ကလေးများနှင့် နာမကျန်းဖြစ်ခြင်း

ကလေးများနှင့် နာမကျန်းဖြစ်ခြင်း

ခန္ဓာကိုယ်ပြင်ပမှ ရှုသွင်း လိုက်သောလေ၊ စားသုံးလိုက်သော အစားအသောက်များနှင့် တနေ့တာထိတွေ့နေရသည့် အသုံးအဆောင်များနှင့် ခြင်ကဲ့သို့အကောင်များ ကိုက်ခြင်းများမှတဆင့် ဝင်ရောက်လာ တတ်သော ဗိုင်းရပ်စ်ပိုးမွှားများ၊ ဘတ်တီးရီးယား ပိုးမွှားကြောင့် ကိုယ်ပူခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါများနှင့် တုတ်ကွေးနှင့် နှာစေး၊ချောင်းဆိုးခြင်း ကဲ့သို့သော နာမကျန်းမှုများ အသက်အရွယ်မရွေး ဖြစ်ပွားစေနိုင်သည်။

သာမန်အားဖြင့် ပြင်ပမှ ရောဂါဖြစ်ပွား စေသည့် ပိုးတမျိုးမျိုး ဝင်ရောက်လာလျှင် ခန္ဓာကိုယ်အတွင်း ခုခံအားစနစ်က တိုက်ဖျက်ပြီး ဖျားနာခြင်း မဖြစ်အောင် တားဆီးပေးနိုင်သော်လည်း အသက်အရွယ် ငယ်ရွယ်သော ကလေးငယ်များတွင်မူ ကိုယ်ခံအားစနစ် ကောင်းစွာ မဖွံ့ဖြိုးသေးသည့်အတွက် နာမကျန်းမှုများ ဖြစ်ပွားရန် အခွင့်အရေး အလွန်ပင် များလှသည်။

မကြာမီကာလများတွင် နွေရာသီကိုလွန်၍ မိုးဦးကျကာလနှင့်အတူ အခြေခံပညာ ကျောင်းများလည်း ဖွင့်တော့မည်ဖြစ်သည်။ ကျောင်းနေအရွယ် ကလေးများအနေနှင့် စာသင်နှစ်စကတည်းက ကျန်းမာနေမှသာ တနှစ်လုံး စိတ်လက်ကြည်လင်စွာဖြင့် ပညာသင်ကြားနိုင်ကြမည်ဖြစ်၍ စာသင်နှစ်မစမီ ယခုအချိန်ကတည်းက မိဘများ အနေနှင့် မိမိကလေး၏ အသက်အရွယ်ကိုလိုက်၍ ဖြစ်ပွားတတ်သော နာမကျန်းမှုများ သိရှိထားကြသင့်သလို ကာကွယ်၍ရသော ရောဂါများကိုလည်း ကြိုတင်ကာကွယ် ထားကြရန်လိုသည်။

အထူးသဖြင့် အသက် ၅ နှစ်အောက်ကလေးများနှင့် မူလတန်းအရွယ် ကလေးငယ်များတွင် ကိုယ်ခံအားစနစ် ကောင်းစွာမဖွံ့ဖြိုးသေးသည့်အတွက် ရာသီဥတု ပြောင်းလဲ/ ပြင်းထန်ခြင်း၊ အရပ်ဒေသပြောင်းလဲခြင်းနှင့် လေထုအတွင်းရှိနေတတ်သော ပြင်းထန်မှု မရှိသည့် သာမန်ရောဂါပိုးများ ထိတွေ့ရုံနှင့်ပင် ဖျားနာခြင်းလက္ခဏာများ ဖြစ်ပွားခံစား ရနိုင်သည်။

ပုံမှန်အတိုင်း ကျန်းမာနေသည့် ကလေးငယ်တဦးပင် အထက် ဖော်ပြပါ အကြောင်းအရာများကြောင့် ဝမ်းပျက်ဝမ်းလျောခြင်းနှင့် သာမန်ဖျားနာခြင်းများ တနှစ် အတွင်း အများဆုံး ၄/၅ ကြိမ်ခန့်အထိ ဖြစ်ပွားခံစားရနိုင်သဖြင့် ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဆိုသည့်အတိုင်း ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို သိရှိအောင် ပြုလုပ်ပြီး လိုအပ်သလို ကြိုတင်ကာကွယ်ထားကြသင့်သည်။

ကလေးများတွင် အဖြစ်များသည့် ကျန်းမာရေးပြဿနာများ

ရာသီဥတု၊ နေထိုင်ရာအရပ်ဒေသနှင့် အဆောက်အဦးပုံစံ၊ မိဘများ၏ စီးပွားရေး အနေအထား စသည်ဖြင့် အခြေအနေ အရပ်ရပ်ကို မူတည်ပြီး ကလေးများတွင် အဖြစ်များသည့် ကျန်းမာရေးပြဿနာများ များစွာရှိသည်။

