သင့်ကလေးက ဝနေတာလား ဖောနေတာလား

 

သင့်ကလေးက ဝနေတာလား ဖောနေတာလား

“ဆရာရေ ကလေး တက်နေလို့ ။ အခုတော့ ကျသွးပြီ။ ဒါပေမဲ့  သတိလစ်သလိုဖြစ်နေလို့”

ဆေးခန်းထဲသို့ ကလေးငယ်ကို ပွေ့ချီ၍ ဦးစိန်ဌေး တစ်ယောက် ဝင်လာသည်။   ကလေးသည် သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသည်။ ကလေးကို အဖျားတိုင်းကြည့်သည်။ အဖျားမရှိပါ။ နှလုံးခုန်သံ နားထောင်ကြည့်သည်။ အသက်ရူသံ နားထောင် သည်။  သွေးပေါင်ချိန်ကြည့်သည်။ ဆရာဝန် မျက်ဖြူစိုက်ပြီ။

”  သွေးပေါင်ချိန် ၁၈၀။၁၃၀ တောင် ရှိတယ်။ ” ဆရာဝန်သည် လန့်ဖြတ်သွားသည်။ လိုအပ်သော ဆေးကို ကလေး အား မြန်မြန်ထိုးပေးလိုက်သည်။

ကလေး အဖေကား ဟုတ်လားဆရာလို့ ပြောသည်။ ဆရာဝန်ဆီရောက်လာသည့် အတွက် စိုးရိမ်စိတ်တို့ အနည်းငယ် သက်သာသွားပုံရသည်။ ဆရာဝန်ကို ယုံကြည်ပုံရသည်။

” ကလေးကို ဆေးရုံချက်ချင်း တင်ရမယ် ” ဆရာဝန်သည် ကလေးအခြေ အနေကို စိုးရိမ်သည်။

ဆေးခန်းတွင် ကုသရမည့် အခြေအနေ မဟုတ်။

” မတင်လို့မရဘူးလားဆရာရယ်။ ကျွန်တော်တို့မှာ လူခွဲ မရှိလို့ပါ ”

လူနာရှင်သည် ဆရာဝန်ကို ဈေးဆစ်နေ၏။

“ကလေးက အသက်အန္တာရာယ် စိုးရိမ်ရတယ်။ သွေးပေါင်တွေ အရမ်းတက်နေတာ။ အခု ဆေးရုံမတင်ရင် ခင်ဗျားကလေး နက်ဖြန် အသက်တောင် မီမှာ မဟုတ်ဘူး  ”

ဆရာဝန် စကားကြောင့် ဦးစိန်ဌေး လန့်သွားသည်။ အသက်အန္တာရယ်ရှိသည်ဆိုတော့လည်း ခေါင်းကြီးသွားသည်။

” ကျွန်တော်ကိုယ်တိုင် ဆေးရုံကို လိုက်ပို့ပါမယ် ”

ဆေးရုံတက်ခိုင်းလျှင် မတက်ပဲ အိမ်ပြန်သွားမည်ကို ဆရာဝန်သည် စိုးရိမ်သည်။ ထို့ကြောင့်

ဆရာဝန်သည် သူကိုယ်တိုင် ဆေးရုံသို့ လိုက်ပို့သည်။ ကလေးကို အထူးကြတ်မတ်ကုသဆောင်ထဲသို့ ပို့လိုက်ရပြီ။

ကလေး၏ ရောဂါ ရာဇဝင်ကို တာဝန်ကျ ဆရာဝန်သည် မေးနေ၏။

” ကလေးက ခေါင်းကိုက်တယ်လို့တော့ ပြောတယ်ဆရာ ” ဦးစိန်ဌေးသည်  ကလေးအကြောင်းသူသိသလောက် ပြောပြနေသည်။

” ဆေးခန်းသွားပြလိုက်သေးလား ”

”  ဆေးခန်းသွားမပြဖြစ်ပါဘူးဆရာရယ်။ ခေါင်းကိုက်ရင် အိပ်နေလို့ပဲ ပြောထားတာပါ။ ကလေး ငယ်ငယ် ခေါင်းကိုက်တယ်ဆိုတော့ ဂိမ်းကစားတာ များလို့ခေါင်းကိုက်တယ်လို့ပဲ ထင်နေတာ”

