သွေးကင်ဆာအကြောင်း

သွေးကင်ဆာအကြောင်း

ခုခေတ်ကလေးတွေတော့ မသိဘူး။ ကျွန်တော်တို့ 90 born တွေအများစုကတော့ ငယ်ငယ်က နှာခေါင်းသွေးခဏခဏလျှံပြီဆိုရင် ငါကင်ဆာများဖြစ်နေပြီလား သေရတော့မှာလားဆိုပြီး ကြောက်ရွံ့ထိတ်လန့်ခဲ့ရကာ စားမဝင်အိပ်မပျော်တဲ့အထိ ဖြစ်ခဲ့ဖူးကြပါတယ်။

ဒီလိုဖြစ်ရတာဟာ ကျွန်တော်တို့ ငယ်ငယ်က တီဗီကလွှင့်ပြီး အရမ်းခေတ်စားခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတခုဖြစ်တဲ့ အွန်စော၊ ဂျွန်စော ဇာတ်ကားရဲ့စနက်တွေ အများကြီးပါပါတယ်။ အဲ့ဇာတ်ကားဟာ လွမ်းစရာဇာတ်ကားတခုဖြစ်ပြီး မင်းသမီးဖြစ်တဲ့ အွန်စောဟာ အစပိုင်းမှာ နှာခေါင်းသွေးခဏခဏလျှံပါတယ်။

အစကတော့ ရိုးရိုးတန်းတန်းထင်ပြီး ဒီအတိုင်းနေရင်း နောက်ပိုင်းမသင်္ကကာလို့ စမ်းသပ်စစ်ဆေးမှုတွေလုပ်ကြည့်တဲ့အခါမှာမှ သွေးကင်ဆာဖြစ်ကြောင်းသိရပြီး သိရတဲ့အချိန်မှာ ရောဂါကျွမ်းနေပြီဖြစ်တဲ့အတွက် ကုမရဘဲ ဇာတ်ကားအဆုံးမှာ မင်းသမီးသေသွားကာ မင်းသားနဲ့ မင်းသမီးမပေါင်းလိုက်ရပါဘူး။

ဒီဇာတ်ကားပြပြီးတဲ့ အချိန်နောက်ပိုင်းကစပြီး အဲ့ဇာတ်ကားကြည့်ဖူးတဲ့ လူကြီးလူငယ်အတော်များများ နှာခေါင်းသွေးလျှံတာ ခဏခဏဖြစ်ပြီဆိုရင် သွေးကင်ဆာဖြစ်နေပြီလားဆိုတဲ့ စိုးရိမ်စိတ်က အနည်းနဲ့ အများဝင်လာတတ်ကြပါတယ်။

တကယ်တော့ နှာခေါင်းသွေးလျှံတိုင်း သွေးကင်ဆာလို့ ပြောမရသလို သွေးကင်ဆာဖြစ်တိုင်းလည်း နှာခေါင်းသွေးမလျှံတတ်ပါ။ သွေးကင်ဆာဆိုတာဟာ ကျွန်တော်တို့အသက်ရှင်ဖို့လိုအပ်သော သွေးဆဲလ်တွေထုတ်ပေးတဲ့ ရိုးတွင်းချဉ်ဆီမှာဖြစ်တဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။

ဆေးပညာအရတော့ Leukaemia လို့ခေါ်ပါတယ်။ ရိုးတွင်းချဉ်ဆီကနေ သွေးနီဥ (Red Blood Cells)၊ သွေးဖြူဥ (White Blood Cells)၊ သွေးမွှားဥ (platelets) ဆိုတဲ့ သွေးဆဲလ်သုံးမျိုးကို ထုတ်ပေးပါတယ်။

သွေးနီဥက အောက်စီဂျင်ကို သယ်ဆောင်ပေးပြီး ခန္ဓာကိုယ်ရှိလိုအပ်တဲ့ နေရာတွေကိုထောက်ပံ့ပေးပါတယ်။ သွေးအားကောင်းဖို့အတွက် သွေးနီဥတွေကောင်းဖို့လိုပါတယ်။

သွေးဖြူဥက ကိုယ်ခံအားစနစ်မှာပါဝင်ပြီး ပြင်ပကနေ ဝင်ရောက်လာတဲ့ ပိုးမွှားတွေကို တိုက်ခိုက်ပါတယ်။ သွေးဖြူဥမှာ neutrophil, lymphocyte, eosinophil, basophil နှင့် monocyte ဆိုပြီး အမျိုးအစားကွဲ ငါးမျိုးထပ်ရှိပါတယ်။

သွေးမွှားဥကတော့ သွေးခဲတဲ့ဖြစ်စဉ်မှာပါပြီး ခန္ဓာကိုယ်မှာ သာမန်ထိခိုက်အနာတရဖြစ်ပြီးသွေးထွက်တဲ့အခါ သွေးခဲအောင်လုပ်ပေးခြင်းဖြင့် သွေးအလွန်အကျွံထွက်ပြီး အသက်အန္တရာယ်ဖြစ်ရတာမျိုး မရှိအောင်ဆောင်ရွက်ပေးပါတယ်။

အကြောင်းကြောင်းကြောင့် ရိုးတွင်းချဉ်ဆီကနေ ပုံမှန်သွေးဆဲလ်တွေထုတ်ရမယ့်အစား ပုံမှန်မဟုတ်တဲ့ သွေးဆဲလ်တွေထုတ်တဲ့အခါမှာ သွေးကင်ဆာရောဂါဖြစ်လာပါတယ်။ ဒီလိုထုတ်ရာမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥ သွေးဆဲလ်သုံးမျိုးရှိတဲ့အနက် ဘယ်သွေးဆဲလ်အမျိုးစားရဲ့ ပုံမှန်မဟုတ်တာကို ထုတ်လည်းပေါ်မူတည်ပြီး သွေးကင်ဆာကို Lymphoid leukaemia နှင့် Myeloid leukaemia ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။

