ချက်မကြွေခင်နဲ့ကြွေပြီးနောက် ဘယ်လိုဂရုစိုက်ပေးရမလဲ

ချက်မကြွေခင်နဲ့ကြွေပြီးနောက် ဘယ်လိုဂရုစိုက်ပေးရမလဲ

ချက်ကြွေတယ် ချက်ကြွေတယ်ဆိုပြီး ကျွန်တော်တို့ပြောပြောနေပေမယ့် အမှန်တကယ်တော့ ချက်ကြွေတာမဟုတ်ပါဘူး။

ချက်ကြိုးကြွေတာလို့ပြောမှ မှန်မှာပါ။ ဇာတိချက်ကြွေလို့ ပြောတာထက် ဇာတိချက်ကြိုးငုပ်စိကြွေ လို့ပြောသင့်ပါတယ်။ ကလေးလေးတွေ သန္ဓေသားဘဝနဲ့ မိခင်သားအိမ်ထဲမှာရှိစဉ်ချက်ကြိုး (Umbilical cord) က သားအိမ်နံရံမှာရှိတဲ့ အချင်းမှ ထွက်လာပြီး သန္ဓေသားရဲ့ဝမ်းဗိုက်နေရာကနေ သန္ဓေသားကိုယ်ထဲဝင်ရောက်ကာ သန္ဓေသားလိုအပ်တဲ့ အစာအာဟာရနဲ့ အောက်စီဂျင်တွေကို ထောက်ပံ့ပေးပါတယ်။

မိခင်ဝမ်းကနေ ဖွားမြင်ပြီးတဲ့အခါမှတော့ မိခင်နို့စို့နိုင်ပြီဖြစ်ပြီး ချက်ကြိုးကိုလည်းမလိုအပ်တော့တဲ့အတွက် မွေးပြီးပြီးချင်း ချက်ကြိုးကိုဖြတ်ပစ်ရပါတယ်။ ချက်ကြိုးထဲမှ ာသွေးတွေရှိတာကြောင့် ဖြတ်တဲ့အခါမှာ သွေးတွေစင်တာ သွေးတွေထွက်ကျတာဖြစ်မှာစိုးတဲ့အတွက်
ကလေးဘက်မှ ချက်ကြိုးသုံးပုံတပုံနေရာလောက်မှာ အပေါ်ကနေလက်နဲ့ ဟိုဘက်ဒီဘက် ဖိတွန်းစုပြီး ညှပ်နှစ်ခု သို့မဟုတ် ကြိုးနှစ်ခုနဲ့ချည်လိုက်ပါတယ်။

ဒီလိုလုပ်တဲ့အတွက် ညှပ်နှစ်ခု သို့မဟုတ် ကြိုးနှစ်ခုရဲ့ ကြားနေရာမှာ သွေးတွေသိပ်မရှိတော့ဘူးဖြစ်သွားပါတယ်။ ထို့နောက် ကတ်ကြေးအသန့်နဲ့ ညှပ်နှစ်ခု သို့မဟုတ် ကြိုးနှစ်ခု ကြားနေရာကနေ ဖြတ်ချလိုက်ပါတယ်။ အဲ့အခါမှာ ကလေးရဲ့ ဝမ်းဗိုက်နေရာမှာ ချက်ကြိုးငုပ်စိလေးက ညှပ်တန်းလန်းလေးနဲ့ ကျန်ခဲ့ပါတယ်။

ချက်ကြိုး ဝင်ရောက်ခဲ့တဲ့ ကလေးဝမ်းဗိုက်နေရာဟာ ကြွက်သားတွေနဲ့ တဖြည်းဖြည်းပိတ်သွားတဲ့အတွက် ညှပ်တန်းလန်းလေးနဲ့ ကျန်ခဲ့တဲ့ချက်ကြိုးငုပ်စိလေးက ပုံမှန်အားဖြင့် တဖြည်းဖြည်းခြောက်ပြီးမည်းလာကာ ၇ ရက်ကနေ ၂၁ ရက် အကြာမှာ ကြွေလေ့ရှိပါတယ်။

ချက်ကြိုးငုပ်စိလေးကြွေသွားတဲ့အခါမှသာ ကြွေသွားတဲ့နေရာမှာ ချက် (umbilicus) ပေါ်လာတာပါ။ ချက်ကြိုးငုပ်စိလေးမကြွေခင် အချိန်အတောအတွင်းမှာ မိဘများအနေနဲ့ ချက်ကြိုးငုပ်စိလေးကို သေချာဂရုစိုက်ပြီး သန့်ရှင်းအောင်နှင့် ခြောက်သွေ့အောင်ထားဖို့ လိုပါတယ်။

