အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါအကြောင်း

အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါအကြောင်း

ဒီတပတ်မှာတော့ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာတွေထဲကမှ ကလေးတွေမှာ အဖြစ်များတဲ့ အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါအကြောင်း ရေးသားတင်ပြချင်ပါတယ်။

အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါဟာ စိတ်ပိုင်းဆိုင်ရာရောဂါတွေထဲက အမျိုးအစားတခုဖြစ်ပါတယ်။

ဆေးပညာအရတော့ Attention Deficit Hyperactivity Disorder (ADHD) လို့ခေါ်ပါတယ်။

အသက်အရွယ်မရွေးဖြစ်ပွားနိုင်ခြေရှိပြီး ကလေးတွေ၊ ဆယ်ကျော်သက်တွေမှာ အဖြစ်များလေ့ရှိပါတယ်။

ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုဖြစ်နိုင်ခြေများပါတယ်။

တချို့ကလေးတွေအနေနဲ့တော့ အသက်ကြီးလာရင် ပျောက်သွားတာမျိုးရှိပေမယ့် အများအားဖြင့်တော့ အသက်ကြီးတဲ့ထိလည်း ရောဂါဆက်ပါသွားတာမျိုးက များပါတယ်။

ADHD ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းတိတိကျကျတော့ ရှာမရသေးပါ။

သုတေသနပညာရှင်တွေကတော့ ဦးနှောက်အတွင်းရှိ ဓါတ်ပစ္စည်းတွေ မျှတမှုမရှိတာ၊ မျိုးရိုးလိုက်တာ၊ မိခင်က ကိုယ်ဝန်ဆောင်စဉ်မှာ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတွေသုံးတာ၊ ငယ်စဉ်ကလေးဘဝက ခဲဆိပ်သင့်ခဲ့တာ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရတာ စတဲ့အချက်တွေကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။

ADHD ရှိတဲ့ကလေးငယ်တွေဟာ သူတို့ရဲ့အတွေးထဲမှာ ပေါ်လာတာတွေကို သင့်၏။ မသင့်၏။ စဉ်းစားတွေးခေါ်ဆင်ခြင်နိုင်ခြင်းမရှိဘဲ စိတ်ကူးပေါက်သလို ပြုမူလုပ်ဆောင်တတ်တာ၊ ကိစ္စတခုမှာ အာရုံစူးစိုက်နိုင်မှုမရှိတာ၊ အပြုအမူတွေဟာ အတက်ကြွလွန်တဲ့ ပုံစံမျိုးဖြစ်နေတာမျိုးတွေကြောင့် ကျောင်းမှာ သူငယ်ချင်းတွေ၊ ဆရာဆရာမတွေနဲ့ ဆက်ဆံရေး၊ အိမ်မှာ မိသားစုနဲ့ဆက်ဆံရေးတွေမှာ အခက်အခဲတွေရှိလာနိုင်ပါတယ်။

ADHD ရှိတဲ့လူကြီးတွေဟာဆိုရင်လည်း အလုပ်နဲ့အချိန်ကို စီမံခန့်ခွဲရာမှာ၊ လူမှုရေးနဲ့ပေါင်းသင်းဆက်ဆံရေးတွေမှာ အခက်အခဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ADHD ရှိတဲ့ ကလေးငယ်ဟာ ကျောင်းစာသင်ချိန်မှာ အာရုံမစိုက်နိုင်တာ၊ စာသင်နေချိန်မှာ အငြိမ်မနေနိုင်ဘဲ ဟိုဘက်ရွေ့ဒီဘက်ရွေ့တာ၊ ခြေထောက်ကို အပေါ်တင်လိုက် အောက်ချလိုက်လုပ်တာ၊ ခုံကိုလက်နဲ့ ခေါက်နေတာ၊ ကျောင်းကပေးတဲ့သင်ခန်းစာ၊ အိမ်စာတွေကို လိုက်မလုပ်နိုင်တာ၊ ပေါ့ဆမိရာမှဖြစ်တဲ့ အမှားမျိုးတွေ မကြာခဏလုပ်တာ၊ အစာစားချိန်၊ အိမ်သာတက်ချိန်မှာတောင် အငြိမ်မနေဘဲ တခုခုလုပ်နေတာ၊ မိမိအလှည့်ရောက်အောင် တန်းစီတာ၊ စောင့်ဆိုင်းရတာမျိုးတွေ လုပ်ရတဲ့အခါ မလုပ်နိုင်တာကြောင့် စိတ်ထဲရှိတဲ့အတိုင်း တွေးတောမဆင်ခြင်ဘဲ အလှည့်ကျော်တာတွေလုပ်တဲ့အတွက် တခြားကလေးတွေနဲ့ ပြဿနာခဏခဏဖြစ်တာ စသဖြင့် ဖြစ်နိုင်ပါတယ်။

