နှလုံးသွေးလွှတ်ခန်းနှစ်ခုကြားနံရံတွင်အပေါက်ဖြစ်ခြင်

နှလုံးသွေးလွှတ်ခန်းနှစ်ခုကြားနံရံတွင်အပေါက်ဖြစ်ခြင်း

နှလုံးသွေးလွှတ်ခန်းနှစ်ခုကြားရှိ နံရံတွင် အပေါက်ဖြစ်ခြင်းဆိုတာ ဘာလဲ မပြောမီ အရင်ဆုံး နှလုံးအကြောင်းလေး နည်းနည်းရှင်းပြချင်ပါတယ်။ ဒါမှသာ စာဖတ်ပရိသတ်အများစုသဘောပေါက်လွယ်မှာပါ။

နှလုံး (Heart) ဆိုတာ ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် အရေးကြီးဆုံး ကိုယ်တွင်းအင်္ဂါဖြစ်ပါတယ်။ နှလုံးကနေ ဦးနှောက်အပါအဝင် တကိုယ်လုံးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းမှန်သမျှကို သွေးထောက်ပံ့မှုပေးနေတာပါ။

နှလုံးဟာ ပုံမှန်အားဖြင့် ရင်ဘတ်ရဲ့ ဘယ်ဘက်အခြမ်း (ဝဲဘက်ရင်အုံ) မှာတည်ရှိပါတယ်။
နှလုံးမှာ စုစုပေါင်း အခန်းလေးခန်း (Four Chambers) ရှိပါတယ်။ နှလုံးရဲ့ ဘယ်ညာတဖက်စီမှာ သွေးပြန်ခန်း (Atrium) နဲ့ သွေးလွှတ်ခန်း (Ventricle) တစုံစီပါရှိပါတယ်။ညာဘက်သွေးပြန်ခန်း (Right atrium) ထဲကို ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအားလုံးကို လိုအပ်တဲ့အာဟာရနဲ့ အောက်စီဂျင်တွေထောက်ပံ့ပြီး ပြန်လာတဲ့ အောက်စီဂျင်ဓါတ်နည်းပါတဲ့ သွေးတွေက သွေးပြန်ကြောမကြီးကနေတဆင့်ဝင်ပါတယ်။

ထိုဝင်လာတဲ့ သွေးတွေက ညာဘက်သွေးပြန်ခန်းကနေတဆင့် သူ့အောက်မှာရှိတဲ့ ညာဘက်သွေးလွှတ်ခန်း (Right Ventricle) ထဲရောက်ကာ ထိုမှတဆင့် နောက်ဆုံး အဆုတ် (Lungs) ဆီကို ရောက်ပါတယ်။

အဆုတ်မှာ အောက်စီဂျင်အလဲအလှယ် (Gaseous Exchange) လုပ်ပြီးနောက် အောက်စီဂျင်ပြည့်ဝတဲ့ သွေးတွေဟာ ဘယ်ဘက်သွေးပြန်ခန်း (Left Atrium) ထဲရောက်ပါတယ်။ ထိုမှတဆင့် ဘယ်ဘက်သွေးလွှတ်ခန်း (Left Ventricle) ထဲကိုရောက်ကာ အဲ့မှာရှိတဲ့ သွေးလွှတ်ကြောမကြီး (Aorta) ကနေတဆင့် တကိုယ်လုံးရှိ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်စီဂျင်ပြည့်ဝတဲ့ သွေးတွေထောက်ပံ့ပေးပါတယ်။

ခြုံပြောရရင် နှလုံးရဲ့ ညာဘက်ခြမ်းက အင်္ဂါအစိတ်အပိုင်းတွေဆီက ပြန်လာတဲ့ အဆုတ်ဆီကိုသွားရမယ့် အောက်စီဂျင်ဓါတ်နည်းပါးတဲ့ သွေးတွေရှိကာ ဘယ်ဘက်အခြမ်းက အင်္ဂါအစိတ်အပိုင်းတွေဆီ ထောက်ပံ့မယ့် အဆုတ်ဆီကပြန်လာတဲ့ အောက်စီဂျင်ဓါတ်ကြွယ်ဝတဲ့သွေးတွေရှိပါတယ်။

ဒီလို ဘယ်ညာနှစ်ဖက်ကို ရောမသွားအောင် Septum ဆိုတဲ့ နံရံနဲ့ခြားထားပါတယ်။ နှလုံးသွေးလွှတ်ခန်းနှစ်ခုကြားရှိ နံရံတွင်အပေါက်ပါခြင်းဆိုတာက ဘယ်ဘက်သွေးလွှတ်ခန်းနဲ့ ညာဘက်သွေးလွှတ်ခန်းနှစ်ခုကို ခြားထားတဲ့နံရံဖြစ်တဲ့ Septum မှာ အပေါက်ဖြစ်တာကိုပြောတာပါ။

ဆေးပညာအရတော့ Ventricular Septal Defect – VSD လို့ခေါ်ပါတယ်။ ဒီလိုအပေါက်ပါတဲ့အတွက် အင်္ဂါအစိတ်အပိုင်းတွေဆီကနေ ပြန်လာပြီး အဆုတ်ဆီသွားရမယ့် အောက်စီဂျင်ဓါတ်နည်းပါးတဲ့ နှလုံးညာဘက် သွေးလွှတ်ခန်းမှာရှိတဲ့သွေးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထောက်ပံ့ပေးမယ့် အောက်စီဂျင်ဓါတ်ကြွယ်ဝတဲ့ နှလုံးဘယ်ဘက်သွေးလွှတ်ခန်းမှာရှိတဲ့ သွေးတွေဟာ ရောနှောသွားပါတယ်။

