ကလေးများတွင်ဖြစ်သော ပါးချိတ်ရောင်ခြင်း

ကလေးများတွင်ဖြစ်သော ပါးချိတ်ရောင်ခြင်း

ပါးချိတ်ရောင်ခြင်းဆိုသည်မှာ နား၏ အရှေ့နှင့် အောက်ဘက် (ပါးချိတ်) တွင်ရှိသော တံတွေးဂလင်းများတွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့် ရောင်ရမ်း လာခြင်းမျိုးဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည့်အတွက် ကိုယ်ခံအားကောင်းသည့် ကလေးများတွင် ရောဂါလက္ခဏာ ခံစားရခြင်း မရှိနိုင် သော်လည်း  ကိုယ်ခံအားနည်းသော ကလေးများနှင့် အဟာရ ချို့တဲ့သော ကလေးများတွင် ရောဂါပိုး အလွယ်တကူ ကူးစက်နိုင်ရုံသာမက ရောဂါလက္ခဏာ များကိုလည်း ပိုမိုပြင်းထန်စွာ ခံစားရစေနိုင်သည်။

ပါးချိတ်ရောင်ခြင်းသည် အများအားဖြင့် တဖက်တည်းသာ ခံစားရပြီး တခါတရံ နှစ်ဖက်စလုံး ရောင်ရမ်းခြင်း မျိုးလည်းဖြစ်ပွားနိုင်ကာ ပူအိုက်စိုစွတ်သော ရာသီဥတုဖြစ်သည့် မိုးဦးကျကာလ များတွင် ပိုမိုဖြစ်ပွားလွယ်သည်။

ရောဂါကူးစက်ပြန့်နှံ့ပုံ

Mumps ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်သည်။ ရောဂါကူးစက်ခြင်းခံရသူ၏ တံတွေးနှင့် ချောင်းဆိုး၊ နှာချေရာမှထွက်သော အစက်အမှုံများမှတဆင့် အခြားတဦးသို့ ကူးစက်ခံရနိုင်သည်။ ရောဂါခံစားနေရသူ အသုံးပြုသော သောက်ရေခွက်၊ မျက်နှာသုတ် ပဝါ စသည်တို့မှတည်း ကူးစက်ခံရနိုင်သည်။

ရောဂါလက္ခဏာများ

ရောဂါပိုး ကူးစက်ခံရသူတိုင်း ရောဂါလက္ခဏာ ခံစားရခြင်းမရှိနိုင်။ ရောဂါ လက္ခဏာများမှာ ပါးချိတ်နေရာ ရောင်နေခြင်းနှင့် နာကျင်ခြင်း၊  အစာစားခြင်းနှင့်  ရေသောက်ခြင်းကဲ့သို့သော ပါးစပ်လှုပ်ရှားမှုပြုရာတွင် နာကျင်ခြင်း စသည်တို့ကို ခံစားရသည်။ ရောဂါပိုးဝင်ရောက်ပြီး ၁ပတ်မှ ၂ပတ်အတွင်း ရောဂါလက္ခဏာများ စတင် ခံစားရစေနိုင်ကာ ၁၀ရက်ခန့်တွင် သက်သာ ပျောက်ကင်းသွားနိုင်သည်။ တုတ်ကွေးရောဂါ လက္ခဏာများဖြစ်သည့်

– ကိုယ်ပူ၍ဖျားခြင်း

– မအီမသာဖြစ်ခြင်း

– ခေါင်းကိုက်ခြင်းနှင့် နားကိုက်ခြင်း

– ကြွက်သားများ နာကျင်ခြင်းနှင့် အဆစ်အမြစ်များကိုက်ခဲခြင်း

– အန်ခြင်း

– ပါးစပ်အတွင်း ချဉ်သည့်အရသာများ ခံစားရခြင်း

– မောပန်းလွယ်ခြင်း

– အစားစားချင်စိတ်မရှိခြင်း စသည်တို့ကိုလည်း တွဲ၍ ခံစားရနိုင်သည်။

ထို့အပြင် ရောဂါ၏  ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းခြင်း၊ ဦးနှောက်နှင့် အာရုံကြော အမြှေးပါးများ ရောင်ရမ်းခြင်းမှ အကြားအာရုံပျက်စီးခြင်းအထိ ခံစားရနိုင်သည်။ ထို့အပြင် ယောကျာ်းလေးများတွင်  ဝှေးစေ့ ရောင်ရမ်းခြင်းနှင့် မိန်းကလေးများတွင် မျိုးဥအိမ် ရောင်ရမ်းခြင်းများကိုလည်း ခံစားရနိုင်ကာ အချိန်မီ ကုသနိုင်ခြင်းမရှိလျှင် ရောဂါ၏ နောက်ဆက်တွဲအနေနှင့် သားသမီးမရနိုင်ခြင်းမျိုး အထိဖြစ်ပွားစေတတ်သည်။