အကြမ်းအားဖြင့်လည်း သာမန်ကလေးငယ်တချို့မှာ ဖော်ပြပါမျိုးတွေ ရှိတတ်သော်လည်း မိဘဆရာများက အကျိုးကြောင်း သေချာပြောဆိုဆုံးမရင်ဖြစ်ဖြစ် အသက်အရွယ်နည်းနည်းရလာတဲ့အခါဖြစ်ဖြစ် ထိုအမူအကျင့်တွေက ပျောက်ကွယ်သွားပါတယ်။

ဒါပေမယ့် ADHD ရှိတဲ့ကလေးတွေကတော့ အသက်အရွယ်ရလာသော်လည်း၊ မိဘဆရာကအကျိုးအကြောင်းသေချာဆုံးမပြောဆိုသော်လည်း ထိုအမူအကျင့်တွေက ပျောက်သွားလေ့မရှိတတ်ပါ။

အထူးသဖြင့် အသက်အရွယ်အလိုက် စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘဲ မိမိစိတ်ထဲပေါ်လာတဲ့အတိုင်း ရှေ့နောက်မဆင်ခြင်ဘဲ လုပ်တတ်တာကြောင့် မိမိပတ်ဝန်းကျင်က သူတွေနဲ့ လူမှုရေး၊ ဆက်ဆံရေးတွေမှာ အဆင်မပြေတာတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိမိကလေးမှာ အထက်မှာဖော်ပြထားတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ADHD (အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါ) ခံစားနေရာတာဟုတ်မဟုတ် သေချာအောင် စိတ်ဆရာဝန်နဲ့ ပြသစမ်းသပ်ကြည့်ဖို့လိုပါတယ်။

ADHD နဲ့လက္ခဏာဆင်တူတဲ့ တခြားစိတ်ရောဂါ အမျိုးအစားတွေလည်း ရှိတတ်လို့ပါ။

စိတ်ဆရာဝန်နဲ့စမ်းသပ်ကြည့်လို့ ADHD ရောဂါရှိနေတယ်ဆိုရင်တော့ စောစီးစွာ ကုသမှုခံယူဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ မကုဘဲထားပါက နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်မပြေတာတွေများလာပြီး အပယ်ခံဘဝရောက်သွားကာ အရက်၊ မူးယစ်ဆေးစွဲတာ၊ မိမိကိုယ်ကို ယုံကြည်တန်ဖိုးထားမှု လျော့လာတာ၊ စိတ်ဓါတ်ကျတာ၊ တခြားစိတ်ပိုင်းဆိုင်ရာရောဂါတွေပါ ခံစားရတာ စတဲ့ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

ဒီလိုကုသရာမှာ ဆေးဝါးသောက်တာအပြင် စိတ်ပညာရှင်နဲ့ ပြသဆွေးနွေးတာ၊ လူမှုဆက်ဆံရေးပညာရှင်နဲ့ ပြသဆွေးနွေးတာမျိုးတွေပါ လုပ်ဖို့လိုပါတယ်။

ဒါ့အပြင် မိဘ၊ ဆရာတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ မိဘဆရာတွေအနေနဲ့ ADHD ရောဂါခံစားနေရတဲ့ကလေးကို ဒေါသထွက်တာ၊ စိတ်ပျက်တာ၊ အော်ငေါက်တာတွေ မလုပ်ဘဲနဲ့ စိတ်ရှည်စွာဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ဖို့လိုပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