ရာသီဥတုပူသည့် နွေရာသီတွင် ဝမ်းပျက်ဝမ်းလျောခြင်း၊ အစာ အဆိပ်သင့်ခြင်း၊ ကိုယ်ပူကြီးခြင်းနှင့် အပူရှပ်ခြင်းကဲ့သို့ ရောဂါများ ဖြစ်ပွားနိုင်ပြီး လေထု စိုထိုင်းစ များသည့် မိုးတွင်းနှင့် မိုးဦးကျ ကာလများတွင် တုတ်ကွေးရောဂါ၊ သွေးလွန် တုတ်ကွေးနှင့် နှာစေးချောင်းဆိုးခြင်းများ အများဆုံး ဖြစ်ပွားတတ်သည်။

လူနေထူထပ်သည့် မြို့ပေါ်တွင် နေထိုင်သည့် ကလေးငယ်များနှင့် လေလုံသော အဆောက်အဦးများတွင် နေထိုင်သည့် ကလေးငယ်များတွင် မီးခိုးများ ဖုန်မှုန့်များနှင့် လေထုညစ်ညမ်းမှုကြောင့်ဖြစ်သည့် ချောင်းဆိုးခြင်းနှင့် ပန်းနာရင်ကြပ်ရောဂါများကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများအဖြစ်များပြီး ကျေးလက်ဒေသနေ ကလေး ငယ်များတွင်မူ တကိုယ်ရည် သန့်ရှင်းမှုအားနည်းခြင်းကြောင့်ဖြစ်ရသည့် ဝမ်းရောဂါနှင့် အရေပြားရောဂါများ ပိုမို အဖြစ်များတတ်ကြသည်။

အချို့သော ငွေကြေးတတ်နိုင်သည့် မြို့ပေါ်နေ မိဘများအနေနှင့် မိမိကလေးကို သာမန်ထက် ပိုသော ဂရုစိုက်ခြင်းမျိုးဖြင့် ပြုစုပျိုးထောင်တတ်ကြပြီး နေပူမခံစေခြင်း၊ ရာသီဥတုဒဏ် မခံစေခြင်းနှင့် ၎င်းတို့၏ အိပ်အပြင်ဘက်နေ လူများ၊ အရာဝတ္ထုများနှင့် အတတ်နိုင်ဆုံး မထိတွေ့ရလေအောင်ထားတတ်ကြသည်ကို တွေ့ရသည်။

အဆိုပါ ကလေးများတွင် သာမန်ကလေးများ ထက်ပို၍ ကိုယ်ခံအားစနစ်ဖွံ့ဖြိုးမှု နှေးနေတတ်ပြီး သာမန်ရာသီဥတု အပြောင်းအလဲမျိုးတွင်ပင် နာမကျန်းဖြစ်စေနိုင်ကြောင်းနှင့် ဖြစ်ပွား လာခဲ့လျှင်လည်း အခြားကလေးများထက်ပို၍ ပြင်းထန်စွာ ခံစားရတတ်ကြောင်း ကိုလည်း သိရှိထားကြသင့်သည်။

ကလေးငယ်များ နာမကျန်းဖြစ်လာလျှင်

ကလေးငယ်များသည် အရွယ်ရောက်ပြီးသူများကဲ့သို့ မိမိတွင် ခံစားနေရသည့် ဝေဒနာကို ပြောမပြတတ်သဖြင့် ၎င်းတို့၏ ပုံမှန်ဆောင်ရွက်နေကြ အခြေအနေများ ဖြစ်သည့် အိပ်ခြင်း၊ အစားစားခြင်းနှင့် ဆော့ကစားခြင်းများ မရှိပဲ အီနေခြင်း၊ ဝမ်းပျက် ဝမ်းလျောခြင်း၊ ပျို့အန်ခြင်းနှင့် ကိုယ်အပူချိန်များနေသည့် အခြေအနေများတွင်သာ နာမကျန်းဖြစ် နေကြောင်း သိရှိရသည်။

အများစုသော နာမကျန်းမှုများသည် သာမန်ဖျားနာခြင်းနှင့် ဝမ်းပျက်ဝမ်းလျော ခြင်းများသာဖြစ်၍ မိမိအိမ်တွင်ပင် ကိုယ်ပူကျစေရန် ရေပတ်တိုက်ပေးခြင်း၊ ကလေး၏ အသက်အရွယ်အရ သင့်တော်သော ပမာဏရှိသည့် Paracetamol ဆေးရည် တိုက်ကျွေးခြင်းနှင့် ဓာတ်ဆားရည် (သို့မဟုတ်) လတ်ဆတ်သော အသီးဖျော်ရည်များ တိုက်ကျွေးခြင်း ပြုလုပ်ပေးနိုင်ပြီး တရက်၊ နှစ်ရက်အတွင်း သက်သာသွားတတ် ကြသည်။

