အရှင်းပျောက်အောင် ကုဖို့ကြာတဲ့ ကလေးကျောက်ကပ်ရောဂါ

 

အရှင်းပျောက်အောင် ကုဖို့ကြာတဲ့ ကလေးကျောက်ကပ်ရောဂါ

အပိုင်း၁မှာ ကလေးတွေမှာဖြစ်တဲ့ ရုတ်တရက်ကျောက်ကပ်ရောင်ရမ်းခြင်းအကြောင်းကို အတန်အသင့်ပြည့်စုံအောင် ရေးသားတင်ပြခဲ့ပါတယ်။

ခုအပိုင်း၂မှာတော့ ကလေးတွေမှာဖြစ်တဲ့ နာတာရှည်ကျောက်ကပ်ရောင်ရမ်းခြင်းအကြောင်းကို ရေးသားတင်ပြပါမယ်။

ကလေးတွေမှာဖြစ်တဲ့နာတာရှည်ကျောက်ကပ်ရောင်ရမ်းခြင်းကို ဆေးပညာအရ nephrotic syndrome လို့လည်းခေါ်ပါတယ်။

ဒီရောဂါဟာ ကျောင်းနေရွယ်မတိုင်မှီ ကလေးတွေ(မူကြိုကလေးတွေ)မှာ အဖြစ်များပါတယ်။၂နှစ်ကနေ ၅နှစ်အရွယ်ကလေးတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ယောကျ်ားလေးတွေမှာပိုအဖြစ်များတတ်ပါတယ်။

တချို့သောကလေးတွေမှာကျ မွေးကတည်းက Nephrotic Syndrome ပါလာတာမျိုးလည်းရှိပါတယ်။

Nephrotic Syndrome ဟာ ကျောက်ကပ်အတွင်းမှာရှိတဲ့ Glomeruli လို့ခေါ်သော သွေးကြောအသေးလေးတွေ ထိခိုက်ပျက်စီးခြင်းကြောင့် ဖြစ်တာပါ။

Minimal change disease၊Focal Segmental glomerulosclerosis၊Membranous nephropathy စတဲ့ ဖြစ်ရတဲ့အကြောင်းသေချာရှာမရသောမျိုးရိုးဗီဇ သို့မဟုတ် ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါတွေဖြစ်တာ

ဆီးချိုရောဂါဖြစ်တာ

အရေပြားလေးဖက်နာရောဂါဖြစ်တာ

ကျောက်ကပ်သွေးပြန်ကြောထဲမှာသွေးခဲပိတ်တာ

စတဲ့အကြောင်းတွေကြောင့် ကျောက်ကပ်ထဲက သွေးကြောအသေးလေးတွေထိခိုက်ပျက်စီးပြီး Nephrotic Syndrome ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် တချို့သောပိုးသတ်ဆေးတွေ၊အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်အသောက်များခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်လို့ သုတေသနအချို့ကရေးသားထားတာတွေရှိပါတယ်။

ကျောက်ကပ်ထဲကသွေးကြောလေးတွေထိခိုက်ပျက်စီးတဲ့အခါမှာ ကျောက်ကပ်က သွေးထဲကအညစ်အကြေးနဲ့စွန့်ပစ်ပစ္စည်းတွေကို ဆီးထဲသို့ ကောင်းကောင်းမစစ်ထုတ်နိုင်တော့ပါဘူး။

ဒါ့အပြင် သွေးထဲမှာပဲကျန်ရှိနေရမယ့် ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ပရိုတင်းဓါတ်နဲ့ တခြားအကျိုးပြုဓါတ်တွေဟာလည်း ဆီးထဲကိုပါကုန်ပါတယ်။

ဒီအခါမှာ ကလေးကနုံးပြီးအားမရှိသလိုဖြစ်နေတာ၊အစားအသောက်ပျက်တာ၊ဆီးသွားရင်ဆီးကတအားအမြုပ်ထတာ၊ကလေးရဲ့မျက်နှာနဲ့ခြေလက်တွေဖောရောင်လာကာကိုယ်အလေးချိန်တက်လာတာတွေဖြစ်လာပါတယ်။

ပိုဆိုးပါက ကလေးတကိုယ်လုံးဖောရောင်လာပြီး ဗိုက်မှာရေဖျဉ်းစွဲတာ၊အဆုတ်ထဲရေဝင်တာတွေပါဖြစ်နိုင်ပါတယ်။

ဒီလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ဆေးခန်းပြပြီး Nephrotic Syndrome ဖြစ်တာဟုတ်မဟုတ် သေချာအောင် စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ဆီးစစ်တာတွေလုပ်ရနိုင်ပါတယ်။လိုအပ်ပါက ကျောက်ကပ်ကနေအသားစယူစစ်တာမျိုးလည်းလုပ်ရနိုင်ပါတယ်။

စစ်ဆေးကြည့်လို့ Nephrotic Syndrome ဆိုတာသေချာရင်တော့ စောစီးစွာဆေးရုံတက်ကုသမှုခံယူဖို့လိုပါတယ။်

