လည်ပင်းအကျိတ်ကင်ဆာရဲ့  လက္ခဏာများ

 

လည်ပင်းအကျိတ်ကင်ဆာရဲ့  လက္ခဏာများ

လူတိုင်းလူတိုင်းရဲ့ လည်ပင်းရှေ့တည့်တည့် အောက်ခြေနား နေရာလောက်မှာ လည်ပင်းအကျိတ်တခုရှိပါတယ်။

အဲ့ဒါကိုဆေးပညာအရ Thyroid gland (သိုင်းရွက်ဂလန်း)လို့ခေါ်ပါတယ်။

သိုင်းရွက်ဂလန်းဟာ လိပ်ပြာပုံစံရှိပြီး သူ့ဆီကနေ သိုင်းရွက်ဟော်မုန်း(Thyroid hormones)တွေကိုထုတ်ပေးပါတယ်။

သိုင်းရွက်ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေ နေ့စဉ်ပုံမှန်ဖြစ်ပျက်ဖို့အတွက် အလွန်အရေးပါတဲ့ဟော်မုန်းတွေဖြစ်ပါတယ်။

သိုင်းရွက်ဂလင်းနဲ့ပတ်သက်ပြီးဖြစ်တဲ့ရောဂါတွေအနေနဲ့ကတော့

သိုင်းရွက်ဟော်မုန်းများတာ၊နည်းတာ၊လည်ပင်းကြီးတာ၊သိုင်းရွက်ဂလင်းရောင်ရမ်းတာ၊သိုင်းရွက်ဂလင်းမှာရိုးရိုးအလုံးအကျိတ်ဖြစ်တာ၊သိုင်းရွက်ဂလင်းကင်ဆာဖြစ်တာ စသဖြင့် အများကြီးရှိပါတယ်။

ထိုအများကြီးရှိတဲ့ထဲမှာမှ အခုတပတ်မှာ သိုင်းရွက်ဂလင်းကင်ဆာ အကြောင်းကို ရေးသားတင်ပြချင်ပါတယ်။

သိုင်းရွက်ဂလင်းကင်ဆာမှာ

Papillary thyroid cancer

Follicular thyroid candcer

Medullary thyroid cancer

Anaplastic thyroid cancer

ဆိုပြီး အမျိုးအစား ၄ မျိုးရှိပါတယ်။

ထို ၄ မျိုးထဲမှာမှ Papillary thyroid cancer အမျိုးအစားက အဖြစ်အများဆုံးဖြစ်ပါတယ်။သိုင်းရွက်ကင်ဆာဖြစ်သူအယောက်၁၀၀မှာ အယောက်၇၅ယောက်ကနေ အယောက်၈၅ယောက် လောက်ဟာ ဒီအမျိုးအစားဖြစ်လေ့ရှိပါတယ်။ဒီအမျိုးအစားက တဖြည်းဖြည်းနဲ့မှကြီးလာတဲ့ကင်ဆာကျိတ်အမျိုးအစားဖြစ်ပြီး လည်ပင်းမှာရှိတဲ့ပြန်ရည်ကြောတွေကနေတဆင့် ခန္ဓာကိုယ်တခြားနေရာအစိတ်အပိုင်းတွေကို ပျံ့နှံ့ပါတယ်။

ဒုတိယလိုက်တာကတော့ Follicular thyroid cancer အမျိုးအစားဖြစ်ပါတယ်။သိုင်းရွက်ကင်ဆာဖြစ်သူအယောက်၁၀၀မှာ ၁၀ယောက်ကနေ ၁၅ယောက်လောက်ဟာ Follicular thyroid caner အမျိုးအစားဖြစ်နိုင်ခြေရှိပါတယ်။

ဒီကင်ဆာအမျိုးအစားကတော့ ခန္ဓာကိုယ်တခြားနေရာအစိတ်အပိုင်းတွေကို သွေးကြောတွေကနေတဆင့်အဓိကပျံ့နှံ့ပါတယ်။

Medulluary thyroid cancer ကတော့ သိုင်းရွက်ကင်ဆာဖြစ်သူအယောက်၁၀၀မှာ ၄ယောက်လောက်ပဲဖြစ်နိုင်ခြေရှိတဲ့ကင်ဆာအမျိုးအစားပါ။

Anaplastic thyroid cancer အမျိုးအစားကတော့ အရမ်းကိုအဖြစ်နည်းပါတယ်။သိုင်းရွက်ကင်ဆာဖြစ်သူအယောက်၁၀၀မှာ ၁ယောက်ဖြစ်ခဲပါတယ်။ဒါပေမယ့် ဖြစ်ပြီဆိုရင် အရမ်းဆိုးဝါးပြီး ခန္ဓာကိုယ်ရှိတခြားနေရာတွေကိုပျံ့နှံ့နှုန်းကလည်းအလွန်မြန်ဆန်တဲ့အတွက် ကုရမလွယ်တဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။

