မြန်မာပြည်မှာ အဖြစ်များလာတဲ့ ကျောက်ကပ်ကင်ဆာ

မြန်မာပြည်မှာ အဖြစ်များလာတဲ့ ကျောက်ကပ်ကင်ဆာ

ကျောက်ကပ်နဲ့ပတ်သက်ရင် အရပ်ထဲကလူတွေအနေနဲ့ အများအားဖြင့် ကျောက်ကပ်ရောင်တာ၊ကျောက်တည်တာ၊ကျောက်ကပ်ပျက်တာ တွေကိုပဲ အသိများကြပါတယ်။

ကျောက်ကပ်ကင်ဆာအကြောင်းကိုတော့ အသိနည်းပါတယ်။

ဒါပေမယ့် ကျောက်ကပ်ကင်ဆာရောဂါက အဖြစ်နည်းတဲ့ရောဂါအမျိုးအစားတော့မဟုတ်ပါဘူး။

အမေရိကန်နိုင်ငံက အမျိုးသားကင်ဆာအဖွဲ့ရဲ့ လေ့လာချက်များအရ ၂၀၁၅ခုနှစ်မှာ ကျောက်ကင်ကင်ဆာ အသစ်ဖြစ်ပွားသူပေါင်း ခြောက်သောင်းကျော်ရှိနေကြောင်းသိရပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ကျောက်ကပ်ကင်ဆာဖြစ်ပွားတဲ့နှုန်းဟာ တနှစ်ထက်တနှစ်ပိုပိုများလာတယ်လို့ ကျန်းမာရေးပညာရှင်များက ပြောကြားထားပါတယ်။

အသက်၁၅နှစ်အောက်ကလေးတွေ၊အသက်၆၀ကျော်အရွယ်တွေ နဲ့ အမျိုးသားတွေမှာ ပိုဖြစ်နိုင်ခြေများကြောင်း သိရပါတယ်။

ကျောက်ကပ်ကင်ဆာအမျိုးအစားတွေထဲက Renal Cell Carcinoma အမျိုးအစားက အဖြစ်အများဆုံးအမျိုးအစားဖြစ်ပါတယ်။

Wilms Tumor အမျိုးအစား ကတော့ အဖြစ်နည်းပြီးကလေးတွေမှာပဲ ဖြစ်လေ့ရှိပါတယ်။

ကျောက်ကပ်ကင်ဆာဖြစ်ရတဲ့ တိကျတဲ့အကြောင်းရင်းကတော့ သေချာပြောမရသေးပါ။

သို့သော်

ဆေးလိပ်သောက်တာ

ဆေးရွက်ကြီးနဲ့ဆေးရွက်ကြီးပါတဲ့ပစ္စည်းတွေသုံးတာ

အဝလွန်တာ

သွေးတိုးရှိတာ

မိသားစုထဲကတယောက်ယောက်မှာကျောက်ကပ်ကင်ဆာဖြစ်ဖူးတာ

အကိုက်အခဲပျောက်ဆေးတွေရေရှည်သောက်နေရတာ

ကျောက်ကပ်ပျက်စီးပြီးကျောက်ကပ်ဆေးနေရတာ

အလုပ်အကိုင်အရ ဓါတုပစ္စည်း(Chemicals)တွေနဲ့နေ့စဉ်ထိတွေ့နေရတာ

စတဲ့အကြောင်းရင်းတွေကြောင့် ကျောက်ကပ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပြီး ကျောက်ကပ်ကင်ဆာရောဂါဖြစ်ပွားနိုင်ပါတယ်။

ကျောက်ကပ်ကင်ဆာရောဂါဖြစ်တဲ့အခါမှာ

ဆီးထဲသွေးပါတာ(ရေနွေးကြမ်းအရောင် သို့မဟုတ် ကိုကာကိုလာအရောင် ဆီးတွေသွားတာ)

ခါးနာတာ၊နံရိုးအောက်နားမှာအောင့်တာ

ဗိုက်အောင့်တာ၊ဗိုက်မှာ သို့မဟုတ် နံရိုးအောက်၊ခါးတစောင်းနေရာတွေမှာ အလုံးအကျိတ်ပေါ်လာတာ

အဖျားငွေ့ငွေ့နဲ့မကြာခဏဖျားတာ

သွေးအားနည်းတာ၊နုံးချိတာ

အစားအသောက်ပျက်တာ

ကိုယ်အလေးချိန်သိသိသာသာကျတာ

စသဖြင့် ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

ဒီလိုတွေခံစားရပြီဆိုရင် ကျောက်ကပ်ကင်ဆာရောဂါ ဟုတ်မဟုတ် သေချာအောင်ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေခံယူရပါမယ်။

လုပ်နိုင်တဲ့စစ်ဆေးမှုတွေကတော့ သွေးစစ်ဆီးစစ်တာ၊အာထရာဆောင်းရိုက်တာ၊ကွန်ပျူတာဓါတ်မှန်(CT Scan)ရိုက်တာ၊သံလိုက်ဓါတ်မှန်(MRI)ရိုက်တာ၊ကျောက်ကပ်တစ်သျှူးအသားစကိုနမူနာယူစစ်တာ စသဖြင့်ပါ။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေအဆင့်နဲ့လူနာအခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ကုသတာ၊ကင်ဆာဆေးသွင်းကုသတာ၊ဓါတ်ရောင်ခြည်ကုထုံးနဲ့ကုတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။နှစ်နည်း၊သုံးနည်း ပေါင်းကုတာမျိုးလည်းရှိတတ်ပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ ကျောက်ကပ်ကင်ဆာဖြစ်ပွားသူဦးရေဟာ တဖြည်းဖြည်းနဲ့များလာတဲ့အတွက် ကျောက်ကပ်ကင်ဆာဖြစ်ပွားနိုင်ခြေနည်းအောင် အောက်ပါအချက်များကို လိုက်နာကြပါလို့အကြံပေးချင်ပါတယ်။

၁။ဆေးလိပ်ဖြတ်ပါ။ဆေးရွက်ကြီးနဲ့ဆေးရွက်ကြီးပါတဲ့ပစ္စည်းတွေသုံးတာရပ်ပါ။

၂။အဝမလွန်ပါစေနဲ့။ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ပမာဏာအတွင်းမှာပဲထိန်းထားပါ။

၃။အကိုက်အခဲပျောက်ဆေးတွေကို မိမိသဘောနဲ့မိမိသောက်တာ၊မကြာခဏသောက်တာတွေကိုရှောင်ပါ။

၄။သွေးတိုးရှိပါက ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးတိုးကျဆေးသောက်ခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းပါ။

၅။ မိမိရဲ့ မိဘ ညီအကိုမောင်နှမ စတဲ့မိသားစုထဲကတယောက်ယောက်မှာကျောက်ကပ်ကင်ဆာရောဂါရှိတယ်ဆိုပါကမိမိအနေနဲ့လည်း ရှိနိုင်ခြေများတဲ့အတွက် ပုံမှန်ဆေးစစ်မှုခံယူပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