ကလေးငယ်များနဲ့ ခဲဆိပ်အန္တရာယ်
ခဲဆိုတာဟာ သိပ်သည်းဆများတဲ့ Heavy metal အမျိုးအစားဖြစ်ပါတယ်။
အက်တမ်နံပါတ် ၈၂ (Atomic number 82) ဖြစ်ပြီး သင်္ကေတကတော့ Pb ဖြစ်ပါတယ်။
၁၉ ရာစုနှောင်းပိုင်းမှာမှ ခဲဆိပ်သင့်ခြင်းကို ရှာဖွေသိရှိနားလည်ခဲ့ပြီး အဲ့လိုမသိခင်ကဆိုရင် ခဲသတ္ထုဟာ ရှာဖွေရလွယ်တာ၊ သိပ်သည်းဆများတာ၊ အရည်ပျော်အမှတ်နိမ့်တာ စတဲ့သူ့ရဲ့ဂုဏ်သတ္တိတွေကြောင့် နေရာအတော်များများမှာ အသုံးများတဲ့သတ္ထုအမျိုးအစားဖြစ်ခဲ့ပါတယ်။
ခဲသတ္ထုကနေ ခဲကျည်ဆန်၊ ဘောစေ့၊ ခဲပိုက်ကွန်၊ ခဲပိုက်ခေါင်းတွေ ထုတ်လုပ်သလို ကားဘက်ထ္ထရီအိုးတွေ၊ ဆေးအရောင်ခြယ်ပစ္စည်းတွေ၊ ကားသုတ်ဆေး၊ အိမ်သုတ်ဆေး၊ ကလေးအရုပ်အရောင်ဆိုးဆေးတွေ၊ ပိုက်ဆက်ကော်တွေ၊ ကွန်ပျူတာဆားကစ်ပြားတွေ၊ ဓာတ်ရောင်ခြည်ကာပစ္စည်းတွေ စသဖြင့်လုပ်တဲ့အခါမှာလည်း ခဲသတ္ထုက ပါဝင်လေ့ရှိပါတယ်။
ဒါ့အပြင် ကောင်းမွန်စွာ သန့်စင်ထားခြင်းမရှိတဲ့ ဓာတ်ဆီထဲမှာလည်း ခဲဓာတ်တွေပါဝင်လေ့ရှိပါတယ်။
ခဲဆိပ်သင့်မှုကို သိရှိပြီးနောက်ပိုင်း ဖွံ့ဖြိုးပြီးချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ခဲအသုံးပြုမှုကို ကန့်သတ်လျှော့ချခဲ့ပြီး အိမ်သုတ်ဆေးတွေ၊ ဓာတ်ဆီတွေ၊ ကလေးကစားစရာတွေလိုမျိုး လူသုံးများတဲ့အရာတွေထဲမှာ ခဲဓာတ်မပါအောင် စီမံလာနိုင်ပြီး ခဲဓာတ်ပါမပါလည်း စစ်ဆေးလာကြပါတယ်။
ကျွန်တော်တို့လိုဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့တော့ ဒီလိုတွေမလုပ်နိုင်သေးပါဘူး။
ဒါကြောင့် ခဲဆိပ်သင့်မှုဟာ ဖွံဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးအဖြစ်များပါတယ်။
ခဲအမှုန်တွေပါတဲ့ ပစ္စည်း၊ အစားအသောက်တွေကို မကြာခဏစားမိသောက်မိရာမှသော်လည်းကောင်း၊ ခဲအမှုန်တွေပါတဲ့လေကိုမကြာခဏ ရှုမိရာမှသော်လည်းကောင်း သွေးထဲမှာ ခဲဓာတ်တွေတဖြည်းဖြည်းများလာပြီး ခဲဆိပ်သင့်တာဖြစ်ပါတယ်။
ခဲဆိပ်သင့်တဲ့အခါ ဗိုက်နာတာ၊ ဗိုက်ရစ်တာ၊ ခေါင်းကိုက်တာ၊ ကောင်းကောင်းအိပ်မပျော်တာ၊ ဂဏှာမငြိမ်ဖြစ်တာ၊ အစားအသောက်ပျက်တာ၊ ခြေလက်တွေထုံကျင်တာ၊ သွေးအားနည်းတာ၊ နုံးတာ၊ မှတ်ဉာဏ်တွေအားနည်းလာတာ စသဖြင့် ခံစားရနိုင်ပါတယ်။
ခဲဓာတ်ပမာဏာတအားများပြီး ခဲဆိပ်သင့်တာတအားဆိုးရင် ဗိုက်အရမ်းနာပြီးအော့အန်တာ၊ ကြွက်သားတွေအားမရှိသလိုဖြစ်တာ၊ လမ်းလျှောက်တဲ့အခါ ယိုင်တိုင်တိုင်ဖြစ်တာ၊ ဦးနှောက်ထိခိုက်ပြီး သတိလစ်တာ၊ တက်တာ စတဲ့အရေးပေါ်အခြေအနေထိဖြစ်နိုင်ပါတယ်။
ခဲဆိပ်သင့်တာဟာ လူကြီးတွေထက်စာရင် ကလေးငယ်လေးတွေမှာ ပိုအဖြစ်များပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကလေးငယ်လေးဟာ လေးဖက်တွားတတ်တဲ့အရွယ်လောက်ကစပြီး တွေ့ရာပစ္စည်းတွေကို လျှာနဲ့လျက်တာ၊ ပါးစပ်ထဲကောက်ထည့်တာတွေလုပ်တတ်လို့ပါ။
အထူးသဖြင့် ကစားစရာအရုပ်တွေကို ပါးစပ်ထဲထည့်တာ၊ အိမ်နံရံသုတ်ဆေးကွာကျတဲ့အဖတ်တွေကိုဆော့ကစားပြီး ပါးစပ်ထဲထည့်တာတွေကနေ ကလေးတွေမှာ ခဲဆိပ်သင့်မှုဖြစ်လေ့ရှိပါတယ်။
