သားအိမ်ခေါင်းကင်ဆာ ကာကွယ်ပါ

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ပါ

ကျန်းမာရေး အကြံပြုချက်များကို နားလည်သိရှိလိုက်နာမှု အားနည်းခြင်း၊ အစား အသောက် အနေအထိုင်များ မဆင်ခြင်ကြခြင်းနှင့် နာမကျန်းမှုများ ဖြစ်ပွားလာခဲ့လျှင် စနစ်တကျ စမ်းသပ်စစ်ဆေးကာ ဆေးဝါးကုသမှု ခံယူကြခြင်းမျိုးထက် ဆေးမြီးတိုများ ဖြင့်သာ လက်တည့်စမ်းကုသပြီး မသက်သာမှ ဆေးရုံ/ ဆေးခန်းများကို ရောက်ရှိလာ တတ်ကြခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာရောဂါကြောင့် အသက်သေဆုံးရမှု များမှာ တနေ့ထက်တနေ့ များလာလျက်ရှိသည်။

အဆိုပါအဖြစ်များလာသော ကင်ဆာ ရောဂါများအနက် အမျိုးသမီးများတွင်သာ ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါတမျိုးမှာ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်သည်။

ကင်ဆာရောဂါဟု ဆိုလိုက်သည်နှင့် ကုရာနတ္တိ ဆေးမရှိသော ရောဂါတမျိုးဟု သိထားကြသည့်အလျောက် ဖြစ်ပွားခံစား ရမည်ကိုလည်း မည်သူမဆို စိုးရိမ်တတ် ကြသည်။ ဆေးဘက်ဆိုင်ရာ အသိပညာများ တိုးတက်လာခြင်းနှင့် ဆေးဝါးများ ပေါများ လာခြင်းတို့ကြောင့် သားအိမ်ခေါင်းကင်ဆာကဲ့သို့ အချို့သောကင်ဆာရောဂါများကို အမြစ်ပြတ်ကုသလာနိုင်ပြီ ဖြစ်သလို ရောဂါမဖြစ်ပွားမီကပင် ကာကွယ်ဆေးများ ထိုးနှံ လာနိုင်ပြီဖြစ်သည်။

သို့ဖြစ်၍ အမျိုးသမီးတိုင်း ဖြစ်ပွားနိုင်ချေရှိသည့် သားအိမ်ခေါင်း ကင်ဆာနှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အခြားသော သိထား သင့်သည်များကို ဖော်ပြပေးလိုက်သည်။

သားအိမ်ခေါင်းကင်ဆာ

မိန်းမကိုယ်အတွင်းပိုင်းတွင်ရှိသော သားအိမ်ခေါင်းတွင်ရှိသည့် အသားမျှင်များ ပုံစံပြောင်းလာခြင်းနှင့် အကျိတ်အခဲများဖြစ်လာခြင်းကို သားအိမ်ခေါင်းကင်ဆာဟု ခေါ်ဆိုသည်။ အသားမျှင်များပုံစံပြောင်းသောအဆင့်မှ အကျိတ်အခဲများဖြစ်လာသော အဆင့်သို့ ရောက်ရှိရန်အတွက် နှစ်အနည်းငယ်အထိ ကြာမြင့်နိုင်ပြီး အဆိုပါအဆင့်တွင် စမ်းသပ်တွေ့ရှိလျှင် ရောဂါပျောက်ကင်းသည်အထိ ကုသနိုင်မည်ဖြစ်သော်လည်း အကျိတ်အခဲများဖြစ်သော အဆင့်ရောက်လျှင် သားအိမ်ခေါင်းနှင့် ကပ်လျက်ရှိသော ကိုယ်တွင်းအင်္ဂါများကို ကင်ဆာဆဲလ်များ ပျံ့နှံ့နေနိုင်ပြီဖြစ်၍ ကုသပျောက်ကင်းရန် အလွန်ခက်ခဲသည်။

ဖြစ်ပွားစေသည့်အကြောင်းအရင်းများ

သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်း တိတိကျကျ မရှိသော်လည်း အများစုသော သားအိမ်ခေါင်းကင်ဆာများသည် Human Papilloma Virus (HPV) ဟုခေါ်သော ဗိုင်းရပ်စ်ပိုးတမျိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ HPV ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါင်း များစွာရှိပြီး ပိုးအမျိုးအစားကို လိုက်၍ အချို့အမျိုးအစားများသာ သားအိမ်ခေါင်းကင်ဆာကိုဖြစ်ပွားစေနိုင်သည်။

ဖြစ်ပွားရန်အခွင့်အလမ်းများသူများ

HPVဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပွားရသည့်အားလျော်စွာ ရောဂါပိုး ကူးစက်နိုင်ချေ မြင့်မားသူများအနေနှင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရန် အခွင့်အလမ်း များသည်။ အထူးသဖြင့်

– လိင်ဆက်ဆံဖော်များခြင်း
– မိမိအိမ်ထောင်ဖက် အပျော်အပါးလိုက်စားခြင်း
– အသက်ငယ်ငယ်နှင့် လိင်ဆက်ဆံဖူးခြင်း စသည့်အခြေအနေများတွင် ရောဂါပိုး ကူးစက်ရန်အခွင့်အလမ်း အလွန်များသည်။

ထို့အပြင် အခြားသောအကြောင်းအရာများဖြစ်သည့်

– သားအိမ်ခေါင်းနှင့်မိန်းမကိုယ် ရောင်ရမ်းခြင်းဖြစ်ဖူးသူများ
– မိသားစုအတွင်းသားအိမ်ခေါင်းကင်ဆာဖြစ်ပွားဖူးသူများ
– ဆေးလိပ်သောက်သုံးသူများ
– ကာလသားရောဂါများဖြစ်ပွားခံစားဖူးသူများ
– ခုခံအားကျဆင်းမှုရောဂါခံစားနေရသူများနှင့် အခြားသော ကိုယ်ခံအားစနစ်နှင့် ဆိုင်သည့် ရောဂါများ ခံစားနေရသူများတွင်လည်း သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရန် အခွင့်အလမ်းများသည်။

Dr. Tint Tal

ဆက်စပ် ဆောင်းပါးများ