ပါးချိတ်ရောင်ရောဂါကူးစက်ခံရလျှင်

(၁) မလိုအပ်လျှင် အိမ်ပြင်ထွက်ခြင်းကို ရှောင်ကျဉ်ပါ။

(၂) အိပ်ယာထဲတွင်ပင် အဖျားသက်သာသည်အထိ နေပါ။

(၃) အခြားကလေးများနှင့် အတူဆော့ကစားခြင်း ရှောင်ကျဉ်ပါ။

(၄) ရေများများသောက်ပါ။

(၅) ပါးချိတ်နေရာအား ရေခဲဝတ်/ရေနွေးအိတ်  ကပ်ပေးပါ။

(၆) ဝါးစားရန်လိုသည့် အစားအစာများ ရှောင်၍စားပါ။

(၇) ချဉ်သော အစားအစာများ ရှောင်ကျဉ်ပါ။

(၈) တကိုယ်ရည်သုံးပစ္စည်းများနှင့် အိပ်ယာ၊ ခေါင်းအုံးစသည်တို့ိကို သီးသန့်အသုံးပြုပါ။

(၉) ကိုယ်ပူလျှင် ရေပတ်တိုက်ပေးနိုင်သည်။ Air con ခန်းစသည့် အေးသော  နေရာတွင် နေထိုင်နိုင်သည်။

(၁၀) အဖျားကျစေရန်နှင့် နာကျင်ခြင်း သက်သာစေရန်အတွက် ကလေး၏အသက် အရွယ်အရ သင့်တော်သော အဖျားကျဆေး (ပါရာစီတမော အရည်/အခဲ) တိုက်ကျွေးနိုင်သည်။

(၁၁) အဖျားကြီးလျှင်(သို့) မခံရပ်နိုင်အောင် နာကျင်ခြင်းရှိလျှင် နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ပြသ ကုသမှုခံယူပါ။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားရသော ရောဂါဖြစ်သည့်အတွက် ပဋိဇီဝပိုးသတ်ဆေးများ  သောက်သုံးခြင်းသည် ရောဂါသက်သာစေခြင်း မရှိနိုင်သည့်အပြင် ဆေးယဉ်ပါးခြင်းနှင့် ဆေး၏ နောက်ဆက်တွဲများကို ခံစားရစေနိုင်သဖြင့် ဆရာဝန်မညွှန်ကြားပဲ ဆေးများ  သောက်သုံးခြင်းကို အထူးရှောင်ကျဉ်ပါ။

ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက်

(၁) ကိုယ်ခံအားကောင်းစေရန်နှင့် အဟာရပြည့်ဝစေရန်အတွက် အစာအုပ်စု(၃)စုလုံး ပြည့်စုံအောင် ကျွေးပါ။

(၂) ပါးချိတ်ရောင်ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဌာနများတွင်ထိုးနှံပေးနေသဖြင့် အသက်အရွယ်အလိုက် ကာကွယ်ဆေးများတိုက်ကျွေး/ထိုးနှံပါ။

(၃) မိမိကလေးအား အစားမစားမီနှင့် ပြင်ပမှပြန်လာချိန်များတွင် လက်ဆေးတတ်သော အလေ့အကျင့် မွေးမြူပေးပါ။

(၄) ရောဂါကူးစက် ခံရသူများအနေနှင့်လည်း မိမိထံမှ အခြားသူများသို့ ကူးစက်ခြင်း မရှိစေရေးအတွက် ချောင်းဆိုး/နှာချေရာတွင်လည်း လက်ကိုင်ပဝါ အသုံးပြုပါ။

(၅) ရောဂါခံစားရသူ အသုံးပြုပြီးသော တကိုယ်ရည်သုံး ပစ္စည်းများကို စနစ်တကျ ဆေးကြော၊ ပိုးသန့်စင် ပေးပါ။

Dr. Tint Tal

ဆက်စပ် ဆောင်းပါးများ