ကလေးငယ်တွေမှာ ခဲဆိပ်သင့်တာဖြစ်ရင် လူကြီးတွေထက်ပိုဆိုးပြီး အန္တရာယ်ရှိပါတယ်။
ဘာလို့လဲဆိုတော့ ကလေးငယ်တွေမှာ ဦးနှောက်က ဖွံ့ဖြိုးခါစဖြစ်ပြီး အဲ့အချိန်မှာခဲဆိပ်သင့်ပါက ကလေးငယ်တွေရဲ့ ဦးနှောက်ကို ထိခိုက်စေကာ ဘဝတလျှောက်လုံး ဉာဏ်ရည်နိမ့်ပါးသွားတာ၊ အမူအကျင့်နဲ့လေ့လာသင်ယူနိုင်စွမ်းတွေလျော့ကျသွားတာ၊ ကြီးထွားမှုနှေးသွားတာ၊ နားအကြားအာရုံနဲ့ပတ်သက်ပြီး ပြဿနာတွေရှိလာတာတွေအထိပါ ဖြစ်နိုင်လို့ပါ။
ခဲဆိပ်သင့်တဲ့လက္ခဏာတွေရှိပါက ခဲဆိပ်သင့်တာဟုတ်မဟုတ်ကို စောစီးစွာ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။
လုပ်နိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေကတော့ သွေးတွင်းခဲဓာတ်ပမာဏကိုစစ်တာ၊ ဓာတ်မှန်ရိုက်တာ၊ ရိုးတွင်းချဉ်ဆီ Biopsy ယူစစ်တာ စသဖြင့်ပါ။
သွေးတွင်းခဲဓာတ်ပမာဏဟာ 10microgram per deciliter နဲ့အထက်မှခဲဆိပ်သင့်တာဆိုပေမယ့် ကလေးငယ်တွေမှာဆိုရင် 5microgram per deciliter အောက်ရှိရင်ကို အန္တရာယ်ရှိပြီး ဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။
သွေးတွင်းခဲဓာတ်ပမာဏာ တအားများနေပါက ကုသမှုအနေနဲ့ Chelation therapy ခေါ်ခန္ဓာကိုယ်ထဲက ခဲဓာတ်တွေကို ဖယ်ရှားတဲ့ကုသနည်းကိုသုံးနိုင်ပါတယ်။
ဒါပေမယ့် ဒီကုသမှုက များတဲ့ခဲဓာတ်ကြောင့် ဦးနှောက်ထိခိုက်ပြီး ဉာဏ်ရည်နိမ့်တာ၊ အမူအကျင့်နဲ့လေ့လာသင်ယူနိုင်စွမ်းတွေလျော့ကျသွားတာ စတဲ့ဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲတွေကိုတော့ ပြန်ကောင်းအောင်မလုပ်ပေးနိုင်ပါဘူး။
ဒါကြောင့်ခဲဆိပ်မသင့်အောင်ကြိုတင်ကာကွယ်ထားတာအကောင်းဆုံးပါပဲ။
အိမ်နားမှာ စည်းကမ်းမဲ့ဘက်ထ္ထရီအိုးလုပ်ငန်း၊ ကားဆေးမှုတ်လုပ်ငန်းတွေရှိရင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကိုအကြောင်းကြားပါ။
အကြောင်းကြားသော်လည်း အဆင်မပြေဘူး။ မိမိအိမ်မှာလည်းကလေးငယ်တွေရှိတယ်ဆိုရင် အမေနဲ့ကလေးငယ်တွေကို အမျိုးရှိတဲ့တခြားတနေရာရာပို့ထားပြီး ကလေးငယ်တွေအသက်နည်းနည်းကြီးတဲ့အချိန်မှ ပြန်ခေါ်ပါ။
အရင်ခေတ်က သုတ်ဆေးတွေသုတ်ထားတဲ့အိမ်မှာနေရင် သို့မဟုတ် အိမ်နံရံကသုတ်ဆေးတွေအဖတ်ကွာကျနေတာဆိုရင် အခုခေတ်ခဲဓါတ်မပါတဲ့ နံရံသုတ်ဆေးတွေပြန်သုတ်ဖို့လိုပါတယ်။
ဆေးသုတ်နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေကို တခြားနေရာမှာနေခိုင်းပါ။
သုတ်ဆေးအပိုင်းအစတွေ၊ အမှိုက်အမှုန်တွေနဲ့ဆော့ကစားခြင်းမရှိအောင်၊ အရုပ်တွေကိုပါးစပ်ထဲမထည့်အောင် ကလေးငယ်တွေကို သေချာသတိပြုစောင့်ကြည့်ပါ။
ကလေးရဲ့လက်နဲ့ ကစားစရာအရုပ်တွေကို မကြာခဏရေဆေးပေးပါ။ အထူးသဖြင့်ကစားပြီးတဲ့အခါတိုင်းမှာ သေချာဆေးပေးပါ။
အစာအစားခင်တိုင်း လက်ကို ဆပ်ပြာနဲ့စင်ကြယ်စွာဆေးပါ။
အစားအသောက်ချက်ပြုတ်ဖို့နဲ့သောက်ဖို့အတွက် ရေသန့်ကိုသာအသုံးပြုပါ။
ခဲဆိပ်သင့်တယ်လို့သံသယရှိပါက စောစီးစွာ နီးစပ်ရာဆေးရုံဆေးခန်းမှာပြသစစ်ဆေးပါလို့ အကြံပြုရင်းအဆုံးသတ်လိုက်ရပါတယ်။
Dr 528