ကင်ဆာရောဂါသည်များအတွက် သင့်တော်သော အစားအသောက်များ

ကင်ဆာရောဂါသည်များအတွက် သင့်တော်သော အစားအသောက်များ

ဆေးလိပ်သောက်ခြင်း၊ ဆေးငုံခြင်း၊ ကွမ်းစားခြင်း၊ အရက်သောက်ခြင်း၊ စိုက်ပျိုး ရာတွင် ဓာတုဗေဒဆေးဝါးများ လွန်ကဲစွာအသုံးပြုထားသော သီးနှံများ စားသုံးခြင်း၊ တားမြစ်ထားသော အရောင်စုံဆိုးဆေးများ ထည့်သွင်းပြုလုပ်ထားသည့် အစားအစာ များကို ကာလကြာရှည်စွာစားသုံးခြင်းနှင့် ကြာရှည်ခံအောင်ပြုလုပ်ထားသည့်အသင့်စား အစားအစာများ လွန်ကဲစွာစားသုံးခြင်းတို့အပြင် မသန့်ရှင်းသော ပတ်ဝန်းကျင်တွင် နေထိုင်နေကြခြင်းများကြောင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းမှာ တနေ့ ထက်တနေ့ ပိုပို၍ များလာကြသည်။

မည်သို့သော ကင်ဆာအမျိုးအစားပင်ဖြစ်စေ တတ်နိုင်သရွေ့ သက်တမ်းစေ့ နေနိုင်ရန်အတွက် လိုအပ်သော ဆေးဝါးများဖြင့် ကုသမှုခံယူရန် အလွန်အရေးကြီး သကဲ့သို့ အဟာရပြည့်ဝနေရန်လည်း အလွန်ပင် အရေးကြီးလှသည်။

ကင်ဆာရောဂါ ဖြစ်ကြောင်း ယခုမှ စတင်သိရှိသူများသာမက ဆေးရုံများတွင် လတ်တလောဆေးဝါး ကုသမှုခံယူနေသည့် ကင်ဆာဝေဒနာရှင်များအနေနှင့်လည်း ရောဂါကြောင့် ခံစား ရသည့် ဝေဒနာများကိုခံနိုင်ရည်ရှိစေရန်၊ ဆေးသွင်းကုသမှုနှင့် ဓာတ်ရောင်ခြည် ကုသမှု များကို ခံနိုင်ရည်ရှိစေရန်နှင့် ဆေးဝါးများကြောင့်ဖြစ်ရသည့်ခန္ဓာကိုယ်နုံးချိခြင်းများကဲ့သို့ နောက်ဆက်တွဲ ခံစားရမှုများကို အမြန်ဆုံး သက်သာနိုင်စေရန်အတွက် အဟာရဓာတ် ပြည့်ဝနေရန် အလွန်ပင် အရေးကြီးလှသည်။

သို့ရာတွင်လည်း ကင်ဆာရောဂါဝေဒနာရှင် အများစုမှာ ရောဂါ၏ နောက်ဆက်တွဲ ဖြစ်သော အစားစားချင်စိတ် လျော့နည်းခြင်းနှင့် ဆေးဝါးများကြောင့် ဖြစ်တတ်သော ပျို့ခြင်း၊ အန်ခြင်းများကြောင့်လည်း အစားစားချင်စိတ်လျော့နည်းနေတတ်ပြီး လိုအပ်သော အဟာရဓာတ်ကို ပြည့်မီအောင် စားသုံးရန် အလွန်အခက်အခဲ ရှိတတ်ကြသည်။

ကင်ဆာရောဂါဝေဒနာရှင်များအနေနှင့် အစားအစာများကို ဆာမှစားခြင်း မျိုးထက် မဆာသေးသော်လည်း ပုံမှန်စားသုံးသင့်သည့်ပမာဏအတိုင်း တတ်နိုင်သမျှ စားပေး ခြင်းနှင့် အစာနည်းနည်းနှင့် မကြာခဏစားပေးခြင်းမျိုး ပြုလုပ်ရန်လိုပြီး ဝေဒနာရှင်၏ မိသားစုဝင်များအနေနှင့် အဟာရပြည့်ဝသည့် အစားအစာများ ပြုလုပ်ပေးရန်လည်း လိုသည်။

