ကလေးတွေ  နားပြည်ယိုတဲ့အခါ

 

ကလေးတွေ  နားပြည်ယိုတဲ့အခါ

နားပိုးဝင်ခြင်း(Ear infections)ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်၅နှစ်အောက်ကလေးတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။

အများအားဖြင့် အအေးမိတာ၊အသက်ရှုလမ်းကြောင်းပိုးဝင်တာတွေကနေတဆင့် ဖြစ်တတ်ပါတယ်။

ဘာလို့လဲဆိုတော့

အသက်၅နှစ်အောက်ကလေးတွေမှာ နားအလယ်ပိုင်း နှင့် နှာခေါင်း၊လည်ချောင်းနောက်ကို ဆက်ထားပေးသော ပြွန်လေး(Eustachian tube)ဟာ ကလေးကြီးတွေ၊လူကြီးတွေထက်စာရင် အရမ်းတိုပြီး သေးလို့ပါ။

အအေးမိနှာစေးတာ၊အသက်ရှုလမ်းကြောင်းပိုးဝင်တာ စတဲ့အခြေအနေတခုခုဖြစ်ရင် အဲ့ပြွန်လေးဟာရောင်ရမ်းလာပြီး ပြွန်အတွင်းထဲမှာ သားငံရည်တွေထွက်လာပါတယ်။

ကလေးငယ်လေးတွေမှာ ပြွန်ဟာအရမ်းတိုသေး တဲ့အတွက် လူကြီးတွေ၊ကလေးကြီးတွေမှာလို ပြွန်ထဲအရည်တွေဟာ အပြင်ကိုမထွက်နိုင်ဘဲ ပြွန်အထဲမှာပဲ စုမိပြီးပိတ်မိနေကာ ကြာလာတဲ့အခါမှာ ဘက်တီးရီးယားပိုး၊မှိုပိုး စတာတွေပေါက်လာပါတယ်။

အဲ့တာကို နားပိုးဝင်တယ်လို့ခေါ်ပါတယ်။ဒီလိုပိုးတွေပေါက်လာတဲ့အခါမှာ ရောင်ရမ်းတာပိုဆိုးလာပြီး အရည်တွေလည်းပိုများလာပါတယ်။

နားပိုးဝင်တဲ့အခါမှာ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့

ဖျားတာ၊ညကောင်းကောင်းမအိပ်တာ၊နားထဲကနေ အရည် သို့မဟုတ် ပြည်ထွက်ကျတာ

လမ်းလျှောက်တဲ့အခါ ယိုင်တိုင်တိုင်ဖြစ်တာ

အစားကောင်းကောင်းမစားတာ

စကားမပြောတတ်သေးတဲ့အရွယ်တွေဆိုရင် အကြောင်းရင်းမယ်မယ်ရရမရှိဘဲ နားကိုဆွဲကာ ငိုတာ၊ဂျီကျတာ၊ကိုယ့်ခေါင်းကိုကိုယ့်လက်နဲ့ ပြန်ရိုက်နေတာ

ကလေးကမိမိအသံကိုကောင်းစွာမတုံပြန်တာ(သူ့နာမည်ကိုခေါ်ရင် ခါတိုင်း လှည့်ကြည့်နေကျက မကြည့်တော့တာ)

စကားပြောတတ်တဲ့အရွယ်ဆိုရင် နားနေရာကိုလက်နဲ့ညွန်ပြပြီး နာတယ်၊ကိုက်တယ်၊နားထဲမှာတမျိုးကြီးဖြစ်နေတယ်ပြောတာ စသဖြင့်ပါ။

ဖော်ပြပါလက္ခဏာတွေထဲက တခုထက်ပိုပြီး သင့်ကလေးမှာရှိနေတယ်ဆိုရင် နားပိုးဝင်တာဟုတ်မဟုတ်သေချာအောင် ကလေးအထူးကုဆရာဝန်နဲ့ ပြသပြီး နားထဲကြည့်တဲ့ကိရိယာနဲ့ စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။

ကလေးငယ်များမျာ နားပိုးဝင်ခြင်းဟာ

အထက်မှာတခါပြောခဲ့သလို အအေးမိနှာစေးတာ၊အသက်ရှုလမ်းကြောင်းပိုးဝင်တာတွေကြောင့်အပြင် ကလေးများရဲ့နားထဲကို နားကြပ်တံ၊ဂွမ်းတံ စတဲ့အရာတွေထည့်တာ၊ ကလေးငယ်ကို အိပ်ရက်အနေထားနဲ့နို့ဘူးတိုက်ရာကတဆင့် ကလေးနားထဲကို နို့ဘူးထဲကနို့မှုန့်ဖျော်ရည်တွေဝင်တာ၊

ကလေးက မသန့်ရှင်းတဲ့ရေမှာရေကူးမိပြီးနားထဲရေဝင်တာ၊ကလေးအနားမှာ ဆေးလိပ်သောက်တာ၊ခြင်ဆေးထွန်းတာ၊မီးခိုးမှိုင်းတိုက်တာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင်တခါတရံ ဘာအကြောင်းမယ်မယ်ရရမှမရှိဘဲ မျိုးရိုးလိုက်တာကြောင့်လည်း နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။

နားပိုးဝင်ခြင်းဖြစ်နိုင်ခြေနည်းအောင် ကာကွယ်တဲ့နည်းလမ်းတွေအနေနဲ့ကတော့ ကလေးကိုယ်ခံအားကောင်းအောင်၊ဖျားတာနာတာတွေမဖြစ်အောင်ဂရုစိုက်ပါ။ထိုးရမည့်ကာကွယ်ဆေးတွေကို အချိန်မှန်မှန် ပြည့်အောင်ထိုးပါ။မွေးစကနေခြောက်လထိမိခင်နို့တမျိုးပဲတိုက်ပါ။

ကလေးကိုနို့မှုန့်ဖျော်ပြီးနို့ဘူးနဲ့တိုက်ပါက လဲလျက်အနေထားနဲ့မတိုက်ပါနဲ့။

ကလေးကိုအငွေ့အမှုန်တွေနဲ့မထိတွေ့ပါစေနဲ့။ကလေးအနားမှာဆေးလိပ်သောက်တာ၊ခြင်ဆေးထွန်းတာ၊မီးခိုးမှိုင်းတိုက်တာတွေကိုရှောင်ပါ။ကလေးငယ်လေးတွေကို လူတအားများပြီး တအားစည်တဲ့နေရာတွေကိုမခေါ်သွားပါနဲ့။

ကလေးငယ်ကို ချောင်းဆိုး၊နှာစေးဖြစ်နေတဲ့သူတွေနဲ့အတူမထားပါနဲ့။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကလေးနားပိုးဝင်ပြီး နားပြည်ယိုတာဖြစ်ရင် ဆေးမြီးတိုတွေမသုံးဘဲ ဆေးခန်းမှာဆရာဝန်နဲ့ပြသပါ။အညော်ရှောင်ပါ။ကလေးအိပ်တဲ့အခါ ခေါင်းပိုင်း(ခေါင်းအုံး)ကို နည်းနည်းမြှင့်ထားပါ။ရေနည်းနည်းနဲ့မကြာခဏတိုက်ပေးပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