်ထိကို မိခင်နို့ဆက်တိုက်ပါ။

ကလေးအသက်ကာလအပိုင်းအခြားနဲ့ ကျွေးရမယ့် ဖြည့်စွက်စာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကလေးအသက်၆လမှ၈လ အရွယ်အတွင်းမှာဆိုရင်

ကလေးငယ်နို့စို့ချင်တဲ့အခါတိုင်းနို့တိုက်ပေးပါ။

ဆန်မှုန့်နဲ့အာဟာရမှုန့်တို့ကို လေးချိုးတချိုးရောစပ်ပြီး ဆီအနည်းငယ်ထည့်ကာ ကျိုကျွေးပါ။

သို့မဟုတ်

လူကြီးတွေအတွက်ချက်ထားတဲ့ထမင်းအိုးထဲက ထမင်းအနည်းငယ်ကိုယူကာ ဆီအနည်းငယ် ရေအနည်းငယ်ထည့်ပြီး ပြန်ကျို ကျွေးပါ။

ဆား၊သကြား၊ကြက်သားမှုန့် တွေထည့်စရာလုံးဝမလိုပါ။

တခါကျွေးရင် စားပွဲတင်ဇွန်း တဇွန်းမှ နှစ်ဇွန်းကျွေးပေးပါ။တနေ့ကို နို့တိုက်ပြီးနောက် တကြိမ် သို့မဟုတ် နှစ်ကြိမ်ထိကျွေးနိုင်ပါတယ်။

ကလေးအသက်၈လကနေ တနှစ်ဆိုရင်

ကလေးနို့စို့ချင်တဲ့အခါတိုင်း နို့တိုက်ပေးပါ။

နူးနပ်ပျော့အိနေတဲ့ထမင်းပေါ်ဆီလေးအနည်းငယ်ထည့်ကာ သေချာနူးနပ်အောင် ကျက်အောင်လုပ်ထားတဲ့ ကြက်ဥပြုတ် သို့မဟုတ် ကြက်အသည်း၊ငါး၊အသား၊ပဲ စတဲ့တခုခုနဲ့ရောကျွေးနိုင်ပါတယ်။

သေချာချက်ထားတဲ့ဟင်းသီးဟင်းရွက်တမျိုးမျိုးကိုလည်း ကြိတ်ချေကာ ထည့် ကျွေးနိုင်ပါတယ်။

ငှက်ပျောသီးအမှည့်၊သဘောၤသီးအမှည့်၊သရက်သီးအမှည့် လိုသစ်သီးမှည့်တွေကိုလည်း ကြိတ်ချေပြီး ကျွေးနိုင်ပါတယ်။

နွားနို့တော့ တိုက်လို့မရသေးပါ။တနှစ်ပြည့်ပြီးမှပဲ နွားနို့တိုက်သင့်ပါတယ်။

တနေ့ကို သုံးကြိမ် ကနေ ငါးကြိမ်အထိကျွေးနိုင်ပါတယ်။

၁နှစ်ကနေ ၅ နှစ်အရွယ်ကလေးတွေမှာဆိုရင်

အိမ်ကမိသားစုတွေစားတဲ့ အစားစာတွေကျွေးနိုင်ပါပြီ။

ဒါပေမယ့် အစပ်ကဲတာ၊ငန်လွန်းတာ မျိုးတွေကိုတော့ ရှောင်ရပါမယ်။အစားစာတွေကလည်း သန့်ရှင်းလတ်ဆတ်မှုရှိဖို့ လိုပါတယ်။

မိခင်နို့ကိုတော့ ကလေးအသက် ၂နှစ်အထိတိုက်နိုင်ပါတယ်။

တနေ့ကို မနက် နေ့ ည သုံးနပ်ကျွေးနိုင်ပါတယ်။

တနပ် နဲ့ တနပ် ကြားထဲမှာ တော့ အာဟာရဖြစ်မယ့် သန့်သန့်ရှင်းရှင်းလုပ်ထားတဲ့ ရိုးရာမုန့်လေးတွေ(ဥပမာ မုန့်ကျွဲသဲ၊မုန့်ပေါင်း၊မုန့်ပဲဆုပ် စသဖြင့်)၊ငှက်ပျောသီး၊သဘောၤသီး၊နာနတ်သီး၊သရက်သီး စတဲ့ရာသီပေါ်သစ်သီးလေးတွေ ကျွေးသင့်ပါတယ်။

ဒါ့အပြင် ပြောင်းဖူး၊မြေပဲ တို့ကိုလည်း ကျွေးနိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