သိုင်းရွက်ဂလင်းကင်ဆာတွေဟာ အမျိုးသမီးတွေမှာဖြစ်နိုင်ခြေပိုများပါတယ်။သုတေသနတွေအရ အမျိုးသမီးတွေမှာ သိုင်းရွက်ဂလင်းကင်ဆာဖြစ်နိုင်ခြေဟာ အမျိုးသားတွေထက် နှစ်ဆ ကနေ လေးဆထိပိုများကြောင်းသိရပါတယ်။

အသက်အရွယ်အားဖြင့်ဆိုရင်တော့ Papillary thyroid cancer ဟာ အသက်၃၀ ကနေ ၅၀ အရွယ်ကြားမှာ အဖြစ်များလေ့ရှိပြီး Follicular thyroid cancer ကတော့ အသက်၅၀ကျော်အရွယ်တွေမှာ အဖြစ်များပါတယ်။

သိုင်းရွက်ဂလင်းကင်ဆာဖြစ်ပွားရတဲ့အကြောင်းအတိအကျကတော့ပြောရမလွယ်ပါ။သို့သော် ဖြစ်နိုင်ခြေရှိတဲ့အကြောင်းတွေအနေနဲ့ကတော့

မျိုးရိုးဗီဇနဲ့ဆိုင်တာ

ဓါတ်ရောင်ခြည်သင့်တာ

အိုင်အိုဒင်းဓါတ်ချို့တဲ့တာ

သိုင်းရွက်ဂလင်းရောင်တာ စသဖြင့် ရှိပါတယ်။

သိုင်းရွက်ဂလင်းကင်ဆာဟာစစဖြစ်ချင်းမှာထွေထွေထူးထူးလက္ခဏာတွေပြတာသိပ်မရှိပေမယ့် ကင်ဆာအကျိတ်ကြီးလာတာနဲ့အမျှနောက်ပိုင်းမှာ

လည်ပင်းမှာအလုံးအကျိတ်ပေါ်လာတာ

လည်ပင်းနာတာ၊လည်ချောင်းနာတာ

အစားအသောက်မျိုရခက်တာ

အသံပြောင်းလာတာ၊အသံသြလာတာ

ချောင်းဆိုးတာ

အစားအသောက်သိသိသာသာပျက်တာ၊ကိုယ်အလေးချိန်သိသိသာသာကျလာတာ စတဲ့လက္ခဏာတွေဖြစ်လာတတ်ပါတယ်။

ဒီလိုလက္ခဏာတွေပေါ်လာပြီဆိုရင်တော့ အချိန်ဆွဲမနေဘဲ ဆရာဝန်နဲ့ပြသပြီး သိုင်းရွက်ဂလင်းကင်ဆာဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။

စစ်ဆေးမှုတွေအနေနဲ့ကတော့

သွေးစစ်တာ

လည်ပင်းအာထရာဆောင်းရိုက်တာ

Fine-needle aspiration biopsy ခေါ် အပ်နဲ့အသားစယူပြီး စစ်ဆေးတာ

စသဖြင့်လုပ်နိုင်ပါတယ်။

ဒီလိုတွေလုပ်ကြည့်လို့ သိုင်းရွက်ဂလင်းကင်ဆာဖြစ်တယ်လို့အဖြေထွက်ရင်တော့ ကင်ဆာပျံ့နေလား သိဖို့အတွက် ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊စီတီရိုက်တာ၊အမ်အာအိုင်ရိုက်တာ၊ဗိုက်ကိုအာထရာဆောင်းရိုက်တာ စသဖြင့် ထပ်စစ်ဖို့လိုနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ လူနာရဲ့ကျန်းမာရေးအခြေအနေနဲ့ရောဂါအခြေအနေပေါ်လိုက်ပြီး ခွဲစိတ်ကုသတာ၊ဓါတ်ရောင်ခြည်နဲ့ကုသတာ၊ကင်ဆာဆေးသွင်းကုသတာ၊ဟော်မုန်းဆေးပေးကုသတာ စသဖြင့် ကုသနည်းတွေရှိပါတယ်။

လိုအပ်ပါက နှစ်နည်းပေါင်းကုတာမျိုးတွေလည်းလုပ်ပါတယ်။

Dr 528

 

ဆက်စပ် ဆောင်းပါးများ