ကလေးငယ်များ သန်စွမ်းထက်မြက် ဉာဏ်ရည်တက်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်

ကလေးငယ်များ သန်စွမ်းထက်မြက် ဉာဏ်ရည်တက်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်

ဒယိုင်းဒယိုင်နဲ့ လမ်းလျှောက်တတ်ခါစ တနှစ်ကနေ တောက်တောက် တောက်တောက်နဲ့လျှောက်သွားတတ်တဲ့ နှစ်နှစ်၊ သုံးနှစ်အရွယ်ကို ဆေးပညာအရ Toddler age (တော်ဒလာအရွယ်) လို့ခေါ်ပါတယ်။

ဒီတော်ဒလာ (toddler age) အရွယ်ကာလဟာ ကလေးတစ်ယောက်၏ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ ကာလတစ်ခုပါ။

ဒီကာလမှာ ကလေးရဲ့အရပ်ဟာ မွေးခါစထက် နှစ်ဆရှည်လာပြီး ကိုယ်အလေးချိန်ဟာလည်း
မွေးတုန်းကအလေးချိန်ရဲ့ ငါးဆခန့်အထိ ကြီးထွားဖွံ့ဖြိုးပါတယ်။

ဒါ့အပြင် အဲ့ကာလအတွင်းမှာ ကိုယ်ခံအားစနစ်ကတည်ဆောက်နေဆဲ အချိန်ဖြစ်သောကြောင့် မျှတဲ့အာဟာရရှိဖို့ အထူးလိုအပ်ပါတယ်။

ကလေးကြီးထွားဖွံ့ဖြိုးမှုမှာ အရေးကြီးသော အစိတ်အပိုင်း (၅) ခုရှိပါတယ်။ အဲ့ဒါတွေကတော့ Bone (အရိုး), Brain (ဦးနှောက်ဉာဏ်), Vitality (ကြံခိုင်မှု), Digestion (အစာချေခြင်း)နဲ့ Immunity (ကိုယ်ခံစွမ်းအား) ဆိုတာတွေပါ။

Bone (အရိုး) တွေဖွံဖြိုးကြီးထွားမှ ကလေးက အရပ်ရှည်လာမှာပါ။ အရိုးတွေ ဖွံဖြိုးကြီးထွားဖို့အတွက် ကယ်လ်ဆီယံဓါတ်နဲ့ ဗီတာမင်ဒီ ရဖို့လိုပါတယ်။ ကယ်လ်ဆီယံဓါတ်နဲ့ ဗီတာမင်ဒီက နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အများဆုံးပါပါတယ်။

Brain (ဦးနှောက်ဉာဏ်) ဖွံဖြိုးမှ စဉ်းစားတွေးခေါ်မှုတွေ၊ စာတွေ ကျက်မှတ်တာတွေ၊ သင်ယူတာတွေ လုပ်နိုင်မှာပါ။ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် Docosahexaenoic acid (DHA) လို့ခေါ်တဲ့
အိုမီဂါသရီးဖက်တီ အက်စစ်ဓါတ် (Omega 3 Fatty Acid) က မရှိမဖြစ်လိုအပ်ပါတယ်။ ဒီအိတ်အေလို့ခေါ်တဲ့ အိုမီဂါသရီးဖက်တီးအက်စစ်ဓါတ်က ငါးမှာ ကြွယ်ဝစွာပါဝင်ပါတယ်။

Vitality (ကြံခိုင်သန်စွမ်းဖို့) အတွက်ကတော့ ပရိုတင်းဓါတ်နဲ့ ကာဘိုဟိုက်ဒရိတ်ဓါတ်က အရေးကြီးပါတယ်။ ပရိုတင်းဓါတ်က အသားအမျိူးမျိူး၊ ပဲအမျိူးမျိူးမှာ အများဆုံးပါပါတယ်။ ကာဘိုဟိုက်ဒရိတ်ဓါတ်ကတော့ ထမင်း၊ ဂျုံ၊ ပြောင်း စတာတွေမှာပါပါတယ်။

