ကလေးတွေမှာ မက်ကလောင်ဖောက်တာ ဘယ်လောက်ဆိုးသလဲ

ကလေးတွေမှာ မက်ကလောင်ဖောက်တာ ဘယ်လောက်ဆိုးသလဲ

မက်ကလောင်ဖောက်တယ်ဆိုတဲ့ အလေ့အကျင့်ဟာ အခုချိန်အထိ တစ်ချို့သောနေရာဒေသတွေမှာ ကျင့်သုံးနေဆဲပါ မြို့ကြီးပြကြီးတွေမှာနေလည်း ဓလေ့ထုံးစံအဖြစ် လုပ်နေကြစမြဲပါ ။မက်ကလောင် ဖောက်တယ်ဆိုတာ ဘာလဲ ။အဖျားအရမ်းကြီးတဲ့အခါဖြစ်စေ အဖျားရက်တာရှည်နေတာဖြစ်စေတွေမှာ လက်ထိပ်ကသွေးကို ဖောက်ထုတ်တာကို မက်ကလောင် ဖောက်တယ်လို့ ခေါ်ပါတယ် ဒီလိုဖောက်ခြင်းအားဖြင့် အဖျားပြန်ကျတယ်ဆိုတဲ့ ဓလေ့အယူတစ်မျိုးပါ ။
မက်ကလောင် ဖောက်တဲ့အခါ အရောင်မည်းညစ်တဲ့ သွေးတွေထွက်တာကြောင့် မကောင်းတဲ့ သွေးတွေထွက်သွားရင် အဖျားကျမယ် နေကောင်းမယ်ဆိုတဲ့ အယူအဆနဲ့ လုပ်တတ်ကြပါတယ် ။မက်ကလောင်ဖောက်တာက အဖျားကြီးတဲ့ ကလေး လူကြီးတိုင်းလုပ်တတ်ကြပေမယ့် ကလေးတွေမှာ ပိုပြီးတွေ့ရတတ်ပါတယ် ကလေးတွေ အဖျားကြီးတဲ့အခါမှာ ဆေးတိုက်ရခက်တာကတစ်ကြောင်း ရေပတ်တိုက်ရခက်တာကတစ်ကြောင်း အစာအရည် ကျွေးရခက်တာကတစ်ကြောင်း စတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် အဖျားအလွယ်တကူပြန်မကျတဲ့အခါ မက်ကလောင် ဖောက်တတ်ကြပါတယ် ။
မက်ကလောင်ဖောက်တဲ့အခါ အဖျားကတော့အစပိုင်းမှာ ကျကောင်းကျနိုင်ပါတယ် ဘာကြောင့်ဖြစ်ရတာလဲကို ခန့်မှန်းကြည့်ရင် အဖျားဖြစ်ဖို့ လိုအပ်တဲ့ Prostaglandin E2 ကသွေးထဲကနေ အပြင်ကို ထွက်သွားတာကြောင့်လည်း ပါပါတယ် ဒီလိုလုပ်တာက ခဏပဲ အဖျားကျနိုင်တာမျိုးပါ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ရောဂါပိုးမကုန်သရွေ့တော့ အဖျားက ပြန်တက်နေဦးမှာပါ မက်ကလောင်ဖောက်လည်းနောက်တစ်ခါ အပူထပ်ကြီးနိုင်ပါသေးတယ် ။မက်ကလောင်ဖောက်တဲ့အခါ သွေးမည်းမည်းကြီးတွေထွက်ရတဲ့ အကြောင်းကလည်း သွေးကိုဖောက်မထုတ်ခင်မှာ လက်ထိပ်တွေကို ကြိုးနဲ့စည်းတာတွေညှစ်ထားတာတွေကြောင့် သွေးမဖောက်ခင်တည်းက သွေးထဲမှာပါတဲ့ သွေးနီဥတွေ သွေးဥမွှားတွေ ပြိုကွဲ ပျက်စီးသွားလို့ပါ မကောင်းတဲ့သွေးတွေမဟုတ်ပါဘူး ။