” ကလေး ဖောလာတယ်လို့ရော မထင်ဘူးလား ”

” ကလေး ဖောနေတယ်ဆိုတာလည်း ဒီနေ့မှ သတိထားမိတာပါဆရာ။ အရင်နေ့တွေကထင်နေတာက ကလေး ဝလာတယ်လို့ထင်နေတာပါ ”

ဦးစိန်ဌေးသည် သူ မသိသည့်အတိုင်းအမှန်အတိုင်းဝန်ခံသည်။

” ဒီအဖေ တော့ ကလေး ဖော နေမှန်းတောင် မသိဘူး။” တာဝန်ကျ ဆရာဝန်သည် ဦးစိန်ဌေးကို  စိတ်တို စပြုလာသည်။ ကိုယ့်ကလေးကို  ဂရုမစိုက်သော သူဟုလည်းတွေးနေ့ပုံရသည်။

” ဆီးသွားနည်းတာ ။ ဆီး အရောင်ရင့်လာတာကိုရောသတိထားမိလား ”

” အဲဒါတော့ ကျွန်တော် မသိဘူးဆရာ။ သတိမထားမိဘူး။ ကျွန်တော်က အလုပ်တစ်ဖက်နဲ့ ဆိုတော့ ကလေးကို သတိမထားမိလိုက်ဘူး။ ကလေးက သူ့အဘွားနဲ့ အနေများတော့ ကျွန်တော် ကလေး အကြောင်းသိပ်မသိပါဘူး ” ဆရာဝန်သည် လူနာမှတ်တမ်းတွင် ရောဂါ ရာဇဝင်ကို ရေးနေသည်။  စိတ်တိုနေပုံလည်းရသည်။ ဦးစိန်ဌေးကို ဘာမှ ဆက်မမေးတော့။

သို့သော် ဦးစိန်ဝင်း အရဲစွန့်ပြီးမေးလိုက်သည်။ “ကလေးက ဘာလို့သွေးတိုးတာလဲ ဆရာ ကျွန်တော်လို့ အသက် ကြီးတဲ့ သူတောင် သွေးမတိုးပဲ ကလေးက ဘာလို့ သွေးတိုးရတာလဲဟင်” ဆရာဝန်သည် ဦးစိန်ဌေးကို အသံပြတ်နှင့် ဖြေလိုက်သည်။

“သွေးတိုးတာက ကျောက်ကပ်ရောင်နေလို့ သွေးတိုးတာပါ။   ”

“အခု ကျောက်ကပ်ရောင်နေတာလားဆရာ  ” သေချာအောင် ထပ်မေးလိုက်သည်။

” ကလေးက အခု ကျောက်ကပ်ရောင်နေတာ။ ကျေက်ကပ်ရောင်နေလို့ သွေးအရမ်းတိုးပြီး သတိလစ်သွားတာပါ။  ”

”  ဟုတ်ကဲ့ပါဆရာ” ဆရာဝန်ကို ရိုရိုသေ ပြန်ဖြေလိုက်သည်။ ဆရာဝန်၏ မျက်နှာသည် အနည်းငယ်ပျော့ပျောင်းလာသည်။

” ရောဂါ စဖြစ်ကတည်းက စောစော သိရင် ဒီလောက်ကြီး အခြေအနေ မစိုးနိုင်ဘူး။ ကလေး ခေါင်းကိုက်တယ်လို့ ပြောရင် သွေးပေါင်ချိန်ကြည့်ရမယ်။ ” ဆရာဝန်သည် ရေးလက်စ ဘောပင်ကို ချလိုက်သည်။ မှတ်တမ်းရေးလို့ပြီးသွားပြီ။

” ကလေးတွေကို သွေးပေါင်ချိန်ဖို့လိုတယ်ဆိုတာ ကျွန်တော် မသိလို့ပါဆရာ။ ဒါကြောင့်လည်း ကလေးကို ဆေးခန်းမပြမိတာပါ ” ဦးစိန်ဌေး ရိုးရိုးသားသားပင် ဝန်ခံလိုက်သည်။