ရေပတ်တိုက်ပေးခြင်းနှင့် အဖျားကျဆေးများတိုက်နေသော်လည်း ၃ ရက်နှင့်အထက် ကိုယ်ပူမကျလျှင်၊ အဖျားကြီးလျှင်၊ ကလေးမှိန်းလွန်းလျှင် (သို့) စားသမျှ အန်နေချိန်များတွင် ဆေးရုံဆေးခန်း ပြသပြီး လိုအပ်သော ဆေးဝါးများဖြင့် ကုသမှု ခံယူရမည် ဖြစ်သည်။

အချို့သော ရောဂါအခြေအနေများတွင်မူ အသက်အရွယ်ကိုလိုက်၍ သာမန် ဖျားနာခြင်းကဲ့သို့ လက္ခဏာများသာ ခံစားရတတ်သော်လည်း လိုအပ်သော ကုသမှုကို အချိန်မီ ခံယူခြင်းမရှိလျှင် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် ရောဂါများလည်း ရှိသဖြင့် မိမိ ကလေးနာမကျန်းဖြစ်လျှင် မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေကာမူ စပ်ဆေးများ၊ ဆေးမြီးတိုများနှင့် ပိုးသတ်ဆေး (Antibiotics) များကို မိမိသဘောဖြင့်မိမိ တိုက်ကျွေးခြင်းကို ရှောင်ကျဉ်သင့်ပြီး ဆေးရုံ၊ ဆေးခန်းများတွင် အချိန်မီသွားရောက် ကုသမှုခံယူကြသင့်သည်။

နာမကျန်းဖြစ်နေသည့် ကလေးများတွင် သာမန်အချိန်ထက်ပို၍ ကိုယ်ခံအား နည်းနေနိုင်သဖြင့် အခြားသော ရောဂါပိုးများ ထပ်မံကူးစက်ခြင်း မရှိစေရန်နှင့် အတူနေ အခြားကလေးများသို့ ထပ်မံကူးစက်ခံရစေခြင်း မရှိစေရန်အတွက် လူနေ ထူထပ်သည့် နေရာများသို့ ခေါ်သွားခြင်းနှင့် မူကြိုကျောင်း၊ စာသင်ကျောင်းများသို့ သွားစေခြင်းများ မပြုသင့်ပဲ အိမ်တွင်ပင် ကောင်းစွာ အနားယူစေရမည်။

ထို့အပြင် အသက်အရွယ်တူ ကလေးချင်းယှဉ်လျှင် မိမိ၏ ကလေးက ပို၍ ချူချာနေခြင်းနှင့် အကြောင်းကိစ္စ တစုံတရာမရှိပဲ မကြာခဏ နာမကျန်းဖြစ်နေခြင်းများ ရှိနေလျှင် ရောဂါလက္ခဏာများ သက်သာရုံ ကုသမနေသင့်ပဲ နားလည်တတ်ကျွမ်းသည့် ဆရာဝန်/ ကလေးပါရဂူနှင့် တိုင်ပင်ပြီး လိုအပ်သောစမ်းသပ် စစ်ဆေးမှုများပြုလုပ်ကာ ဖြစ်ပွားစေသည့် အကြောင်းအရင်းကို ရှာဖွေကုသပြီး ရောဂါကာကွယ်ရေးနည်းလမ်းများ ဖြစ်သည့် ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းများ၊ လက်ဆေးခြင်းနှင့် ခြင်မကိုက်အောင် ပြုလုပ်ပေးခြင်း စသည်တို့ကိုလည်း ကြိုတင်ပြုလုပ်ပေးထားသင့်သည်။

သို့မှသာ မိမိရင်သွေး ကလေးငယ်များ ခံစားရနိုင်သည့် နာမကျန်းဖြစ်မှုများမှ ကာကွယ်နိုင်မည်ဖြစ်ပြီး မိဘများအနေနှင့်လည်း စိုးရိမ်ပူပန်မှုများ လျော့နည်းနိုင်ကြမည် ဖြစ်သလို နာမကျန်းမှုဖြစ်လျှင် ဆေးဝါးကုသရခြင်းများအတွက် အသုံးပြုရသည့် အချိန်ကုန် ငွေကုန်ဖြစ်ခြင်းများ မှလည်း ရှောင်ရှားနိုင်ကြမည်ဖြစ်သည်။

ကလေးငယ်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘဝခရီးကို လျောက်လှမ်း နိုင်ကြပါစေ။

Dr. Tint Tal

ဆက်စပ် ဆောင်းပါးများ