ကလေးနို့ဖြတ်ခြင်းအနုပညာ

ကလေးနို့ဖြတ်ခြင်းအနုပညာ

မွေးစကနေ ခြောက်လထိ ကို မိခင်နို့တမျိုးပဲတိုက်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပြောထားပါတယ်။

သို့သော် ကလေးဘယ်အရွယ်မှာ နို့ဖြတ်ရမယ်ဆိုတာကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအပါအဝင် ဘယ်ကျန်းမာရေးအဖွဲ့ကမှ အတိအကျ သတ်မှတ်ထုတ်ပြန်ပြောကြားထားတာမရှိပါဘူး။

ဘာလို့လဲဆိုတော့ ကလေးဘယ်အရွယ်မှာနို့ဖြတ်မလဲဆိုတာဟာ မိခင်တယောက်စီရဲ့အခက်အခဲ၊အခြေအနေ၊သဘောထား နဲ့ ကလေးရဲ့နို့ဆက်စို့ချင်စိတ်ရှိမရှိစတဲ့ အချက်တွေပေါ်မူတည်လို့ပါ။

ခြောက်လပြည့်လို့ ဖြည့်စွက်စာစကျွေးတဲ့အချိန်ကစပြီး တချို့ကလေးတွေဟာ မိခင်နို့ရည်သောက်စို့ရတာကို ငြီးငွေ့လာကာ တခြားအစားစာ(Solid foods)တွေရဲ့အရသာကိုသိလာပြီး ပိုကြိုက်တတ်လာကြပါတယ်။

အဲ့အခါမှာ ကလေးတချို့ဟာ တနှစ်မပြည့်ခင် ၇လ ၈လ လောက်နဲ့ သူ့အလိုလိုမိခင်နို့ပြတ်သွားတတ်ပါတယ်။

တချို့ကလေးတွေကျ လမ်းစလျှောက်တတ်တဲ့ တနှစ်အရွယ်ရောက်တဲ့အခါ မိခင်နို့ကိုအကြာကြီးထိုင်စို့ လှဲစို့နေရတာမျိုးထက် လျှောက်သွားနေရတာကို ပိုကြိုက်နှစ်သက်လေ့ရှိပါတယ်။

အဲ့အခါမှာ နို့စို့တာကိုသိပ်အာရုံမလာတော့ဘဲ သူ့အလိုလိုနို့ပြတ်သွားလေ့ရှိပါတယ်။

ကလေးငယ်တွေဟာ မိခင်နို့မစို့ချင်တော့ဘူးဆိုပါက နို့တိုက်ချိန်မှာဂျီကျတာ၊စိတ်မရှည်တာမျိုးတွေ နဲ့ပြတတ်ပါတယ်။

ကလေးနို့ဖြတ်ရတာဟာ အခုဖော်ပြခဲ့သလို ကလေးကသူ့ဘာသာသူမစို့တော့ဘူးဆိုရင်(ကလေးဘက်ကစဖြတ်ရင်) မိခင်တွေအတွက် အခက်အခဲမရှိအရမ်းအဆင်ပြေပါတယ်။

ဒါပေမယ့် တချို့မိခင်တွေအနေနဲ့ကျ ခွင့်ရက်ပြည့်လို့ လုပ်ငန်းခွင်ပြန်ဝင်ရမှာမို့၊အလုပ်ကလည်းအဝေးသွားလုပ်ရမှာမို့စတဲ့အခြေအနေအခက်အခဲတွေကြောင့် ကလေးက နို့ဆက်စို့ချင်ပေမယ့်လည်း မိခင်ဘက်ကစပြီး နို့ဖြတ်ရတာမျိုးရှိပါတယ်။

အဲ့သလို မိခင်ဘက်စပြီး နို့ဖြတ်တဲ့အခါမျိုးမှာ သတိထားရမှာတခုက ရုတ်တရက်တိခနဲနို့ဖြတ်တာမျိုးမလုပ်ဖို့ပါ။

နို့တိုက်ချိန်မှာကလေးနို့တောင်းနေသော်လည်းနို့လုံးဝမတိုက်တာ၊ကလေးနဲ့မတွေ့အောင်ရှောင်နေတာတွေလိုမျိုး ရုတ်တရက်တိခနဲနို့ဖြတ်တာတွေလုပ်ပါက သင့်အနေနဲ့နို့ချောင်းပိတ်ပြီး ရင်သားတင်းတာ၊ပိုးဝင်တာ၊ရင်သားအကြိတ်ဖြစ်တာ၊စိတ်ဓါတ်ကျတာတွေဖြစ်နိုင်သလို သင့်ကလေးမှာလည်းစိတ်ဒဏ်ရာရသွားနိုင်ပါတယ်။

ဒါကြောင့် ကလေးကို မိခင်ဘက်ကစပြီးနို့ဖြတ်မယ်ဆိုရင်

ရုတ်တရက်တိခနဲနို့ဖြတ်တာမျိုးမလုပ်ပါနဲ့။

နို့တိုက်တဲ့အကြိမ်အရေအတွက်ကိုဖြည်းဖြည်းချင်းလျှော့ပါ။(အရင်ကတနေ့၈ကြိမ်တိုက်တယ်ဆိုရင် ၇ကြိမ် ပဲတိုက်ပါ။နောက်ပိုင်းကျ ၇ကြိမ်ကနေ ၆ကြိမ်၊၆ကြိမ်ကနေ၅ကြိမ် စသဖြင့် ဖြည်းဖြည်းချင်းလျှော့တိုက်သွားပါ။)

နို့တိုက်တဲ့ကြာချိန်ကို လျှော့ပါ။(အရင်က မိနစ်၂၀ကြာတယ်ဆိုရင် ခုဆယ်မိနစ်လောက်ပဲတိုက်ပါ။အဲ့ကနေတဖြည်းဖြည်းချင်းထပ်လျှော့သွားပါ။)

နောက်ဆုံးအနေနဲ့အကြံပေးချင်တာကတော့ မိခင်ဘက်စပြီးနို့ဖြတ်ပါက ကလေးဟာ နို့ဖြတ်ခြင်းနဲ့အသားကျရန်အတွက် ရက်သတ္တပတ်ပေါင်းများစွာကြာအောင်၊လချီကြာအောင် အချိန်ယူရနိုင်ပါတယ်။

အဲ့အတွက် တနှစ်အရွယ်မှာနို့ဖြတ်မယ်လို့မိမိကစဉ်းစားထားတယ်ဆိုရင် ၉လ ၁၀လအရွယ်လောက်ကတည်းက နို့တိုက်တဲ့အကြိမ်ရေနဲ့ ကြာချိန်ကို တဖြည်းဖြည်းစလျှော့ကာ ဖြည့်စွက်စာတွေကိုများများနဲ့စုံအောင်ကျွေးတာတွေကို လုပ်ဖို့လိုပါတယ်။

တနှစ်ပြည့်မှ တိခနဲရုတ်တရက်ဖြတ်တာမျိုးကိုရှောင်ပါ။

Dr 528

 

 

ဆက်စပ် ဆောင်းပါးများ