ဒါ့အပြင် ဖိအားခြားနားမှုအရ အပေါက်ကိုဖြတ်သန်းပြီး သွေးတွေဟာ ဘယ်ဘက်သွေးလွှတ်ခန်းမှ ညာဘက်သွေးလွှတ်ခန်းထဲကို စီးဝင်တာကြောင့် ဘယ်ဘက်သွေးလွှတ်ခန်းထဲမှာ သွေးပမာဏနည်းသွားကာ ညာဘက်သွေးလွှတ်ခန်းထဲမှာ သွေးပမာဏများလာပါတယ်။

ရလဒ်အနေနဲ့ကတော့ ဘယ်ဘက်သွေးလွှတ်ခန်းမှာရှိတဲ့ သွေးလွှတ်ကြောမကြီးကနေတဆင့် တကိုယ်လုံးကို ထောက်ပံ့မယ့်သွေးတွေရဲ့ ပမာဏရော သွေးထဲမှာပါတဲ့ အောက်စီဂျင်ပမာဏရော နည်းသွားပါတယ်။ တဖက်မှာတော့ ညာဘက်သွေးလွှတ်ခန်းထဲသွေးပမာဏများလာပြီး အဆုတ်ဆီသွားတဲ့သွေးပမာဏများလာပါတယ်။

သွေးလွှတ်ခန်းနှစ်ခုကြားအပေါက်ပါခြင်း (Ventricular Septal Defect) ဟာ ကလေးငယ်တွေမှာ ဖြစ်လေ့ရှိတတ်တဲ့ မွေးရာပါနှလုံးရောဂါတွေထဲက အဖြစ်များတဲ့မွေးရာပါနှလုံးရောဂါတမျိုးပါ။

ဘာကြောင့်ဖြစ်လဲဆိုတာတော့ အတိအကျမသိသေးပါ။ မျိုးရိုးဗီဇနဲ့ဆိုင်နိုင်ခြေရှိတယ်လို့တော့ ယူဆကြပါတယ်။ ရောဂါလက္ခဏအနေနဲ့ကတော့ အပေါက်အရွယ်အစားပေါ်မူတည်ပါတယ်။ အပေါက်အရွယ်အစားကသေးရင် (0.5 to 1 centimeter square အတွင်းရှိရင်) ကျ ဘာရောဂါလက္ခဏမှ ပြလေ့မရှိတတ်ပါ။

တကယ်လို့ အပေါက်အရွယ်အစားက ကြီးရင် (1 centimeter square) ထက်ကြီးရင် ကလေးငယ်ဟာ မွေးဖွားပြီး ခြောက်ပတ်ကနေ ၁၀ ပတ်အတွင်းမှာ မောတာ၊ နို့စို့တဲ့အခါ အကြာကြီးမစို့နိုင်တာ၊ ကြီးထွားဖွံ့ဖြိုးမှုနည်းတာ (ကိုယ်အလေးချိန်မတက်တာ)၊ ခဏခဏအဆုတ်ပိုးဝင်ပြီးဖျားတာ၊ တခြားပုံမှန်ကလေးတွေလို ဆော့ကစားနိုင်ခြင်းမရှိဘဲ နည်းနည်းဆော့လိုက်တာနဲ့မောတာ၊ ခြေထောက်တွေဖောတာ၊ ရောင်တာ စသဖြင့် ဖြစ်နိုင်ပါတယ်။

ဒီလိုလက္ခဏာတွေ သင့်ကလေးမှာ ခံစားနေရပြီဆိုရင်တော့ အမြန်ဆုံးဆရာဝန်နဲ့ပြသပြီး VSD ဟုတ်မဟုတ်ကို စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။ လုပ်နိုင်တဲ့စစ်ဆေးမှုတွေအနေနဲ့ကတော့ ရင်ဘတ်ဓါတ်မှန်ရိုက်တာ (Chest X ray)၊ အီးစီဂျီဆွဲတာ (ECG)၊ အက်ခိုးရိုက်တာ (Echocardiogram) စသဖြင့် လုပ်ရနိုင်ပါတယ်။

ဒီလိုတွေစစ်ဆေးလို့ VSD ဖြစ်တယ် ဆိုရင်တော့ ကုသမှုခံယူဖို့လိုပါတယ်။ သွေးလွှတ်ခန်းနှစ်ခုကြားအပေါက်ပါခြင်း(VSD) ဟာ နောက်ဆက်တွဲအနေနဲ့ နှလုံးအားနည်းပြီးပန်းတာ၊ နှလုံးပိုးဝင်ရောင်ရမ်းတာ၊ အဆုတ်ထိခိုက်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ အပေါက်က သေးတယ်ဆိုရင် သူ့ဘာသာသူအသက်နှစ်နှစ် ကနေ လေးနှစ်အတွင်းမှာ ပိတ်သွားနိုင်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် (အဓိကအနေနဲ့ နှလုံးပိုးဝင်ရောင်ရမ်းခြင်းမဖြစ်အောင်) ကာကွယ်ပြီး စောင့်ကြည့်တာတွေလုပ်ပါတယ်။

တကယ်လို့ အပေါက်ကကြီးတယ်ဆိုရင်တော့ ခွဲစိတ်ကုသပြီး ပြုပြင်ဖို့လိုပါတယ်။ အခုနောက်ပိုင်းမှာတော့ ခွဲစိတ်ပြုပြင်စရာမလိုဘဲ ပေါင်ရဲ့ သွေးပြန်ကြောကနေတဆင့် နှလုံးထဲကိုသွားကာ ကိရိယာပစ္စည်းတခုခုသုံးပြီး အပေါက်ကိုပိတ်ဆို့တဲ့နည်းပညာ (Catheter occlusion devices) ကိုသုံးပြီး ကုသလာကြတာလည်းရှိလာပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