ကလေးတွေမှာ အဖျားဝင်လာရင် ပထမဆုံးအိမ်မှာပဲ ပြုစုစောင့်ရှောက်ကြတယ် ရေပတ်တိုက်တာတွေ အဖျားကျဆေးပေးတာတွေ လုပ်ကြတယ် ဒါမှအဖျားမကျသေးရင် မက်ကလောင်ဖောက်တတ်ကြတယ် မက်ကလောင်ဖောက်ပြီး အဖျားမကျမှ ဆေးရုံဆေးခန်းရောက်လာတတ်ကြတယ် ။
မက်ကလောင်ဖောက်ပြီး အဖျားမကျတဲ့အခါကျမှ ဆေးရုံဆေးခန်းရောက်ရင် လူကြီးတွေပေးတဲ့ ဆင်ခြေတစ်ခုကတော့ အပ်ကို မီးကင်ပြီးမှ ဖောက်တာပါဆိုတာပါ အပ်ကိုမီးကင်တာက မေးခိုင်ပိုးကို ကာကွယ်ချင်လို့ပါ ဒါတောင် တစ်ချို့ တွေ အပ်ကို မီးကင်ဖို့ မေ့လျော့နေတတ်ကြပါတယ် ။
မက်ကလောင်ဖောက်တဲ့ အခါ အပ်ပဲမီးကင်ပြီး မဖောက်ခင်မှာ လက်ထိပ်ကိုအရက်ပြန်မသုတ်ရင်ဖြစ်စေ ဖောက်ပြီးနေရာတွေကို အရက်ပြန်တို့ sepatine အနာသန့်ဆေးဖြစ်စေမထည့်ဘဲ ဒီအတိုင်းထားလိုက်တာတွေက နောက်ထပ် ရောဂါပိုးတွေကို လက်ယပ်ခေါ်နေသလိုပါပဲ ။
မက်ကလောင်ဖောက်ထားတဲ့ အရှိန်ကြောင့် လက်ထိပ်တွေမှာ နာတာတွေ တင်းတာတွေ ပိုဖြစ်လာတတ်ပါတယ် အပ်ထိုးထားတဲ့နေရာတွေကိုလည်း ဘာဆေးမှမထည့် ပလာစတာဘာမှကပ်မထားဘဲ အလွတ်ထားတာကြောင့်လည်း တစ်ခြားသောရောဂါပိုးတွေ ထပ်ဖြစ်နိုင်ပါတယ် ပထမဖြစ်တာက သက်သာပြီး မက်ကလောင်ဖောက်လိုက်တာတွေကနေတစ်ဆင့် ထပ်ဖျားတတ်ပါတယ် ။အထူးသဖြင့် သွေးလွန်တုပ်ကွေးတွေမှာ မက်ကလောင်ဖောက်လာတတ်ကြတယ် ရောဂါရဲ့ ပုံစံကိုကတစ်ပတ်လောက်တော့အဖျားတက်မှာပါ မက်ကလောင်ဖောက်လို့ အဖျားမသက်သာပါဘူး ။အဖျားကြီးတာအဖျားတာရှည်တာတွေမှာ ရောဂါပိုးကို သေချာကုနိုင်ရင် အဖျားကျပါတယ် မက်ကလောက်ဖောက်ဖို့မလိုပါဘူး မက်ကလောင်ဖောက်ခြင်းက ကလေးတွေအတွက် နာကျင်စေတာအပြင် အဆိုးဆုံးသွေးဆိပ်တက်တာအထိ ဖြစ်နိုင်တယ်ဆိုတာကို လူကြီးမိဘတွေ သတိမူစေချင်ပါတယ် ။

Dr. CST

 

ဆက်စပ် ဆောင်းပါးများ