ဘာလို့လဲဆိုတော့ အရပ်နည်းတွေ၊ဆေးမြီးတို တွေနဲ့လျှောက်ကုနေမယ်ဆိုပါက နောက်ဆက်တွဲအနေနဲ့ ကလေးက ကိုယ်ခံအားကျလာတဲ့အတွက် အသက်ရှုလမ်းကြောင်းပိုးခဏခဏဝင်တာ၊ဆီးလမ်းကြောင်းပိုးခဏခဏဝင်တာ၊ခန္ဓာကိုယ်ဖောရောင်တဲ့အခါ ခန္ဓာကိုယ်ထဲကအရည်တွေက ဖောတဲ့နေရာတွေမှာစုပြီး သွေးကြောထဲမှာကျနည်းသွားတဲ့အတွက် သွေးပျစ်လာပြီးသွေးခဲလွယ်တာ၊သွေးပေါင်ကျပြီးရှော့ခ်ဖြစ်ကာ သတိလစ်တာ စတဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကလေးတွေမှာ Nephrotic Syndrome ဖြစ်ရင် စောစီးစွာဆေးရုံတက်ကုသဖို့လိုပါတယ်။

ကုသမှုအနေနဲ့ကတော့ Nephrotic Syndrome ကိုဖြစ်စေတဲ့အကြောင်းရင်းကိုရှာကုရပါတယ်။

ကလေးတွေမှာတော့ Minimal change disease လို့ခေါ်တဲ့ ဖြစ်ရတဲ့အကြောင်းသေချာရှာမရသောမျိုးရိုးဗီဇ သို့မဟုတ် ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါကြောင့် ကျောက်ကပ်ထဲကသွေးကြောလေးတွေထိခိုက်ပျက်စီးပြီး နာတာရှည်ကျောက်ကပ်ရောင်ရမ်းခြင်း(Nephrotic Syndrome)ဖြစ်တာများပါတယ်။

ဒါကြောင့် Nephrotic Syndrome ဖြစ်တဲ့ကလေးတွေကို ကုသရာမှာ Streptococcus ပိုးဝင်ပြီးကျောက်ကပ်ရောင်ရောဂါဖြစ်တဲ့ကလေးတွေကို ကုသ သလို ပိုးသတ်ဆေးတွေပေးလေ့မရှိပါ။

(ချွင်းချက်အနေနဲ့တော့ ဆီးလမ်းကြောင်းပိုးဝင်တာ၊အသက်ရှုလမ်းကြောင်းပိုးဝင်တာ စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေရှိလာရင်တော့ ပိုးသတ်ဆေးပေးတတ်ပါတယ်)

အများအားဖြင့်တော့ ရေရှည်ကျောက်ကပ်ရောင်ခြင်း(Nephrotic Syndrome)ကိုဖြစ်စေတဲ့ Minimal chage disease အတွက် ကိုယ်ခံအားစနစ်ကို ထိန်းညှိရန် စတီးရွိုက်ဆေးတွေပေးတာ၊

ဆီးထဲပါသွားတဲ့ပရိုတင်းဓါတ်တွေကိုပြန်ဖြည့်ပေးတဲ့ဆေးတွေပေးတာ၊လတ်တလောခံစားနေရတဲ့ဖောရောင်တာတွေကိုသက်သာအောင်ဆီးဆေးတွေပေးတာတွေ နဲ့ ကုသလေ့ရှိပါတယ်။

ဒါ့အပြင် ရေနဲ့အစားစာကိုလည်း ဆေးရုံကဆရာဝန်တွေတွက်ချက်ညွန်ကြားပေးတဲ့အတိုင်းပဲ တိုက်ကျွေးရပါမယ်။

ကိုယ်ကျွေးချင်တာကျွေးလို့မရသလို ရေလည်းကိုယ်တိုက်ချင်သလောက်မတိုက်ရပါ။

ရောဂါသက်သာလို့ ဆေးရုံကဆင်းပြီးနောက်မှာလည်း ဆေးရုံကဆရာဝန်တွေက ကလေးအသက်အရွယ်နဲ့ကိုယ်အလေးချိန်အနေအထားအလိုက် တွက်ချက်ပေးတဲ့ စတီးရွိုက်ဆေးပမာဏ ကို ရေရှည်စွဲသောက်ရတတ်ပါတယ်။

နာတာရှည်ကျောက်ကပ်ရောင်ခြင်း(Nephrotic Syndrome)ဟာ နာတာရှည်ဆိုတဲ့နာမည်အတိုင်းပဲ ခဏခဏ ပြန်ပြန် ဖြစ်တတ်ပါတယ်။အထူးသဖြင့် ပိုးဝင်တာ၊ဓါတ်မတည့်တာတွေကိုရှုမိထိမိစားမိပြီး အလာဂျီထတာမျိုးဆိုရင် နာတာရှည်ကျောက်ကပ်ရောင်ရောဂါဟာ ပြန်ထတတ်ပါတယ်။

Streptococcus ပိုးဝင်ပြီးရုတ်တရက်ကျောက်ကပ်ရောင်ရောဂါ(APSGN)လို အရှင်းပျောက်လေ့မရှိပါဘူး။

ဒါပေမယ့် ဝမ်းသာစရာတခုကတော့ ကလေးအများစုဟာ ဆယ်ကျော်သက်အရွယ်ရောက်လာတာနဲ့အမျှ Nephrotic Syndrome ပြန်ဖြစ်နိုင်ခြေဟာနည်းနည်းလာပြီး အသက်၂၀ပြည့်ခါနီးအရွယ်လောက်ကျ Nephrotic Syndrome ပြန်ဖြစ်နိုင်ခြေဟာမရှိသလောက်နည်းလာပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