နို့တိုက်မိခင်တွေ ဆံပင်ဆေးဆိုးရင်  ကလေးမှာ အန္တရာယ်ရှိလား

နို့တိုက်မိခင်တွေဆံပင်ဆေးဆိုးရင်  ကလေးမှာအန္တရာယ်ရှိလား

သားလေးကား အသက် ခြောက်လ ကျော်၍ ဖြည့်စွက်စာ စစားနေပြီ။ သက်ဦးကလေးမို့ နီလာ တစ်ယောက် မလုပ်တတ် မကိုင်တတ်။ ကလေးတစ်ခုခု ဖြစ်ပြီထင်တာနှင့် ဆေးခန်းသို့သာ ပြေးသည်။

အခု တစ်လော သားလေး အသက်ရှူသံတွေက ပြင်းထန်နေသည်ဟု နီလာ တစ်ယောက်ထင်သည်။ ညဖက် ကလေးကို ဖက်ထားချီထားလျှင် ကလေး ရင်ကျပ်သံများကို အတိုင်းသားကြားနေရသည်။ ကလေးအတွက် စိတ်ပူတာနှင့်ပဲ ကလေး ဆေးခန်းသို့ ရောက်လာခဲ့ပြန်သည်။

ဆေးခန်းတွင်လည်း လူနာများ အပြည့်။ တော်တော်နှင့် မဝင်ရပါ။

” ကလေးက အသက်ရူသံတွေ အရမ်း ကျယ်နေလို့ပါ  ”

ဆရာဝန်ကို ပြောလိုက်သည်။ ကလေးကို စမ်းသပ်ကြည့်သည်။

” ဟုတ်တယ်။ ကလေး ရင်ကျပ်နေတယ်။ ”

“ဟုတ်လား ဆရာ။ စိုးရိမ်ရလားဟင်  ” နီလာရင်ထဲတွင် မွန်းကျပ်လာသလိုမျိုး ခံစားရသည်။

” အရင်ကရော ဒီလိုမျိုးရင်ကျပ်တာ ဖြစ်ဖူးလား  ”

” အရင်က ရင်ကျပ်တာမျိုးတော့ မဖြစ်ဖူးပါဘူး ဆရာ။ ဖျားလို့လာပြတာမျိုး တော့ရှိပါတယ်။ ”

ကာကွယ်ဆေး ထိုးပြီးလျှင် ကလေးသည် ဖျားတတ်သည့်အတွက် ဆေးခန်းသို့ အမြဲ လာပြရသည်။

” ကလေး အဖေနဲ့ အမေမှာရော ရင်ကျပ် ရောဂါရှိလား  ” ဆရာဝန်သည် ဆေးစာအုပ်တွင် ရောဂါရာဇဝင်များရေးရင်း မေးသည်။

” ကျွန်မ တို့နှစ်ယောာက်စလုံးမှာ ရင်ကျပ် ရောဂါမရှိပါဘူးဆရာ ”

“အမျိုးထဲမှာ ရောရှိလား   ”

” သိသလောက်တော့ မရှိပါဘူး ဆရာ ”

”  အခု ကလေးက ရင်ကျပ်နေတာပါ။ ဆေးပေးလိုက်မယ်။ မသက်သာ ရင်ပြန်လာ ပြပါနော် ”

ကလေးအတွက် ရူဆေးနှင့် သောက်ဆေးများ ပေးလိုက်သည်။

” ဟုတ်ကဲ့ပါ ဆရာ  ”

ကလေးနှင့်အတူ ဆေးခန်းမှ ပြန်လာခဲ့သည်။ ရူဆေး၊ သောက်ဆေးဖြင့် ကလေး၏ အသက်ရှူသံများက ပုံမှန် ပြန်ဖြစ်လာသည်။ ကလေး သက်သာလာသဖြင့် သွားမပြဖြစ်။

နောက် တစ်ပတ်လောက်အကြာ ကလေး အသက်ရှူသံများ ပြန်ကျယ်လာပြန်လာသည်။ သားလေး ရင်ကျပ်ပြန်ပြီ။ အသက်ရှူရတာ မောနေမှန်းသိသာလာသည်။ ဆေးခန်းသို့ ပြေးရပြန်သည်။