သို့ဖြစ်၍ ကင်ဆာရောဂါ ဝေဒနာရှင်များနှင့် မိသားစုဝင်များအနေနှင့် ရောဂါဖိစီးမှုနှင့် ဆေးဝါးကုသမှုဒဏ်ကို ခံနိုင်ရည်ရှိရန် အဟာရဓာတ်များပြည်ဝနေစေရေးအတွက် သင့်တော်သောစားသုံးမှုပုံစံ၊ စားသုံးပေးသင့်သည့် အစားအသောက်များနှင့် ရှောင်ကျဉ် သင့်သည့် အစား အသောက်များကို သိရှိထားကြရန်လိုသည်။

ကင်ဆာရောဂါအတွက် သင့်တော်သော စားသောက်မှုပုံစံ

ကင်ဆာဝေဒနာရှင်များအတွက် သင့်တော်သည့်အစားအသောက်များအနေနှင့်

– ရောဂါပိုးများ ထပ်မံကူးစက်ခံရခြင်းကို ကာကွယ်နိုင်ရန်အတွက် ကိုယ်ခံအား ကောင်းနေစေရန်နှင့် ဆဲအသစ်များပြန်ဖြစ်ပြီး အနာကျက်ခြင်းကို မြန်စေရန်အတွက် အသားဓာတ်များ၊

– ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ရရှိနိုင်ရန်အတွက် ကဆီဓာတ်များ

– ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်ချက်များ ပုံမှန်အတိုင်းရှိနေစေရန်အတွက် သတ္တု ဓာတ်များနှင့်

– သွေးလည်ပတ်မှုကောင်းမွန်စေရန်နှင့် ဆေးဝါးများနှင့် ဓာတ်ရောင်ခြည်ကုသခြင်း များကြောင့်ဖြစ်သောနောက်ဆက်တွဲများ သက်သာစေရန်အတွက် ရေဓာတ်များ များစွာ လိုအပ်လှသည်။

သို့ဖြစ်၍ ကင်ဆာရောဂါဝေဒနာရှင်များအနေနှင့် ရေကို သာမန်လူများထက်ပို၍ သောက်သုံးသင့်ပြီး အစားအုပ်စုသုံးစုစလုံး ပါဝင်အောင်လည်း စားရမည်ဖြစ်သည်။ မိသားစု ဝင်များအနေနှင့် ကင်ဆာဝေဒနာရှင်များအတွက် အစားအသောက်များ စီမံ ပေးရာတွင် အသီးအရွက်များနှင့် အသားငါးများ ပြည့်စုံအောင် ပြုလုပ်ပေးသင့်ပြီး ချိုလွန်း/ငန်လွန်းသော အစားအစာများ မဖြစ်စေရန် ဂရုပြုရမည်ဖြစ်သည်။

ကင်ဆာရောဂါသည်များတွင် အရသာခံနိုင်စွမ်းများ ပြောင်းလဲသွားတတ်သဖြင့် ဟင်းအမည်များကို စီမံရာတွင်လည်း တနေ့တမျိုး အရသာမထပ်ရလေအောင် ပြုလုပ် ပေးသင့်သလို လူနာစားချင်သည့် အရသာမျိုး ဖြစ်အောင်လည်း ပြုလုပ်ပေးသင့်သည်။

သားငါးများ၊ ဟင်းသီးဟင်းရွက်များကို စွပ်ပြုတ်လုပ်ခြင်း၊ ပေါင်းခြင်း၊ ပြုတ်ခြင်းနှင့် ကျက်အောင်ချက်၍စားခြင်းများ ပြုလုပ်ပေးနိုင်သော်လည်း ကြွပ်အောင်ကြော်ထားသော အစားအစာများ၊ မီးသင်းထားသော အစားအစာများ၊ ဖုတ်ထား/ကင်ထားသော အစား အစာများနှင့် မကျက်တကျက် ပြုလုပ်ထားသည့် အစားအစာများကိုမူ ရှောင်ကျဉ်ရမည် ဖြစ်သည်။

