ကလေးငယ်လေးတွေကို ဘယ်တော့မှ မကျွေးသင့်တဲ့ အစားအစာ ၈ မျိုး

ကလေးငယ်လေးတွေကို ဘယ်တော့မှ မကျွေးသင့်တဲ့ အစားအစာ ၈ မျိုး

အသက်တစ်နှစ် နှစ်နှစ်အရွယ် ကလေးငယ်တွေအတွက် အစားအစာအာဟာရပြည့်ဝဖို့ အရေးကြီးပါတယ်။ မိဘတွေအနေနဲ့ကလည်း သားသားမီးမီးအားရှိဖို့ ဉာဏ်ကောင်းဖို့ အစားအစာတွေကျွေးရမယ်ဆို ဘယ်လောက်ကုန်ကုန် အသင့်ရှိနေတတ်ကြပါတယ်။ ဒါပေမဲ့ အချိန်မတန်သေးခင်မှာ မကျွေးသင့်မကျွေးထိုက်သေးတာတွေ သွားကျွေးမိရင် အကျိုးထက် အဆိုးက များနိုင်တာမို့ ကလေးငယ်လေးတွေကို လုံးဝ မကျွေးသင့်သေးတဲ့အစားအစာ ၈ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပျားရည်

ပျားရည်ဟာ အရမ်းငယ်သေးတဲ့ ကလေးတွေမှာ Botulism လို့ခေါ်တဲ့ ပြင်းထန်တဲ့အစာအဆိပ်သင့်မှုမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက်တစ်နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို ပျားရည် လုံးဝ မတိုက်ကျွေးသင့်ပါဘူး။ ဒါပေမဲ့ နို့တိုက်မိခင်တွေအနေနဲ့တော့ ပျားရည်သောက်လို့ ရပါတယ်။ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ဓာတ်က Botulism ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အတွက် နို့ရည်ဟာ အဆိပ်မဖြစ်တော့ပါဘူး။

၂။ စိပ်ခြမ်းထားခြင်းမရှိသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးအစိမ်းများ

မုန်လာဥနီလို ပဲကြီးစေ့လို တရုတ်နံနံလို ဟင်းသီးဟင်းရွက်မျိုးတွေ ကလေးငယ်ကို ကျွေးချင်တယ်ဆိုရင် ပျော့ပျောင်းနူးညံ့နေအောင် အရင်ပြုတ်ဖို့တော့ လိုပါလိမ့်မယ်။ အသီးအနှံတွေဟာ ပျော့ပျောင်းရမဲ့အပြင် လည်ပင်းမှာ တစ်နေရလောက်အောင်ကြီးတဲ့ အရွယ်အစားမျိုးတွေ မဖြစ်ရအောင် စိပ်ခြမ်းထားဖို့လည်း လိုပါမယ်။ ကလေးမှာ အစားအစာကို ကိုက်ဝါးဖို့ သွားတွေမပေါက်လာမချင်း အထက်ပါအတိုင်း ကျွေးသင့်ပါတယ်။ ငှက်ပျောသီး သဘောၤသီးနဲ့ သရက်သီး စတဲ့အသီးအနှံမျိုးတွေကိုတော့ ကလေးစားလို့ရလောက်မဲ့ အနေတော်လေး စိပ်ခြမ်းပြီး ကျွေးတာ အကောင်းဆုံးပါပဲ။

၃။ နွားနို့နှင့် ပဲနို့

နွားကရတဲ့နို့ထဲမှာ တစ်နှစ်အရွယ် ကလေးငယ်လေးတွေအနေနဲ့ မချေဖျက်နိုင်သေးတဲ့ ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။ ဒ့ါအပြင် ကလေးငယ်ရဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့
သတ္ထုဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ ပဲနို့လည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် တစ်နှစ်အောက်ကလေးငယ်တွေကို တိုက်ကျွေးဖို့ဆိုရင်တော့ မိခင်နို့ ဒါမှမဟုတ် မိခင်နို့အတိုင်းထုတ်လုပ်ထားတဲ့ နို့မှုန့်တွေကိုသာ ရွေးချယ်ရပါမယ်။ ရေကိုတော့ နည်းနည်းချင်း အစပျိုးပြီး တိုက်သွားလို့ ရနိုင်ပါတယ်။