” ဒါ့အပြင် ကလေးဆီးသွားတာ နည်းသွားရင်လည်း သတိပြုရမယ်။ ဆီးနည်းတာကို ဘယ်လိုသိမလဲဆိုရင် ဆီးအရောင်ရင့်လာပြီဆိုရင် ဆီးနည်းလာလို့ပါ။ အသိသာဆုံးကတော့ကလေး ဖောလာတာပါ။ ” ဆရာဝန်သည် ဒီတစ်ခါတော့ ဦးစိန်ဌေးကို စိတ်ရှည်ရှည် ရှင်းပြသည်။

” ကျွန်တော်က ကျွန်တော့သားကို ဝလာတယ်လို့ ထင်နေတာပါဆရာ။  အမေက  ဝနေတာ မဟုတ်ဘူး ။ ဖောနေတာလို့ ပြောမှ ကျွန်တော် သတိထားမိတာပါ။  ကျွန်တော် လမ်းထိပ်ဆေးဆိုင်က ဆေးစပ်ပြီးကလေးကို တိုက်ထားပါတယ်။ ဒါပေမဲ့ ကလေးက မသက်သာဘူး။ ဒီညနေကျတော့ ကလေးက တက်ပြီး သတိလစ်သွားတာနဲ့ ဆေးခန်းကို ပြေးရတယ်။ ဆေးခန်းက ဆရာဝန်လေးက ကလေး အခြေအနေ စိုးရိမ်ရတယ်။ ချက်ချင်း ဆေးရုံတင်ပါဆိုပြီး သူတိုင်ကိုယ်လိုက်ပို့တာနဲ့ ဆေးရုံရောက်လာတပါ။” သူ့တို့ သားအဖ အကြောင်းကိုလည်း ဆရာဝန် ဇာတ်ရေလည်အောင် ရှင်းပြနေသည်။

” နောက်ကို သတိထားပေါ့ဗျာ ” ဒီတစ်ခွန်းသာ ပြောနိုင်တော့သည်။ အခုချိန်မှ ကလေး အဖေကို အပြစ်တင်နေလို့လည်း ကလေး သည် အမြန်နေကောင်းလာမည်မဟုတ်။ ကလေးအဖေကို တစ်ပူပေါ် တစ်ပူဆင့် မဖြစ်စေချင်တော့ပါ။

” အခုရော ကလေး အခြေအနေ က စိုးရိမ်ရပါသလားဆရာ ” ဒီမေးခွန်းကိုတော့ ဦးစိန်ဌေး အမေးချင်ဆုံးမေးခွန်းဖြစ်သည်။

” အထူးကြတ်မတ်ဆောင်ထဲမှာ ကုသနေပါတယ်။ စောင့်ကြည့်ရမဲ့ အခြေအနေပေါ”

ဦးစိန်ဌေး တစ်ယောက် ခေါင်းငိုက်စိုက်လျှက် ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။ အဖေ တစ်ခု သားတစ်ခု ဘဝတွင် သားသည် သူ့အတွက်တော့တန်ဖိုးအရှိဆုံး။ ခေါင်းကိုက်သည်ဟု ပြောတုန်းက ဆေးခန်းမပြမိသည်ကိုလည်း နောက်တကြီးစွားရမိသည်။ ကလေး များတွင် သွေးတိုးရောဂါ မဖြစ်ဟု မိမိ အထင်မှားနေသည်ကိုလည်း ..ယူကျုံးမရဖြစ်သည်။  ကလေးများ ခေါင်းမူးသည်ဟု သော်လည်းကောင်း ခေါင်းကိုက်သည်ဟုသော်လည်းကောင်း ပြောလာလျှင် မပေါ့ဆသင့်ကြောင်း ကိုယ့်ဘာသာ အကြိမ်ကြိမ်သတိပေးနေမိတော့သည်။ အခုတော့ ကလေးအတွက် ဆုတောင်းရင်း ရင်ထဲတွင် ပြည့်ကျပ်လျှက်။

ဆက်စပ် ဆောင်းပါးများ