” ကလေး အသက်ရှူ မြန်နေလို့ပါ ဆရာ။  ”

” ဟိုတစ်နေ့က ဆေးပေးတုန်းက သက်သာလား ”

” သက်သာပါတယ်ဆရာ။ သက်သာလို့ပဲ လာမပြတာပါ ”

” ဆေး ဖြတ်လိုက်တာနဲ့ ကလေးက ပြန်ကျပ်တာလား ”

”  ဆေး ဖြတ်ဖြတ်ပြီးချင်းတော့ ကလေးက ဘာမှ မဖြစ်ဘူးဆရာ။ သုံးရက်လောက် ကောင်းနေသေးတယ်။ ဒီနေ့ နေ့လည်ကမှစပြီး ပြန်ကျပ်တာပါ။ ”

“မနေ့ ညကရော မကျပ်ဘူးလား  ”

” မနေ့ညကလည်း မကျပ်ပါဘူး ဆရာ။ မနက် စောစောပိုင်းကလည်း ကလေး လုံး၀ မကျပ်ပါဘူး။ နေ့လည် ပိုင်းလောက်မှ ကလေး ကျပ်လာတာပါ။ သေချာပါတယ် ”

“ဘာများ အိမ်မှာ ထူးထူးခြားခြား ကျွေးမိသေးလဲ  ”

” ခါတိုင်းကျွေးနေကျ အတိုင်းပဲ ကျွေးတာပါဆရာ ”

”  ခြင်ဆေးခွေတွေ ထွန်းတာအမွေးတိုင် ထွန်းထာတွေရော လုပ်သေးလား”

“မလုပ်ပါဘူးဆရာ  ”

” ကလေးက ဓာတ်မတည့်လို့ ရင်ကျပ်တယ်လို့ ဆရာက ယူဆတယ်။ သတိထားပြီး စောင့်ကြည့်လိုက်ပါ။ ကလေး ရင်ကျပ်တာတာ တစ်ခုခုကြောင့် ပါ  ”

” ဟုတ်ကဲ့ပါ ဆရာ ။ကျွန် မစောင့်ကြည့်လိုက်ပါမယ် ” ဒီတစ်ခေါက်လည်း သောက်ဆေး ရူဆေးများ ယူပြီးပြန်လာခဲ့ရပြန်သည်။

ဆေး သောက်လိုက်တော့လည်း သားလေး ရင်ကျပ်တာ ပျောက်သွားပြန်သည်။ ဒီလိုနှင့် တစ်ပတ်လောက် ရင် မကျပ် ပဲ နေနေသည်။ တစ် နေ့ခင်း သားလေး ရင်ကျပ် ပြန်သည်။ ညနေ ဖက် ဆရာဝန် ဆီသို့ ပြေးရပြန်သည်။

” တစ်ပတ်လုံးလုံး ကလေးက ရင်မကျပ်ပဲနဲ့ ဒီနေ့မှ ကလေးက ရင်ကျပ်တယ်။ အိမ်မှာ ဘာများထူးထူးခြားခြား ရှိလဲ။ မနေ့ညက ရင်ကျပ်လား၊ မနက်စောစောကရော ရင်ကျပ်လား ”

“မကျပ်ပါဘူးဆရာ။ မနေ့ညကလည်း ကလေးက ကောင်းကောင်းအိပ်ပါတယ်။ မနက်ကလည်း ကောင်းပါတယ်။ ညနေခင်းကျမှ ရင်ကျပ်လာတာပါ”

“အိမ်မှာ တစ်ခုခုနဲ့ မတည့်လို့ပါ။ အစားအစာရော ဘာထူးထူးခြားခြား ကျွေးမိသေးလဲ”

” ဘာမှ ထူးထူးခြားခြား မကျွေးမိပါဘူးဆရာ”

” အနံ့အသက်ရော ဘာထူးထူးခြားခြား ရသလဲ။”

နီလာခေါင်းထဲ အတွေး တစ်ခု ဝင်လာသည်။

”  ကျွန်မ ဒီနေ့ဆံပင် ပေါင်းတင်တယ်ဆရာ။ ကျွန်မ သိပြီ ဆရာ။ ကျွန် မ ဆံပင်ပေါင်းတင်တဲ့နေ့တွေဆို ကလေး ရင်ကျပ်တယ်လို့ ထင်တယ်။  ”

