ကလေးငယ်လေးတွေကို ပြင်းထန်စွာ လှုပ်ရမ်းမိတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။

ကလေးငယ်လေးတွေကို ပြင်းထန်စွာ လှုပ်ရမ်းမိတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။

လူကြီးမိဘအချို့ ကလေးထိန်းအချို့တွေဟာ အသည်းယားတဲ့အခါ၊ ကလေးအငိုမတိတ်လို့ စိတ်မရှည်တဲ့အခါ၊ ဒေါသထွက်နေတဲ့အခါ စတဲ့အခြေအနေတွေမှာ ကလေးငယ်လေးတွေကို ပခုံးကနေကိုင်ပြီး ရှေ့တိုးနောက်ဆုတ် ပြင်းထန်စွာ ကိုင်လှုပ်ရမ်းတာမျိုးကို လုပ်မိတတ်ကြပါတယ်။

အထူးသဖြင့်

– အသက်အရမ်းငယ်တဲ့မိဘတွေ

– ကလေးမလိုချင်ဘဲနဲ့ရလာတဲ့ မိဘတွေ၊ ပြင်ဆင်ထားချိန်မရှိဘဲနဲ့ ရုတ်တရက်ကလေးရလာတဲ့ မိဘတွေ

– တကိုယ်တော်မိခင် (Single Mother)၊ တကိုယ်တော်ဖခင်တွေ (Single father)

– စိတ်ဖိစီးစရာများတဲ့သူတွေ

– စိတ်ကျရောဂါ ခံစားနေရတဲ့သူတွေ

– အရက်၊ မူးယစ်ဆေးတခုခုစွဲလန်းနေတဲ့သူတွေ

– အိမ်တွင်းနှိပ်စက်မှုကို ခံစားနေရတဲ့သူတွေ

မိမိကလေးဘဝတုန်းက နှိပ်စက်ခံခဲ့ရဖူးတဲ့သူတွေဟာ ကလေးငယ်တွေအပေါ်မှာ စိတ်မရှည် သည်းမခံနိုင်ကြဘဲ ကလေးငယ်တွေကို ကိုင်လှုပ်ရမ်းတာမျိုးတွေ လုပ်နိုင်ခြေများပါတယ်။

လူကြီးတွေ စိတ်ပိုင်းဆိုင်ရာခံစားမှုအလျောက် ကလေးငယ်လေးတွေကို ကိုင်လှုပ်တာဟာ စက္ကန့်ပိုင်းလောက်သာ ကြာပေမယ့် ကလေးငယ်လေးတွေအတွက်တော့ တဘဝလုံးထိခိုက်နစ်နာမဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။

ကလေးငယ်လေးတွေကို ပြင်းထန်စွာ ကိုင်လှုပ်တဲ့အခါမှာ shaken baby syndrome လို့ခေါ်တဲ့ ကလေးဦးနှောက်ထိခိုက်ပျက်စီးခြင်း အခြေအနေကို ဖြစ်စေနိုင်ပါတယ်။

ကလေးငယ်လေးတွေမှာ သူတို့ရဲ့လည်ပင်းကြွက်သားတွေဟာ အားနည်းနေသေးတာကြောင့် ခေါင်းကို ကောင်းကောင်းမထိန်းပေးထားနိုင်ပါဘူး။

ဒါ့အပြင် သူတို့ရဲ့ဦးနှောက်ကလည်း ဖွံ့ဖြိုးဆဲဖြစ်သေးတာကြောင့် ဦးခေါင်းခွံနဲ့ ဦးနှောက်ကြားထဲမှာ နေရာလွတ်လေးတွေရှိနေပါတယ်။

ဒါကြောင့် ကလေးငယ်တွေဟာ ပြင်းထန်စွာ ကိုင်လှုပ်ခံရတဲ့အခါမှာ သူတို့ရဲ့ ဦးနှောက်နဲ့ ဦးခေါင်းခွံနဲ့ပွတ်တိုက်မိပြီး ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောလေးတွေပေါက်ကုန်ကာ ဦးနှောက်ထိခိုက်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ကလေးရဲ့ အရိုးတွေကျိုးတာ၊ မျက်လုံး၊ လည်ပင်းနဲ့ ခါးရိုးထိခိုက်တာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

ကိုင်လှုပ်ခံရတဲ့ ကလေးငယ်ဟာ အပြင်ပန်းအနေနဲ့ကြည့်ရင် တခါတရံ မျက်နှာမှာအညိုအမည်းစွဲနေတာမျိုးရှိနိုင်ပေမယ့် အများအားဖြင့် ဘာဒဏ်ရာဒဏ်ချက်မှ မရှိတတ်တာများပါတယ်။

သိပ်မပြင်းထန်တဲ့ အခြေအနေမှာဆိုရင်လည်း ကလေးငယ်ဟာ ကိုင်လှုပ်ခံရပြီးပြီးချင်း ဘာလက္ခဏာမှ မခံစားရဘဲ အချိန်ကြာလာမှသာ ကလေးငယ်ရဲ့ အပြုအမူတွေပြောင်းလဲလာတာ၊ ကျန်းမာရေးချို့ယွင်းလာတာမျိုးတွေ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ အခြေအနေဆိုရင်တော့ ကိုင်လှုပ်ခံရပြီးသိပ်မကြာခင်မှာ

