မွေးကင်းစလေးတွေ အသားဝါရင် ဘာဖြစ်လာနိုင်သလဲ

မွေးကင်းစလေးတွေ အသားဝါရင် ဘာဖြစ်လာနိုင်သလဲ

မွေးကင်းစကလေးတွေရဲ့ ၆၀% လောက်က အသားဝါတတ်တယ်။ အာ့ကို Neonatal Jaundice လို့ခေါ်တယ်။ အသားတင်ဝါတာတော့မဟုတ်ဘူး မျက်လုံးထဲက အဖြူဆံလေးထဲမှာလည်း ဝါတာဘဲ။ တချို့ဝါတာတွေက သူ့ဘာသာ ပြန်ပျောက်သွားတယ်။ တချို့ကတော့ ကလေးက အရမ်းဝါတယ်။ ကလေးက အရမ်းလည်းမှိန်းတယ်။ နို့မစို့တော့ဘူး။ မငိုဘူး(တချို့ကလေးတွေက အရမ်းငိုတယ်) ဆိုရင်တော့ သွေးထဲမှာ bilirubin လို့ခေါ်တဲ့ အဝါဓာတ်တွေ အရမ်းများနေလို့ဘဲ။ အဲ့လိုဆိုရင် ကလေးရဲ့ ဦးနှောက်အာရုံကြောတွေသေသွားတတ်တယ်။ Kernicterus လို့ခေါ်တယ်။ အသက်သေနိုင်တဲ့အထိလည်း ဒုက္ခပေးနိုင်တယ်။

ကလေး ဝါလား မဝါလား ဘယ်လိုသိနိုင်လဲ
…………………………………………………

ကလေးအရေပြားကို လက်နဲ့ဖိကြည့်။ ပြန်လွှတ်လိုက်တဲ့အချိန်မှာ အရေပြားအောက်က အရောင်ကိုမြင်ရတယ်။ ပုံမှန်ဆို ဖိကြည့်တဲ့နေရာမှာ အဖြူဘဲပေါ်တာ။ ဝါနေတယ်ဆိုရင် ဝါပြီ။ နေရောင်မှာကြည့်မှ အမှန်ကိုမြင်တာနော်။ မီးရောင်အောက်မှာကြည့်မိရင် အိပ်ခန်းရဲ့နံရံတွေက အရောင်တွေဟပ်နေလို့ သေချာမသိနိုင်ဘူး။

ဘာလို့ဝါတာလဲဆိုတော့
……………………………

၁)သွေးနီဥလေးတွေ သက်တန်းတိုလို့
……………………………………………

မွေးကင်းစကလေးရဲ့ သွေးနီဥလေးတွေက သက်တမ်းတိုတော့ ပေါက်ထွက်ကုန်တယ်။ အဲ့မှာ bilirubin လို့ခေါ်တဲ့ အဝါဓာတ်လေးတွေထွက်လာလို့။

၂)အသည်းက ကောင်းကောင်းမဖွံ့ဖြိုးသေးလို့
……………………………………………………..

bilirubin တွေကို အသည်းက ဖျက်ဆီးပေးရမှာ။ ဒါပေမယ့် အဲ့အချိန်မှာ အသည်းက ကောင်းကောင်းမဖွံ့ဖြိုးသေးရင် မဖျက်ဆီးပေးနိုင်ဘူး။ အာ့ဆိုရင် ကလေးဝါလာတတ်တယ်။

၃)နို့အဝင်နည်းလို့
…………………….

နို့အဝင်နည်းရင် ကလေးက ရေဓာတ်ခမ်းခြောက်လာမယ်။ အူထဲမှာ bilirubin တွေများလာမယ်။ အဲ့ bilirubin တွေကို အူကစုပ်ယူပြီး အသည်းဆီပို့မယ်။ ကလေးက ဝါလာမယ်။

အဲ့လိုမျိုးတွေကြောင့်ဝါတာဆိုရင်တော့ နို့များများတိုက်ပေးရင် လေး ငါးရက်လောက်ဆို သူ့ဘာသာ ပြန်ပျောက်သွားတယ်။

ကလေးက ဝါပြီဆိုရင် ခေါင်းကနေ စဝါတယ်။ ပြီးရင် ရင်ဘတ်။ ပြီးရင်ဗိုက်။ ပြီးရင် ခြေထောက် လက်ထောက်တွေ။ ပြီးရင် ခြေဖျား လက်ဖျားလေးတွေ။

ရင်ဘတ်လောက်ထိဘဲ ဝါပြီး အောက်ပိုင်းတွေက ဖြူတယ်ဆိုရင် သိပ်မစိုးရိမ်ရဘူး။ အောက်ပိုင်းတွေရော ခြေထောက်လက်ထောက်တွေရော ဝါလာပြီဆိုရင်တော့ ဆေးရုံပြေးပေတော့ပဲ။

ကလေးက မွေးပြီး ၂၄နာရီအတွင်းမှာ ဝါတာဆိုရင် ရောဂါတခုခုကြောင့်ဘဲ။

၁)အမေသွေးက ကလေးသွေးဥတွေကို ဖျက်ဆီးပစ်လို့
………………………………………………………………

အမေကို Oသွေး ကလေးက A သို့မဟုတ် B သွေးဆိုရင်။ အမေက Aသွေး ကလေးက Bသွေးဆိုရင်။ အမေက Bသွေး ကလေးက Aသွေးဆိုရင် ကလေးက ဝါတတ်တယ်။

အမေက အနုတ်သွေး ကလေးက အပေါင်းသွေးဆိုရင်လည်း ဝါတတ်တယ်။

၂)ကလေးရဲ့သွေးနီဥထဲမှာ G6PD လို့ခေါ်တဲ့ အင်ဇိုင်းချို့တဲ့နေလို့

၃)ကလေးမှာ ရောဂါပိုးတွေကူးစက်ခံရလို့

မွေးကင်းစကလေးငယ်လေးတွေဝါရင် ဘယ်လိုကုမလဲ
………………………………………………………………..

၁) မီးရောင်ပြပေးရတယ်
……………………………..

အပြာရောင်မီးချောင်းတွေကထွက်တဲ့လှိုင်းတွေက bilirubin အဝါဓာတ်တွေကို လျှော့ကျစေတယ်

၂) သွေးလဲပေးရတယ်
…………………………

ကလေးရဲ့ချက်ကြိုးထဲမှာရှိတဲ့သွေကြောကနေ သွေးသွင်းပြီး ပေါက်သွားတဲ့သွေးနီဥတွေ အစားပြန်ဖြည့်ပေးရတယ်

နောက်ဆုံးမှာချင်တာကတော့ မွေးကင်းစကလေးဝါရင် မပေါ့ပါနဲ့။ အရမ်းလည်း စိတ်မပူပါနဲ့။ နို့များများတိုက်ပါ။ နီးစပ်ရာဆေးရုံကို သွားပြပြီး ကုသမှုခံယူကြပါ။

ဒေါက်ပြည့်

ဆက်စပ် ဆောင်းပါးများ