၄။ မြေပဲထောပတ်နှင့် အခြားစေးကပ်သော ထောပတ်များ

မြေပဲ ထောပတ်နှင့် အခြားအခွံမာစေ့တွေကလုပ်တဲ့ ထောပတ်တွေဟာ ကလေးငယ်တွေအတွက် အန္တရာယ်များပါတယ်။ ဘာလို့လည်းဆိုတော့ အရမ်းစေးကပ်လို့ပါပဲ။ ကလေးအနေနဲ့ မျိုချရခက်ခဲစေပြီး အသက်ရှုလမ်းကြောင်းမှာ ပိတ်ဆို့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မြေပဲဟာ အချို့ကလေးငယ်တွေမှာ ပြင်းထန်တဲ့ ဓာတ်မတည့်မှုမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

၅။ အစေ့ပါသောအသီးများ  အစေ့များ

ဖရဲသီး သစ်တော်သီး ဆီးသီးနှင့် စပျစ်သီးလို အသီးမျိုးတွေမှာ အစေ့သေးသေးလေးတွေ အများကြီးပါတဲ့အတွက် ကလေးတွေကို ကျွေးမယ်ဆိုရင်လည်း အစေ့တွေပြောင်စင်တဲ့အထိ ဖယ်ထုတ်ပစ်ဖို့ လိုပါမယ်။ နေကြာစေ့ဖရုံစေ့တွေဟာ အသက်ရှုလမ်းကြောင်းပိတ်ရလောက်အောင် မကြီးပေမဲ့ တကယ်လို့ အသက်ရှုလမ်းကြောင်းထဲမှာ ရှိနေခဲ့မယ်ဆိုရင် ရောဂါပိုးတွေဝင်နိုင်ချေအများကြီး ရှိပါတယ်။

၆။ ကဖိန်း (Caffeine) ဓာတ်ပါသော အစားအစာများ

ကော်ဖီ ဆိုဒါ လက်ဘက်ရည်အေး နဲ့ အခြား ကဖိန်းဓာတ်ပါတဲ့ အရည်တွေကို ကလေးငယ်တွေကို လုံးဝ မတိုက်သင့်ပါဘူူး။ ကလေးငယ်ရဲ့ အစာအိမ်ဟာ ဒီကဖိန်းဓာတ်ကို လက်မခံနိုင်သေးပါဘူး။

၇။ ပိုးသတ်သန့်စင်ထားခြင်းမရှိတဲ့ ဒိန်ခဲ (Unpasteurized Cheese)

ကလေးငယ်တွေရဲ့ ခုခံအားစနစ်စတင်ဖွံဖြိုးနေခါစမှာ ခုလို ဒိန်ခဲမျိုး မကျွေးသင့်ပါဘူး။ များသောအားဖြင့် ဈေးကွက်မှာရောင်းတဲ့ ဒိန်ခဲအများစုဟာ ပိုးသတ်သန့်စင်ထားပြီးသား ဖြစ်ပေမဲ့ မဝယ်ခင်သေချာ စာတွေဘာတွေဖတ်ပြီးစစ်ဆေးတာ အကောင်းဆုံးပါပဲ။ မသန့်စင်ထားတဲ့ ဒိန်ခဲမှာ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေ အမြောက်အမြားပါဝင်ပါတယ်။

၈။ သစ်သီးဖျော်ရည်

အသက်ခြောက်လကနေ ဆယ့်နှစ်လအတွင်းမှာ အသီးဖျော်ရည်တွေ စတိုက်လို့ရပြီဆိုပေမဲ့ တနေ့ကို လေးအောင်စထက်တော့ ကျော်ပြီးတိုက်လို့ မရသေးပါဘူး။ ဝမ်းပျက်ဝမ်းလျောစေနိုင်တဲ့အပြင် ဖျော်ရည်မှာပါတဲ့ သကြားတွေက ကလေးငယ်ရဲ့ သွားကျန်းမာရေးကို ဒုက္ခဖြစ်စေလို့ပါ။ တခုသိထားရမှာက ဖြည့်စွက်ထားတဲ့ သကြားတွေ အများကြီးပါဝင်တဲ့ ဖျော်ရည်တွေ မဟုတ်ပဲ သဘာဝသစ်သီးဖျော်ရည်ဆိုရင်တော့ ဒီလိုပြဿနာတွေ သိပ်မရှိနိုင်ဘူးဆိုတာပါပဲ။

ဒါကြောင့် ဖေဖေမေမေတို့နဲ့ သားသားမီးမီးတွေကို အာဟာရပြည့်ဝအောင် ကျွေးချင်တာမှန်ပေမဲ့ မကျွေးသင့်မကျွေးသင့်ထိုက်သေးတာလေးတွေကိုလည်း သိရှိမှတ်သားထားရအောင် ဝေမျှပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။ ထက်မြက်ထူးချွန် ကျန်းမာသန်စွမ်းတဲ့ သားသမီးရတနာလေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။

Dr.KG

ဆက်စပ် ဆောင်းပါးများ