ဓာတ်ကင်ခြင်းရဲ့  နောက်ဆက်တွဲဆိုးကျိုးများ

ဓာတ်ကင်ခြင်းရဲ့  နောက်ဆက်တွဲဆိုးကျိုးများ

ဓါတ်ရောင်ခြည်ကုထုံးကို ဆေးပညာအရ Radiation therapy သို့မဟုတ် Radiotherapy လို့ခေါ်ပါတယ်။

အရပ်ထဲမှာတော့ ဓါတ်ကင်တယ် လို့ ခေါ်လေ့ရှိပါတယ်။

ဓါတ်ကင်ပြီးရင်ဆေးမတိုးတော့ဘူး။ဓါတ်ကင်တာနောက်ဆုံးအဆင့်ပဲ။ဓါတ်ကင်တာက မီးကင်တာလိုပဲ ဆိုပြီး စတဲ့ အရပ်ပြောစကားတွေကြောင့်

ဓါတ်ကင်ရမယ်လို့ပြောလိုက်ရင် အများအားဖြင့် ကျန်းမာရေးဗဟုသုတနည်းတဲ့ လူနာအတော်များများဟာ လန့်သွားတတ်ပြီး ဓါတ်မကင်ဘဲ တခြားနည်းကုချင်တယ်လို့ ပြောတတ်ကြပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ဓါတ်ကင်ခြင်းအကြောင်းကို သိသလောက် ရေးသားတင်ပြလိုက်ရပါတယ်။

အမှန်တကယ်တော့ ဓါတ်ကင်တယ် သို့မဟုတ် ဓါတ်ရောင်ခြည်ကုထုံး ခံယူတယ်ဆိုတာဟာ စွမ်းအားမြင့် ဓါတ်ရောင်ခြည်ကို သုံးပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးတဲ့ ကုထုံးပါ။

ဓါတ်ရောင်ခြည်ကုထုံးပေးတဲ့အခါ(ဓါတ်ကင်တဲ့အခါ)မှာ ခန္ဓာကိုယ်အပြင်ဘက်ကနေ ပေးတာ ရှိသလို ခန္ဓာကိုယ်အတွင်းထဲကနေပေးတာလည်းရှိပါတယ်။

အပြင်ဘက်ကနေ ဓါတ်ကင်တာကတော့ရှင်းပါတယ်။ခန္ဓာကိုယ်အပြင်ဘက်နေ ကင်ဆာဖြစ်တဲ့နေရာကို ဓါတ်ရောင်ခြည်လွှတ်တဲ့စက်မှ ဓါတ်ရောင်ခြည်လွှတ်ပေးတာပါ။မီးကင်သလိုကင်တာမဟုတ်ပါ။

ဓါတ်မှန်ရိုက်သလိုပါပဲ။ဒါပေမယ့်ဓါတ်မှန်ရိုက်တာကတော့ ဓါတ်ကင်တာလောက်မပြင်းတဲ့ ဓါတ်ရောင်ခြည်ကိုသုံးတာပါ။

ခန္ဓာကိုယ်အတွင်းထဲကနေ ဓါတ်ကင်တာကတော့ ဓါတ်ရောင်ခြည်လွှတ်တဲ့အရာပစ္စည်းတခုခုကို ကင်ဆာအကျိတ်ရှိတဲ့နေရာနားမှာ ခွဲထည့်တာမျိုးပါ။

ဓါတ်ရောင်ခြည်ကုထုံး ကို ကင်ဆာရောဂါကုသရာမှာ ကင်ဆာရောဂါအမျိုးအစားနဲ့ရောဂါအခြေအနေပေါ်မူတည်ပြီး ဓါတ်ရောင်ခြည်ကုထုံးသီးသန့်ပဲပေးတာရှိသလို ခွဲစိတ်ကုထုံး၊ကင်ဆာဆေးသွင်းကုထုံး တခုခုနဲ့ တွဲပြီး ပေးတာလည်းရှိပါတယ်။

အများအားဖြင့်တော့ ခွဲစိတ်ကုထုံး၊ကင်ဆာဆေးသွင်းကုထုံးတမျိုးမျိုးနဲ့တွဲပေးတာများပါတယ်။

ဥပမာအားဖြင့်ဆိုရင် ကင်ဆာအလုံးအကျိတ်အရွယ်အစားက အရမ်းကြီးမားပြီး ခွဲစိတ်ရခက်တဲ့အခြေအနေတွေမှာ မခွဲခင် ဓါတ်ကင်ခြင်း(ဓါတ်ရောင်ခြည်ကုထုံးပေးခြင်း)ဖြင့် ကင်ဆာအလုံးအကျိတ်အရွယ်အစားကို အနည်းငယ်သေးသွားအောင်လုပ်ပြီးမှ ခွဲစိတ်တာလုပ်လေ့ရှိသလို

ကင်ဆာအလုံးအကျိတ်ကို ခွဲစိတ်ဖယ်ရှားပြီးတဲ့နောက်မှာလည်း မတော်တဆ ကင်ဆာဆဲလ်များကျန်နေပါကပျက်ဆီးအောင် ဆိုပြီး ဓါတ်ကင်တာ လုပ်ရလေ့ရှိပါတယ်။

