ကလေးတွေမှာအဖြစ်အများဆုံး ကျောက်ကပ်ရောဂါ (၁)

 

ကလေးတွေမှာအဖြစ်အများဆုံး ကျောက်ကပ်ရောဂါ (၁)

ကျောက်ကပ်ရောင်ရောဂါဟာ ကလေးတွေမှာ အဆုတ်အအေးမိတာ၊ဝမ်းပျက်ဝမ်းလျှောရောဂါတွေလောက် အဖြစ်မများပေမယ့် အဖြစ်များဆုံးရောဂါ၁၀မျိုးထဲမှာတော့ပါပါတယ်။

ကလေးတွေမှာ ဖြစ်တဲ့ကျောက်ကပ်ရောင်ရောဂါမှာ ရုတ်တရက်ကျောက်ကပ်ရောင်ရောဂါ နဲ့ နာတာရှည်ကျောက်ကပ်ရောင်ရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။

အခုအပိုင်း၁ မှာ ရုတ်တရက်ကျောက်ကပ်ရောင်ရောဂါအကြောင်းကို ရေးသားတင်ပြချင်ပါတယ်။

ရုတ်တရက်ကျောက်ကပ်ရောင်ရောဂါဟာ ကျောင်းနေအရွယ်ကလေး(အသက် ၅ ကနေ ၁၅နှစ်အရွယ်ကလေး)တွေမှာ အဖြစ်များလေ့ရှိပါတယ်။

Sterptococcus ပိုးဝင်လို့ ကလေးတွေမှာ အာသီးရောင်တာ၊လည်ချောင်းနာတာတွေဖြစ်ပြီးနောက် သို့မဟုတ် ကလေးတွေရဲ့လက်တွေ ခြေထောက်တွေမှာ အရေပြားအနာတွေဖြစ်ပြီးနောက် နှစ်ပတ်လောက်ကြာတဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ ရုတ်တရက်ကျောက်ကပ်ရောင်ရမ်းတာဖြစ်နိုင်ပါတယ်။

ဒါကြောင့် ရုတ်တရက်ကျောက်ကပ်ရောင်ရောဂါကို Acute Post Streptococcal Glomerulonephritis (APSGN) လို့ခေါ်ပါတယ်။

အဓိပ္ပာယ်က Streptococcus ပိုးဝင်ပြီးနောက် ရုတ်တရက်ကျောက်ကပ်ရောင်ရမ်းခြင်းပါ။

သို့သော်တခုနားလည်ထားရမှာက Streptococcus ပိုးကိုယ်တိုင်က ကျောက်ကပ်ကို တိုက်ရိုက်ရောင်စေတာမဟုတ်ပါဘူး။

Streptococcus ပိုးဝင်တဲ့အခါမှာ ခန္ဓာကိုယ်က ခုခံအား(Antibody)တွေ ထုတ်ပြီး ပိုးကိုတိုက်ပါတယ်။

ကံဆိုးချင်တော့ Streptococcus ပိုးရဲ့ပုံစံနဲ့ ကျောက်ကပ်မှာရှိတဲ့ဆဲလ်တွေရဲ့ပုံစံနဲ့က ခပ်ဆင်ဆင်ဖြစ်နေတဲ့အတွက် ခန္ဓာကိုယ်က ထုတ်တဲ့ ခုခံအားက ပိုးကိုတိုက်တာအပြင် တချိန်တည်းမှာ ကျောက်ကပ်မှာရှိတဲ့ဆဲလ်တွေကိုလည်း တိုက်ပါတယ်။

အဲ့အခါမှာ ရုတ်တရက်ကျောက်ကပ်ရောင်ရမ်းခြင်း ဖြစ်လာပါတယ်။

ဒါပေမယ့်

Streptococcus ပိုးဝင်ပြီး အာသီးရောင်၊လည်ချောင်းနာဖြစ်တဲ့ကလေးတိုင်း သို့မဟုတ် အရေပြားအနာတွေဖြစ်တာတွေ ဖြစ်တဲ့ကလေးတိုင်း နောက်နှစ်ပတ်အကြာမှာ ရုတ်တရက်ကျောက်ကပ်ရောင်ရောဂါဖြစ်မယ်လို့တော့ ယတိပြတ်ပြောမရပါ။

မဖြစ်တဲ့ကလေးတွေလည်းမဖြစ်ပါဘူး။

အကြမ်းအားဖြင့်ပြောရရင် ပြင်ပကနေ ခန္ဓာကိုယ်ထဲဝင်လာတဲ့အရာတွေကို အလွန်အမင်းတုံ့ပြန်တတ်တဲ့ ကိုယ်ခံအားစနစ်ရှိတဲ့ ကလေးငယ်တွေမှာအဖြစ်များလေ့ရှိတတ်ပါတယ်။

Streptococcus ပိုးဝင်ပြီးနောက် ရုတ်တရက်ကျောက်ကပ်ရောင်ရမ်းခြင်း(APSGN) ဖြစ်ပါက ဆီးနဲသွားတာ၊ဆီးထဲသွေးပါပြီး ဆီးအရောင်ကအနီရောင်သွားတာ၊မျက်လုံးပတ်ဝန်းကျင်မှာဖောလာတာ၊မျက်နှာပတ်ဝန်းကျင်မှာဖောလာတာတွေဖြစ်နိုင်ပါတယ်။

