မွေးကင်းစကလေးတွေမှာ အမြင်အာရုံဟာ ပြီးပြည့်စုံစွာ ဖွံဖြိုးမှုမရှိသေးတာကြောင့် မြင်တော့မြင်ရပေမယ့် အရွယ်ရောက်ပြီးသားလူကြီးတွေမြင်သလိုတော့ ကောင်းစွာမမြင်ရသေးပါ။
လူကြီးတွေမြင်သလို ကောင်းစွာမြင်ရဖို့ဆိုရင် မွေးပြီးတနှစ်လောက်ထိ အချိန်ယူဖို့လိုပါတယ်။ ကလေး အသက်တနှစ်ပြည့်တဲ့အခါမှသာ လူကြီးတွေမြင်သလို ကောင်းစွာမြင်ရပါတယ်။ ဒီတပတ်မှာ မွေးကင်းစကလေးတွေရဲ့ အမြင်အာရုံဖွံ့ဖြိုးမှုအဆင့်ဆင့်ကို ရေးသားတင်ပြချင်ပါတယ်။
မွေးကင်းစမှသုံးလထိ မွေးကင်းစကလေးတွေရဲ့ အမြင်လွှာ Retina ပေါ်မှာရှိတဲ့ အာရုံကြောဆဲလ်တွေနဲ့အမြင်အာရုံကို ထိန်းချုပ်တဲ့ဦးနှောက်ရဲ့အစိတ်အပိုင်းတွေက သိပ်မဖွံ့ဖြိုးသေးတဲ့အတွက် မွေးစကနေတပတ်လောက်ထို ကလေးတွေဟာ သူတို့ရဲ့ပတ်ဝန်းကျင်ကိုကြည့်ရင် အဖြူအမည်းပုံရိပ်တွေအနေနဲ့ပဲမြင်ရပါတယ်။
တပတ်ကျော်လောက်မှ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်နဲ့ အစိမ်းရောင် တွေကို မြင်နိုင်ပါတယ်။ အပြာရောင်နဲ့ ခရမ်းရောင်တွေကိုတော့ မွေးပြီးနှစ်ပတ်သုံးပတ်လောက်မှာမှ မြင်နိုင်ပါတယ်။ မွေးစကနေ တလအရွယ်လောက်ထိကို ကလေးငယ်တွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကအလင်းရောင်တွေကို အာရုံမခံနိုင်သေးပါ။
မွေးစကနေတလအရွယ်ကလေးတွေမှာ Light Detection threshold လို့ခေါ်တဲ့ အလင်းစူးမှုကိုခံနိုင်ရည်ဟာ အရွယ်ရောက်လူတွေထက် ၅၀ ရာခိုင်နှုန်းပိုမြင့်နေတဲ့အတွက် သာမန်အလင်းလောက်ကို အာရုံမခံနိုင်တာပါ။ အရွယ်ရောက်သူတွေဟာ မီးချောင်းဖွင့်ထားရင် မီးချောင်းကအလင်းကို အာရုံခံနိုင်ပြီး လင်းနေမှန်းသိပေမယ့် မွေးကင်းစကနေတလအရွယ်ထိ ကလေးငယ်တွေကတော့ မသိနိုင်ပါဘူး။
ဒါ့အပြင် မွေးစကနေ ၃ လထိ အရာဝတ္ထုတခုကို ကြည့်တဲ့အခါ ပြတ်ပြတ်သားသား အာရုံစိုက်ကြည့်တာမျိုးတွေ၊ ဘေးဘီဝဲယာလိုက်ကြည့်တဲ့အခါ မျက်လုံးနှစ်လုံးအတူတကွ အတွင်းအပြင် ပြိုင်တူရွေ့တာမျိုးတွေလည်း မလုပ်နိုင်သေးပါ။
ဒါကြောင့်ပထမသုံးလအတွင်းမှာ မိခင်မျက်နှာကို စိုက်ကြည့်တာမျိုးမရှိရင်၊ ဘေးဘီဝဲယာကြည့်တဲ့အခါ ရွေ့လျားနေတဲ့အရာကိုကြည့်တဲ့အခါ မျက်စိနှစ်လုံးကပြိုင်တူရွေ့တာမရှိရင် သိပ်စိတ်မပူပါနဲ့။ (တချို့မေမေတွေက သူတို့ရဲ့မွေးကင်းစသားသမီးကို နို့တိုက်တဲ့အခါ သားသားမီးမီးလေးတွေအနေနဲ့ သူတို့မျက်နှာကို စိုက်မကြည့်ရင် စိတ်ပူတတ်ကြပါတယ်။)
သုံးလမှ ခြောက်လ သုံးလမှ ခြောက်လအတွင်းမှာတော့ ကလေးရဲ့ ဦးနှောက်က အမြင်အာရုံကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းတွေဟာ ကောင်းစွာဖွံ့ဖြိုးလာပြီ ဖြစ်တဲ့အတွက် ကလေးဟာ အရာဝတ္ထုတွေကို ကြည့်တဲ့အခါ စူးစိုက်ပြီးကြည့်နိုင်လာသလို ဘေးဘီဝဲယာကြည့်တဲ့အခါမှာလည်း မျက်လုံးနှစ်လုံးစလုံးပြိုင်တူ စည်းချက်ကျ ရွေ့နိုင်လာပါတယ်။
အလင်းကိုကောင်းစွာအာရုံခံနိုင်လာပြီး အရောင်တွေအားလုံးကိုလည်းကောင်းစွာခွဲခြားမြင်နိုင်လာပါပြီ။ ဒါ့အပြင် အကွာအဝေးခန့်မှန်းမှုလည်း အားကောင်းလာပြီး Hand eye coordination လို့ခေါ်တဲ့ လက်နဲ့မျက်လုံး တွဲဖက်လုပ်ဆောင်ခြင်း (မြင်တဲ့အရာဝတ္ထုကို လက်နဲ့လှမ်းဆုပ်ကိုင်တာ၊ ထိတာ) တွေ စပြီးလုပ်နိုင်လာပါတယ်။
၇ လမှတနှစ်ဒီအသက်အရွယ်မှာတော့ ကလေးတွေရဲ့ အမြင်အာရုံ အကွာအဝေးခန့်မှန်းမှုကလည်း ပိုကောင်းလာပြီး တွားသွားတာ၊ လှိမ့်တာတွေကို အကွာအဝေးအတော်များများထိ လုပ်နိုင်လာပါတယ်။Hand eye coordination လို့ခေါ်တဲ့ လက်နဲ့မျက်လုံး တွဲဖက်လုပ်ဆောင်ခြင်း စွမ်းရည်ဟာလည်း ပိုကောင်းမွန်လာကာ အရာဝတ္ထုတွေကို ဆုပ်ကိုင်နိုင်ရုံသာမက တနေရာကို ပစ်ပေါက်တာမျိုးတွေပါ လုပ်နိုင်လာပါတယ်။
Dr 528