Lymphoid leukaemia ဆိုတာကတော့ ပုံမှန်မဟုတ်တဲ့ Lymphocyte သွေးဖြူဥအမျိုးအစားတွေကို အများကြီးထုတ်တဲ့ သွေးကင်ဆာအမျိုးအစားဖြစ်ပါတယ်။

Myeloid leukaemia ဆိုတာကတော့ ပုံမှန်မဟုတ်တဲ့ သွေးနီဥ၊ သွေးမွှားဥနဲ့ Lymphocyte မပါတဲ့ ကျန်သွေးဖြူဥ ၄ မျိုး ကို အများကြီး ထုတ်တဲ့သွေးကင်ဆာအမျိုးအစားပါ။ ဒီလိုထုတ်ရာမှာ အချိန်တိုအတွင်းမှာ အများကြီးထုတ်ပါက Acute လို့သတ်မှတ်ပြီး ရေရှည်ဖြည်းဖြည်းချင်းထုတ်ပါက Chronic လို့သတ်မှတ်ပါတယ်။

ဒါကြောင့် ပေါင်းပြောမယ်ဆိုရင် သွေးကင်ဆာအမျိုးအစားမှာ Acute myeloid leukaemia, Acute lymphoid leukaemia, Chronic myeloid leukaemia နဲ့ Chronic lymphoid leukaemia ဆိုပြီးလေးမျိုးရှိတယ်လို့ပြောနိုင်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ဘယ်အမျိုးအစားဖြစ်လဲပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။ အများအားဖြင့် ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့

– ခဏခဏဖျားတာ
– အာသီးရောင်၊ ချောင်းဆိုးနှာစေး၊ အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောစတာတွေ မကြာခဏဖြစ်လွယ်တာ

– ညဘက်ချွေးအလွန်အကျွံ့ထွက်တာ

– အနည်းငယ်ခိုက်မိရုံနဲ့ သွေးအလွန်အကျွံ့ထွက်တာ၊

– အညိုအမည်းစွဲလွယ်တာ

– နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို ခဏခဏဖြစ်တတ်တာ

– သွေးအားနည်းတာ၊

– နွမ်းနယ်နုံးချိနေတာ

– အစားသောက်ပျက်တာ၊

– ပိန်လာတာ

– ပြန်ရည်ကြေ ာအလုံးအကျိတ်တွေရောင်လာတာ

– ဘေလုံးကြီးတာခေါင်းကိုက်တာ၊

– အရိုးအဆစ်တွေကိုက်ခဲတာစသဖြင့်ပါ။

သွေးကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုတော့ ခုထိသေချာပြောမရသေးပါ။

သို့သော် သုတေသနတွေအရ

– သွေးကင်ဆာဟာမျိုးရိုးရှိတဲ့သူတွေ

– ဓါတ်ရောင်ခြည်နဲ့မကြာခဏထိတွေ့နေရတဲ့သူတွေ၊

– ဓါတ်ရောင်ခြည်သင့်သူတွေ

– Benzene၊Formaldehyde စတဲ့ ဓါတုပစ္စည်းတွေနဲ့မကြာခဏထိတွေ့နေရတဲ့သူတွေ

– အကြောင်းကြောင်းကြောင့် ဆေးပြင်းတွေကိုရေရှည်စွဲသောက်နေရတဲ့သူတွေ

– Ebstein bar ဗိုင်းရပ်စ်ပိုးကူးစက်ခံရဖူးတဲ့သူတွေ

– ဒေါင်းရောဂါ(Down Syndrome)ခံစားနေရတဲ့သူတွေ

– ဆေးလိပ်သောက်တဲ့သူတွေ မှာဆိုရင် ဖြစ်နိုင်ခြေပိုများကြောင်းသိရှိရပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအမျိုးအစားနဲ့ လူနာအခြေအနေပေါ်မူတည်ပြီး ကင်ဆာဆေးသွင်းကုသတာ၊ ဓါတ်ရောင်ခြည်နဲ့ကုသတာ၊ ရိုးတွင်းချဉ်ဆီအစားထိုးကုသတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။

ဒီလိုကုသမှုတွေအပြင် လတ်တလောခံစားရတဲ့ သွေးအားနည်းတာ မောတာဖျားလွယ်တာ တွေကို သက်သာစေရန် သွေးသွင်းတာတွေလည်း လုပ်ရနိုင်ပါတယ်။ သွေးကင်ဆာဟာကုလို့ ပျောက်မှာလားဆိုတာကတော့ ဖြစ်တဲ့ရောဂါအမျိုးအစား၊ ဘယ်တွေကိုပျံ့နေပြီလဲ၊ ဘယ်အဆင့်ရောက်နေပြီလဲ၊ ဖြစ်တဲ့သူရဲ့အသက်အရွယ် စတဲ့အချက်များစွာပေါ် မူတည်ပြီး ပြောရခက်ပါတယ်။

အကြမ်းဖြင်း ခြုံပြောရမယ်ဆိုရင်တော့ စောစောသိပြီး စောစောကုတယ် ရောဂါအဆင့်ကလည်းနုသေးတယ်ဆိုရင် ရလဒ်ကောင်းနိုင်ခြေ ပိုများပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