ကင်ဆာရောဂါသည်များ စားသုံးသင့်သည့် အစားအစာများ

ဟင်းသီးဟင်းရွက်များ

– လိုအပ်သော ဗီတာမင်ဓာတ်များနှင့် အမျှင်ဓာတ်များအတွက် မုန်လာဥ(အဖြူ/အနီ)၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး
– ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီနှင့် ဘရိုကိုလီ
– ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည့် ကညွတ်၊
– သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်သည့် ကြက်ဟင်းခါးသီးနှင့်
– သံဓာတ်နှင့် သတ္တုဓာတ်များအတွက် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ
အသီးအနှံများ
– ဗီတာမင်နှင့် အမျှင်ဓာတ်များ များစွာပါဝင်သည့် သရက်သီး၊ သစ်တော်သီး၊ ပန်းသီး၊ ငှက်ပျောသီး၊ ကီဝီသီး၊ မက်မွန်သီး၊ စတော်ဘယ်ရီသီး၊
– ဗီတာမင် “C” ကြွယ်ဝစွာပါဝင်သည့် လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်သီး
– စပြစ်သီး၊ ထောပတ်သီး၊ မာလကာသီး၊ ဇီးသီး၊ ဇီးချိုသီး စသည့် အသီးအနှံများနှင့်
– သကြားမပါသည့် လတ်ဆတ်သော အသီးဖျော်ရည်များ

အသားဓာတ်ပါဝင်သည့် အစားအသောက်များ

– ကြက်သား၊ ဝက်သား၊ ဘဲသားကဲ့သို့ အဆီအနည်းငယ်ပါသည့် အသားအမျိုးမျိုး
– ငါးအမျိုးမျိုးနှင့်
– ကြက်ဥ၊ ဘဲဥစသည့် ဥအမျိုးမျိုး

ကဆီဓာတ်ကြွယ်ဝသည့် အစားအသောက်များ

– ဂျုံ၊ ဆန်တို့ဖြင့် ပြုလုပ်ထားသော အစားအစာများ
– ထမင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ပူတီ၊ ချာပါတီစသည့် အစားအစာများ
– မုန့်ကျွပ်၊ ဘီစကစ်၊ ကွေကာအုပ်၊ ပြောင်းဖူးနှင့် ပဲအမျိုးမျိုး
– ပျားရည်
– မြေပဲ၊ ကုလားပဲနှင့် အစေ့အဆန်အမျိုးမျိုး

ရှောင်ကျဉ်သင့်သည့် အစားအသောက်များ

ကင်ဆာရောဂါရှင်များအနေနှင့် မိမိနှစ်သက်သည့် အစားအစာများကို ပမာဏ နည်းနည်းနှင့် မကြာခဏ စားပေးသင့်သော်လည်း ရောဂါအတွက် သင့်တော်ခြင်း မရှိသည့် အောက်ဖော်ပြပါ အစားအစာများကိုမူ အထူးဂရုပြု ရှောင်ကျဉ်ကြရန် လိုသည်။

– ကြွပ်အောင် ကြော်ထားသည့် အစားအစာများ၊ အသင့်စား အစားအစာများ
– အသားကင်၊ ဟမ်ဘာဂါ၊ ကြက်ကြော်၊ ဟော့ဒေါ့နှင့် အသားကြော်များ
– အမဲခြောက်ဖုတ်နှင့် အခြားသော အသားခြောက်ဖုတ်အမျိုးမျိုး
– ဝက်သားချဉ်၊ ငါးချဉ်၊ ဝက်အူချောင်း၊ ကြက်အူချောင်း
– အနီရောင်များသော အသားများ (အမဲသား၊ ဆိတ်သားနှင့် တောကောင်သားများ)
– ကြာရှည်ခံအောင် ပြုလုပ်ထားသည့် အသီးအနှံများနှင့် သွားရည်စာများ
– မုန်ညှင်းချဉ်၊ ချဉ်ဖက်၊ ကင်မ်ချီ စသည့် အချဉ်ဖောက်ထားသော အစားအစာများ
– အသားစည်သွပ်ဘူးများနှင့် ဆေးဘဲဥ၊ ဆေးငုံးဥ
– သစ်သီးယိုဘူးများ
– အချိုရည်အမျိုးမျိုးနှင့်
– ဝိုင်၊ အရက်၊ ဘီယာနှင့် အခြားသော အဖျော်ယမကာ အမျိုးမျိုး စသည်တို့သည် ကင်ဆာဝေဒနာရှင်များတွင် ခံစားနေရသော ရောဂါအခြေအနေများကို ပို၍ဆိုးလာနိုင်ရုံ သာမက ရောဂါများကိုဖြစ်ပွားစေနိုင်သော ဓာတ်ပစ္စည်းများလည်း ပါဝင်သဖြင့် ကင်ဆာ ရောဂါဝေဒနာရှင်များ သာမက သာမန်လူများအနေနှင့်လည်း အထူးဂရုပြု စားသုံးကြရန် လိုသည်။