LcFOS (Long Chain Fructo Oligosaccharides) က ကျန်းမာသော အစာချေစနစ် ဖြစ်စေရန် ကူညီထိန်းသိမ်းပေးသည့် အမျှင်ဓာတ်တစ်မျိုး ဖြစ်တဲ့အတွက် အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းမွန်ပြီး ရောဂါပိုးများ မဝင်ရောက်နိုင်အောင်လည်း အပြည့်အဝ ကာကွယ်မှုပေးနိုင်ပါတယ်။ LcFOS ကကြွယ်ဝတဲ့ အစာတွေကတော့ အာလူး၊ ကြက်သွန်၊ ဂျုံစတာတွေနဲ့ ဟင်းသီးဟင်းရွက်တွေပါ။

Immunity (ကိုယ်ခံစွမ်းအား) ကောင်းမှ ပြင်ပကနေ ရောဂါပိုးတွေ အလွယ်တကူမဝင်ရောက်နိုင်မှာပါ။ ကလေးငယ်တွေဟာ ငယ်ရွယ်နုနယ်သေးတာကြောင့် လူကြီးတွေထက်စာရင် ရောဂါပိုးတွေဟာ ပိုပြီးလွယ်ကူစွာ ဝင်ရောက်နိုင်ပါတယ်။

အထူးသဖြင့် ဒီတော်ဒလာအရွယ် (Toddler age) နောက်ပိုင်း မူကြိုစထားတဲ့ အရွယ်မှာဆိုရင် မိမိအိမ်နဲ့မိခင်ရဲ့ ရင်အုပ်မကွာစောင့်ရှောက်မှုကနေ ပြင်ပပတ်ဝန်းကျင်နဲ့ ထိတွေ့ရတဲ့အခါမှာ ရောဂါပိုးတွေ ကူးစက်ခံရဖို့ အခွင့်အလမ်းပိုများပါတယ်။ အများအားဖြင့် လေထဲကနေတဆင့် ကူးစက်ခံရတာ များပါတယ်။

ဒါကြောင့် ရောဂါပိုးကူးစက်ခံရဖို့ အခွင့်အလမ်းနည်းအောင် အစာအာဟာရပြည့်ဝစွာ ကျွေးတာအပြင် လက်ခဏခဏဆေးတာ၊ အိမ်သာတက်ပြီးတိုင်းနဲ့ ထမင်းမစားခင်တိုင်းမှာ လက်ကို စင်ကြယ်အောင် ဆေးဖို့လိုတာ၊ လူထူဖုန်ထူတဲ့ နေရာသွားရင် နှာခေါင်းစည်းတပ်ဖို့လိုတာတွေကို ကလေးတွေ နားဝင်အောင် ချော့ပြောပြဖို့လည်း လိုပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ (၄) နှစ်ကျော် အရွယ်ကနေ ၁၀ နှစ်ထိဟာ ပတ်ဝန်းကျင်ကို သင်ယူလေ့လာဖို့အတွက် ပြင်ဆင်ပေးရမယ့် အရွယ်ပါ။ ဒါ့အပြင် အတွေ့အကြုံသစ်များစွာကိုလည်း ကိုယ်တိုင် စဉ်းစားတွေးခေါ်သုံးသပ်ဖို့ လိုအပ်လာပြီ ဖြစ်သလို လျှင်လျှင်မြန်မြန် ကြီးထွားဖွံ့ဖြိုးဖို့လည်း လိုအပ်လာပါပြီ။

ဒါကြောင့် မိဘများအနေနဲ့ မိမိရင်သွေးငယ်များကို သူများကလေးတွေထက်စာရင် နောက်ကောက်ကျမနေစေရန် အသား ငါး ဟင်းသီးဟင်းရွက် သစ်သီးဝလံ နို့ စတာတွေကို မျှတအောင်ကျွေးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Dr. 528

ဆက်စပ် ဆောင်းပါးများ