မဟုတ်ရင် အဲ့ကနေ ပိုးဝင်ရောက်ကူးစက်ခံရပြီး အသက်အန္တရာယ် ထိခိုက်တာမျိုးအထိ ဖြစ်နိုင်လို့ပါ။ ချက်ကြိုးငုပ်စိနဲ့ အနီးတဝိုက်နေရာကို နနွင်းသိပ်တာ၊ လိမ်းတာ မျိုးတွေမပြုလုပ်ရသလို ပေါင်ဒါ၊ Lotion တွေလိမ်းတာလည်း ရှောင်ရပါမယ်။

ဘာဆိုဘာမှမထည့်တာ မလိမ်းတာ အကောင်းဆုံးပါပဲ။ ချက်ကြိုးငုပ်စိမကြွေမချင်း ကလေးကို ရေမချိုးပေးသင့်ပါ။ ရေဖတ်ပဲတိုက်ပေးရပါမယ်။ ကြွေပြီးမှသာ ရေချိုးပေးသင့်ပါတယ်။ ဒိုင်ရာပါသေးခံ သုံးတဲ့အခါမှာလည်း ချက်ကြိုးငုပ်စိ နဲ့လွတ်အောင် ခေါက်ပြီးဝတ်ပေးဖို့ သို့မဟုတ် ညှပ်ပြီးဝတ်ပေးဖို့လိုပါတယ်။

အကျီဝတ်ပေးတဲ့အခါမှာလည်း လေဝင်လေထွက်ကောင်းတဲ့ ခပ်ပွပွအကျီလေးတွေကိုပဲဝတ်ပေးပါ။ ဒါမှချက်ကြိုးငုပ်စိလေးဟာ လေသလပ်ပြီး ခြောက်သွေ့နေကာ မြန်မြန်ကြွေမှာပါ။တကယ်လို့ ချက်ကြိုးငုပ်စိလေးဟာ စိုစွတ်စေးကပ်နေတာရှိတဲ့အတွက် သန့်ရှင်းချင်တယ်ဆိုရင် အဝတ်သန့်လေးကို ရေသန့် သို့မဟုတ် ရေကျက်အေးလေးစွတ်ပြီး အသာအယာပွတ်ကာသန့်ရှင်းပေးနိုင်ပါတယ်။

ပြီးရင်တော့ နောက်အဝတ်သန့်တခုနဲ့ ခြောက်အောင် အသာသုတ်ဖို့လိုပါမယ်။ သန့်ရှင်းရေးမလုပ်ခင်မှာ လက်ကို သေချာသန့်စင်အောင်ဆေးပါ။ ဒီလိုသန့်ရှင်းခြောက်သွေ့အောင်ထားရင် ချက်ကြိုးငုပ်စိလေးဟာ တဖြည်းဖြည်းခြောက်ပြီးမည်းလာကာ ပုံမှန်အားဖြင့် ၇ ရက်ကနေ ၂၁ ရက် အကြာမှာ ကြွေလေ့ရှိပါတယ်။

၄ ပတ်ကျော်လို့မှမကြွေသေးရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။ချက်ကြိုးငုပ်စိလေးကြွေသွားပြီးတဲ့အခါ ကြွေတဲ့နေရာမှ ာချက်ဖြစ်လာပြီး အဲ့နေရာကနေ အရည် သို့မဟုတ် သွေးအနည်းငယ်ထွက်နိုင်ပါတယ်။ သိပ်စိုးရိမ်ဖို့မလိုပါ။

Betadine, Povidone iodine 9-12% လိမ်းဆေးလိုမျိုးလည်း ထည့်ပေးနိုင်ပါတယ်။ တခါတလေမှာ အကြောင်းအမျိုးမျိုးကြောင့် ချက်ကြိုးငုပ်စိမကြွေခင်အချိန်နဲ့ ကြွေပြီးစ အချိန်တွေမှာ ပိုးဝင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် တကယ်လို့ ကလေး ချက်ကြိုးငုပ်စိနေရာ သို့မဟုတ် ချက်နေရာက နီရဲရောင်ရမ်းနေတာ၊ အရည်တွေထွက်နေပြီး ထွက်တဲ့အရည်ကလည်း ဝါစိမ်းစိမ်းအရောင်ဖြစ်နေကာ အနံ့ကလည်းနံနေတာ၊ သွေးထွက်မရပ်တာ၊ကလေးကနို့ကောင်းကောင်းမစို့တော့တာ၊ကိုယ်ပူလာတာ၊ အီနေတာ စသဖြင့် မူမမှန်တာတခုခုရှိခဲ့ရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းအမြန်ပြဖို့လိုပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