”  ဖြစ်နိုင်ပါတယ်။ ဘယ်တုန်းက စပြီး ဆံပင်ပေါင်းတင်တာလဲ”

“ကျွန်မ ကလေး ငယ်ငယ်တုန်းကတော့ ဆံပင်ပေါင်း မတင်ပါဘူး။ လက်ဆောင်ရတာနဲ့ တစ်ပတ် တစ်ခါ လောက်တော့  အိမ်မှာပဲ ဆံပင်ပေါင်း တင်ဖြစ်တယ်။  ပေါင်းတင် ပြီးတဲ့နေ့တိုင်း ကလေး ရင်ကျပ်တယ်ဆရာ။ ဒါနဲ့ဆို သုံးကြိမ်ရှိပြီပေါ့နော်”

” ဖြစ်နိုင်ပါတယ်။ ဆံပင်ပေါင်း ဆေးတွေက chemical တွေလည်း များတယ်။ ဒါကြောင့် ကလေးက ဓာတ်မတည့်တာပါ။ ဒါကြောင့်လည်း ရင်ကျပ်နေတာပါ။ အမေ အနေနဲ့ ဆံပင်ပေါင်းဆေးလေးသာ ဆက်မသုံးစွဲပါနှင့် ကလေး သက်သာသွားမှာပါ။  ”

” ဟုတ်ကဲ့ပါဆရာ ”

“ရင်ကျပ်ရင် အကြောင်း အရင်း ရှိတတ်ပါတယ်။ အစားအစာနဲ့ မတည့်တာ။ အနံ့နဲ့ မတည့်တာတွေ ရှိပါတယ်။ တစ်ချို့ က ဖုန်မှုန့်တွေ ကြောင့် မတည့်တာမျိုး တွေ ရှိပါတယ်။    ”

” ဟုတ်ကဲ့ပါ ဆရာ ”

” အမေရဲ့ ဆံပင် ပေါင်းဆေး အနံ့ကြောင့် ကလေး ရင်ကျပ်နေတဲ့အတွက် နောက်ကို အဲဒီ ဆံပင်ပေါင်းဆေးကို မသုံးပါနဲ့တော့  ”

“ဟုတ်ကဲ့ပါဆရာ ”

ရူဆေး သောက်ဆေးများ ယူကာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်ကလူတွေ သိရင် ငါ့ကြောင့် ကလေး ရင်ကျပ်တယ်ဆိုပြီး အပြစ်ပြောမလားလို့ စိုးရိမ်နေမိသည်။ အမျိုးသားကိုလည်း ပြောလို့မဖြစ်။ ဒီအတိုင်း ထားလိုက်တော့မည် ဟု ဆုံးဖြတ်ကာ အိမ်သို့ ပြန်လာခဲ့သည်။

နီလာ တစ်ယောက် ဆံပင် ပေါင်းတင် ခြင်း မလုပ်တော့သည့်အတွက် ကလေးသည် နောက် တစ်ကြိမ်ရင် မကျပ်တော့။ အမေ ဖြစ်သူ က ရင်မကျပ် ပဲ သားလေးက ရင်ကျပ်နေသည့်အတွက် အံသြော်ရသည်။ သားအတွက် ဆံပင်ပေါင်းဆေး မသုံးပဲနေရမည်။

ရင်ကျပ်တတ်တဲ့ကလေး တွေက နောက်လည်း တစ်ခြား ဓာတ်မတည့်တာတွေ နှင့်တွေ့ထိမိလျှင် ရင်ကျပ်တတ်သည်ဟုလည်း ဆရာဝန်က မှာလိုက်သောကြောင့် စိုးရိမ်စိတ်တို့ကလည်းရင်ထဲ အပြည့်။ သားအတွက် ဆုတောင်းနေရုံဖြင့် အနာဂတ်ကို ရှေ့ဆက်ရန် အားတင်းလျှက်။

Dr.အေးချမ်းမို

ဆက်စပ် ဆောင်းပါးများ