ထို့ပြင် မလိုအပ်ပဲ ဖြည့်စွက်စာများစားသုံးခြင်းနှင့် အားဆေးများ လွန်ကဲစွာ သောက်သုံးခြင်းများကြာင့် ရောဂါအခြေအနေပို၍ ဆိုးလာတတ်ခြင်းများလည်း ဖြစ်နိုင် သဖြင့် ဂရုပြုဆင်ခြင်ကြရန်လိုပြီး ဆရာဝန်/ပါရဂူမှ ညွှန်ကြားခြင်းမရှိသည့် အားဆေးများ၊ စွဲသောက်နေသည့် ဆေးဝါးများနှင့် ဖြည့်စွက်စာများ သောက်သုံးလိုလျှင် မိမိရောဂါနှင့် သင့်တော်ခြင်း ရှိ/မရှိ ကြိုတင်မေးမြန်းပြီးမှ ညွှန်ကြားချက်အတိုင်း လိုက်နာသုံးစွဲ ကြသင့်သည်။

တိုးတက်လာသော ဆေးဝါးများနှင့် နည်းပညာများအရ ကင်ဆာရောဂါ ခံစား နေရသူများတွင် ကင်ဆာရောဂါအမျိုးအစား၊ အသက်အရွယ်နှင့် ရောဂါ၏ အဆင့်ကို လိုက်၍ အချိန်မီ ခွဲစိတ်ဖယ်ရှားခြင်း၊ ဆေးသွင်းကုသခြင်းနှင့် ဓာတ်ရောင်ခြည်ကုသမှု ခံယူခြင်းများကြောင့် သက်တမ်းစေ့နေလာနိုင်ပြီဖြစ်သလို အချို့သောကင်ဆာရောဂါ များကိုလည်း လုံးဝပျောက်ကင်းအောင် ကုသလာနိုင်ပြီဖြစ်သည်။

သို့ရာတွင် ရောဂါ ဖြစ်ပွားလာလျှင် ရောဂါရှင်နှင့်အတူ မိသားစုဝင်များလည်း အလုပ်အကိုင် ပျက်ရခြင်း၊ စိတ်ပူပန်ရခြင်းနှင့် ကုသမှုစရိတ်အတွက်ငွေကုန်ကြေးကျ ဖြစ်ရခြင်းများ ရှိသဖြင့် မည့်သည့်ရောဂါကိုမဆို ဖြစ်ပွားမှကုသခြင်းထက် မဖြစ်အောင်ကြိုတင်၍ ကာကွယ်ခြင်း ကသာ အကောင်းဆုံးဖြစ်ကြောင်း သိရှိထားကြရန်လိုပြီး ကာကွယ်ရေး နည်းလမ်းများ အတိုင်း ဂရုပြုနေထိုင်သွားကြရန်လည်း လိုအပ်လှပေသည်။

ကင်ဆာရောဂါဝေဒနာရှင်များ အဟာရပြည့်ဝစွာဖြင့် ရောဂါပျောက်ကင်းသည်အထိ ကုသမှု ခံယူနိုင်ကြပါစေ။

Dr. Tint Tal

ဆက်စပ် ဆောင်းပါးများ