– ကလေးငယ်ဟာ အရမ်းမှိန်းလွန်းတာ သို့မဟုတ် ဂဏှာမငြိမ်ဖြစ်လွန်းတာ

– အစာသိပ်မစားတာ၊ နို့သိပ်မစို့တော့တာ

– အသက်ရှုရခက်တာ၊ မောတာ

– အသားအရေအရောင်ဟာ ပြာလာတာ

– အန်တာ

– တက်တာ

– အကြောသေတာ

– သတိလစ်စသဖြင့် ခံစားရပြီး အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။

မိဘတွေအနေနဲ့ မိမိကလေးမှာ ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင် သို့မဟုတ် ကလေးငယ်မှာ မူမမှန်တာတခုခုရှိနေပြီဆိုရင် သို့မဟုတ် ကလေးငယ်ကို တယောက်ယောက်က ကိုင်လှုပ်ထားနိုင်တယ်လို့ သံသယရှိရင် အချိန်မဆွဲဘဲ ချက်ချင်း နီးစပ်ရာဆေးရုံဆေးခန်းပြသပြီး shaken baby syndrome ဟုတ်မဟုတ်စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ တချို့သောရောဂါတွေရဲ့ လက္ခဏာတွေဟာလည်း Shaken baby syndrome မှာဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတတ်လို့ပါ။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ ကလေးမျက်လုံးထဲမှာ သွေးထွက်နေမနေ ကိရိယာနဲ့ စမ်းသပ်ကြည့်ရှု့တာ၊ ကွန်ပျူတာဓါတ်မှန်ရိုက်တာ (CT scan)၊ သံလိုက်ဓါတ်မှန်ရိုက်တာ (MRI scan) စသဖြင့် လုပ်ရနိုင်ပါတယ်။

ဒီလိုတွေစစ်ဆေးကြည့်လို့ ဟုတ်ခဲ့ရင် ချက်ချင်းကုသဖို့ လိုပါတယ်။

ကုသပေမယ့်

Shaken baby syndrome ဖြစ်တဲ့ ကလေးငယ်အတော်များများဟာ အသက်သေဆုံးနိုင်ခြေများပါတယ်။

Shaken baby syndrome ဖြစ်ပြီး အသက်မသေတဲ့ ကလေးငယ်တွေဟာလည်း မျက်စိအမြင်အာရုံချို့ယွင်းတာ၊ သင်ကြားနိုင်မှုစွမ်းရည်ချို့ယွင်းတာ၊ ဖွံဖြိုးမှုနောက်ကျတာ၊ အတက်ရောဂါဖြစ်တာ၊ Cerebral Palsy ဆိုတဲ့ ကိုယ်ဟန်အနေအထားနဲ့လှုပ်ရှားမှုတွေမှာ ပုံမှန်မဖြစ်တဲ့ အခြေအနေဖြစ်ပြီးမသန်စွမ်းဖြစ်သွားတာ စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပြီး တဘဝလုံး ဆေးကုသမှုခံယူဖို့ လိုသွားနိုင်ပါတယ်။

လေ့လာမှုတွေအရ ကလေးငယ်တွေကို ပြင်းပြင်းထန်ထန်ကိုင်လှုပ်မှသာ Shaken baby syndrome ဖြစ်နိုင်တာမဟုတ်ဘဲ အသာအယာကိုင်လှုပ်ရင်လည်း ဖြစ်နိုင်ကြောင်းသိရပါတယ်။

ဒါကြောင့် ကလေးငယ်တွေကို ကိုင်ဆောင့်ပြီး လှုပ်ရမ်းခြင်းကို ပညာရှင်များက ကလေးငယ်အကြမ်းဖက်မှု၊ ညှင်းဆဲမှု တရပ်အနေနဲ့သတ်မှတ်ထားပြီး မည်သည့်အခြေအနေ အကြောင်းကြောင်းနဲ့မှ ကလေးငယ်လေးတွေကို ပြင်းပြင်းထန်ထန်ကိုင်လှုပ်ခြင်းရော အသာအယာကိုင်လှုပ်ခြင်းရော လုံး၀ မပြုဖို့တားမြစ်ထားပါတယ်။

အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ မိဘများအနေနဲ့ မိမိကလေး ကလေးတအားငိုနေတဲ့အခါနဲ့ မိမိစိတ်မကြည်တဲ့အချိန်နဲ့ ကြုံတဲ့အခါ ကလေးကို ဒေါသထွက်ပြီး ကိုင်လှုပ်တာမျိုး လုံးဝမလုပ်မိဖို့ အကြံပေးချင်ပါတယ်။

ကိုယ်အရမ်းပင်ပန်းပြီး စိတ်ဖိစီးမှုများနေပါက မိဘဆွေမျိုးကို အကူအညီတောင်းပါ။ သို့မဟုတ် ကလေးထိန်းငှားပါ။

ကလေးထိန်းငှားတဲ့အခါ ကိုယ့်ဆွေမျိုးမိဘတွေကို အကူအညီတောင်းတဲ့အခါတွေမှာလည်း ကလေးထိန်းကို ကလေးအား ဘယ်လိုအခြေအနေမှာမှ ကိုင်လှုပ်တာမျိုးမပြုလုပ်စေဖို့ သေချာမှာထားဖို့ လိုပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