တချို့မိဘတွေက ဖောလို့ဖောမှန်းမသိဘဲ ကလေးလေးက မျက်နှာပြည့်လာတယ် လို့ထင်တတ်ကြပါတယ်။

ပိုဆိုးလာရင်မျက်လုံး၊မျက်နှာဖောရာကနေ တကိုယ်လုံးဖောရောင်လာပါတယ်။

ဒါအပြင် ဒီရောဂါဖြစ်ရင် ကလေးတွေမှာ သွေးပေါင်လည်းရုတ်တရက်တက်လာတဲ့အတွက် ခေါင်းကိုက်တာ၊ပျို့အန်တာ၊အလင်းကြောက်တာတွေပါဖြစ်နိုင်ပါတယ်။

ဒီလိုလက္ခဏာတွေဖြစ်ရင် Streptococcus ပိုးဝင်ပြီးနောက် ရုတ်တရက်ကျောက်ကပ်ရောင်ရမ်းခြင်း(APSGN) ဟုတ်မဟုတ် သေချာသိရန် နီးစပ်ရာဆေးရုံ၊ဆေးခန်းပြပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ကြည့်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ဆီးစစ်တာ၊သွေးပေါင်ချိန်တာစသဖြင့်ပါ။

ဒီလိုစမ်းသပ်စစ်ဆေးကြည့်လို့ Streptococcus ပိုးဝင်ပြီးနောက် ရုတ်တရက်ကျောက်ကပ်ရောင်ရမ်းခြင်း(APSGN) ဖြစ်တယ်ဆိုပါက စောစီးစွာ ကလေးကို ဆေးရုံတင်ပြီး ကုသဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ စောစီးစွာဆေးရုံတင်ပြီး ကုသမှုမခံယူဘဲ ဆေးမြီးတိုတွေနဲ့လျှောက်လုပ်နေပါက နောက်ဆက်တွဲအနေနဲ့

ရုတ်တရက်ကျောက်ကပ်အားနည်းပြီး ဆီးလုံးဝမသွားနိုင်တော့တာ(Acute Renal Failure)

သွေးပေါင်တက်ပြီးဦးနှောက်ထိတဲ့အတွက်

သတိလစ်တာ၊တက်တာ(Hypertensive Encephalopathy)

သွေးပေါင်တက်ပြီး နှလုံးထိတဲ့အတွက် နှလုံးပန်းပြီး မောတာ၊ကြပ်တာ(Hypertensive Heart Failure)

တွေဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။

ဒါကြောင့် Streptococcus ပိုးဝင်ပြီးနောက် ရုတ်တရက်ကျောက်ကပ်ရောင်ရမ်းခြင်း(APSGN) ဖြစ်တယ်ဆိုပါက ကလေးကို ချက်ချင်းဆေးရုံတင်သင့်ပါတယ်။

ဆေးရုံတင်ပြီးသေချာကုပါက နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ခြေနည်းကာ အကောင်းပကတိအရှင်းပျောက်ကင်းနိုင်ပြီး ရောဂါပြန်ဖြစ်နိုင်ခြေလည်း အင်မတန်နည်းပါတယ်။

ရောဂါကုသတဲ့အခါမှာ Streptococcus ပိုးကို သေစေတဲ့ပိုးသေဆေးတွေထိုးတာသောက်တာ တွေအပြင် အစားအသောက်လည်းဆင်ခြင်ဖို့လိုပါတယ်။

ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝတဲ့အစားအစာ(ဥပမာငှက်ပျောသီး၊ပန်းသီး)၊ဆိုဒီယမ်ဓါတ်ကြွယ်ဝတဲ့အစားအစာ(အငန်ကဲတဲ့အစားအစာ)တွေကိုရှောင်ဖို့လိုပါတယ်။

ရောဂါအခြေအနေပြင်းထန်ပါက အသား၊ငါး၊ဥ၊နို့ စတဲ့ပရိုတင်းဓါတ်ပါတဲ့အစားသောက်တွေပါရှောင်ဖို့လိုနိုင်ပါတယ်။

ဒါ့ပြင် ရေကိုလည်း ကလေးစိတ်ကြိုက်မတိုက်ရပါဘူး။ဆေးရုံဆရာဝန်တွေက တွက်ချက်ပေးပြီး ညွန်ကြားတဲ့ပမာဏအတိုင်းပဲ တိုက်ရပါမယ်။

ဒီလောက်ဆိုရင် ကလေးတွေမှာ အဖြစ်များတဲ့ ရုတ်တရက်ကျောက်ကပ်ရောင်ရောဂါအကြောင်းကို အတန်သင့် သိနားလည်ပြီလို့ယူဆပါတယ်။

ကလေးတွေမှာအဖြစ်များတဲ့ နာတာရှည်ကျောက်ကပ်ရောင်ရောဂါအကြောင်းကိုတော့ အပိုင်း၂မှာ ဆက်လက်ရေးသားတင်ပြပါမယ်။

Dr 528

 

ဆက်စပ် ဆောင်းပါးများ