ဓါတ်ရောင်ခြည်ကုထုံးကို ကင်ဆာရောဂါကုသရာမှာ သာမက

ကင်ဆာအခြေအနေကတအားဆိုးလို့ နေရာအတော်များများကိုကင်ဆာဆဲလ်တွေကပျံ့ပြီး ပျောက်အောင် ကုလို့မရတော့တဲ့သူတွေမှာဆိုရင်လည်း

ခွဲစိတ်တာ၊ကင်ဆာဆေးသွင်းတာတွေမလုပ်တော့ဘဲ ကင်ဆာဆဲလ်တွေထပ်ပျံ့တာနှေးအောင်၊ကင်ဆာအလုံးအကျိတ်တွေကိုသေးအောင်၊ကင်ဆာကြောင့် ခံစားရတဲ့ရောဂါဝေဒနာတွေကို သက်သာအောင် ဓါတ်ရောင်ခြည်ကုထုံးပဲ ပေးလေ့ရှိပါတယ်။

ဓါတ်ကင်တာဟာ အပေါ်မှာတခါပြောခဲ့သလို စွမ်းအားမြင့်ရောင်ခြည်ကို သုံးပြီး ကင်ဆာဆဲလ်တွေကိုဖျက်ဆီးတာဖြစ်တဲ့အတွက် ဓါတ်ကင်တဲ့အခါမှာ ဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါတယ်။

ဓါတ်ကင်တဲ့အခါမှာ ကင်ဆာဆဲလ်တွေပျက်စီးရုံသာမက ကင်ဆာအလုံးအကျိတ်အနီးနားက ကောင်းတဲ့ပုံမှန်ဆဲလ်တွေလည်းပျက်ဆီးပါတယ်။

ဓါတ်ကင်ခြင်းကြောင့်ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေဟာ ရောဂါပေါ်မူတည်ပြီးသုံးရတဲ့ဓါတ်ရောင်ခြည်ပမာဏာ၊ကင်ဆာဆေးသွင်းကုသမှုနဲ့တွဲမတွဲ၊လူနာရဲ့ခံနိုင်ရည်၊ဓါတ်ကင်တဲ့နေရာ စတဲ့အချက်တွေပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်ပါတယ်။

အများအားဖြင့်ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ နုံးပြီး အားမရှိသလိုခံစားရတာ၊အစားအသောက်ပျက်တာ၊ရင်ပူတာ၊အရေပြားတွေယားတာ၊ခြောက်သွေ့တာ၊အရည်ကြည်ဖုတာ ခံစားရတာတွေပါ။

ဓါတ်ကင်ခြင်းကြောင့်ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကို တွေးပြီးအရမ်းစိတ်ပူစရာမလိုပါ။ဓါတ်ကင်ဖို့လိုအပ်ရင် ကင်ပါ။

ဖြစ်လာမယ့်ဘေးထွက်ဆိုးကျိုးတွေအတွက် ကုသနည်းတွေရှိပါတယ်။

အခုနောက်ပိုင်းမှာ ဓါတ်ရောင်ခြည်ကုထုံးဟာ ပိုမိုခေတ်မှီလာတဲ့အတွက် ဖြစ်တဲ့ကင်ဆာအလုံးအကျိတ်နေရာကို ပိုမိုတိကျစွာဓါတ်ကင်လာနိုင်ပြီး ကင်ဆာနေရာနားတဝိုက်က ကောင်းတဲ့ဆဲလ်တွေထိခိုက်ပျက်စီးမှုလည်းနည်းလာပါတယ်။ဘေးထွက်ဆိုးကျိုးဖြစ်တာလည်းနည်းလာပါတယ်။

ဓါတ်ရောင်ခြည်ကုသမှုခံယူနေစဉ်မှာ လိုက်နာရမယ့်အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အိပ်ရေး၀၀အိပ်ပါ။အစားအသောက်ကို စားချင်စိတ်မရှိလည်း အားဖြစ်အောင် စားပေးပါ။

ဓါတ်ရောင်ခြည်ကုသမှုကြောင့် ဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေကို အဖြစ်နည်းအောင်၊သက်သာအောင် သက်ဆိုင်ရာဆရာဝန်နဲ့ အနည်းဆုံး တပတ်တခါ ပြသပါ။

ခန္ဓာကိုယ်အတွင်းထဲကနေ ဓါတ်ကင်ဖို့အတွက် ကိုယ်ခန္ဓာထဲကို ဓါတ်ရောင်ခြည်လွှတ်တဲ့ပစ္စည်းကိရိယာတခုခုထည့်ထားတဲ့သူတွေဆိုရင် ကိုယ်ဝန်ဆောင်တွေ၊အသက်၈နှစ်အောက်ကလေးတွေ နဲ့ ထိတွေ့တာကိုရှောင်ပါ။

ခန္ဓာကိုယ်အပြင်ကနေဓါတ်ကင်တာကတော့ ရှောင်ဖို့မလိုပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