မုန့်ချိုအိတ်ကင်ဆာ (သို့မဟုတ်) ပန်ကရိယကင်ဆာ

မုန့်ချိုအိတ်ကင်ဆာ (သို့မဟုတ်) ပန်ကရိယကင်ဆာ

မုန့်ချိုအိတ်ကို ဆေးပညာအရ Pancreas(ပန်ကရိယ)လို့ခေါ်ပါတယ်။

မုန့်ချိုအိတ်(Pancreas)ဟာ အစာအိမ်နောက်မှာရှိတဲ့ ဝမ်းဗိုက်ပိုင်းအတွင်းအင်္ဂါတခုဖြစ်ပါတယ်။

သူ့ရဲ့လုပ်ငန်းတာဝန်တွေကတော့ ကျွန်တော်တို့နေ့စဉ်စားလိုက်တဲ့ အဆီနဲ့ပရိုတင်းဓါတ်တွေကိုချေဖျက်ဖို့ အစာချေအင်ဇိုင်းတွေထုတ်ပေးခြင်း နှင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိရန်အတွက် အင်ဆူလင်ဟော်မုန်းထုတ်ပေးခြင်းတွေဖြစ်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟာ  အများအားဖြင့် အသက်၄၀ကျော်အရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟာ မုန့်ချိုအိတ်အတွင်းထဲကဆဲလ်များ ပုံမှန်မဟုတ်ဘဲ အထိန်းအကွပ်မရှိ မူမမှန်ပွားလာခြင်းကြောင့်ဖြစ်ပါတယ်။

ဘာလို့ဒီလိုမူမမှန်ပွားလာရလည်းဆိုတဲ့အကြောင်းအရင်းအတိအကျကိုတော့ သေချာပြောမရပါ။

သို့သော် မုန့်ချိုအိတ်ကင်ဆာဟာ အောက်ပါအခြေအနေရှိတဲ့သူတွေမှာဆိုရင် ပိုဖြစ်နိုင်ခြေများတယ်လို့ သုတေသနရလဒ်တွေ၊လေ့လာချက်တွေအရ ဆေးပညာရှင်များက ပြောကြားထားပါတယ်။

ကိုယ့်မျိုးရိုးထဲမှာ မုန့်ချိုအိတ်ကင်ဆာဖြစ်ဖူးတဲ့ရာဇဝင်ရှိတဲ့သူတွေ

အဝလွန်တဲ့သူတွေ

ခဏခဏမုန့်ချိုအိတ်ရောင်ရမ်းတဲ့သူတွေ

ဆေးလိပ်သောက်တဲ့သူတွေ

အသည်းရောင်အသားဝါပိုးဝင်ဖူးတဲ့သူတွေ

ဆီးချိုရောဂါရှိသူတွေ

အစာအိမ်အနာရှိသူတွေ မှာဆိုရင် မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ခြေဟာ တခြားသာမန်လူတွေနဲ့ယှဉ်ရင် ပိုများနေတတ်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟာ အစပိုင်းမှာတော့ ထွေထွေထူးထူး ရောဂါလက္ခဏာတွေမပြတတ်ပါဘူး။

သို့သော် ရောဂါပြင်းထန်လာတဲ့အခါမှာတော့ ဝမ်းဗိုက်အောင့်တာ၊ကျောအောင့်တာ၊အသားဝါတာ၊ဝမ်းအရောင်ဖျော့ပြီးဆီးအရောင်ရင့်လာတာ၊ကိုယ်အလေးချိန်ကျဆင်းလာတာ၊အစားအသောက်ပျက်တာ စသဖြင့်ခံစားရနိုင်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟုတ်မဟုတ်သေချာအောင်စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ကွန်ပျူတာဓါတ်မှန်ရိုက်တာ(CT scan)၊သံလိုက်ဓါတ်မှန်ရိုက်တာ(MRI scan)၊မုန့်ချိုအိတ်ပြွန်အတွင်း မှန်ပြောင်းနဲ့စစ်ဆေးတာ(Endoscopic retrograde cholangiopancreatography)၊အသားစယူစစ်ဆေးတာ တွေလုပ်နိုင်ပါတယ်။

စမ်းသပ်စစ်ဆေးလို့ မုန့်ချိုအိတ်ကင်ဆာဆိုပါက ရောဂါအခြေအနေသိဖို့နဲ့တခြားနေရာအစိတ်အပိုင်းတွေကိုပါပျံ့မပျံ့သိဖို့အတွက် ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊အာထရာဆောင်းရိုက်တာ၊အရိုးဓါတ်မှန်ရိုက်တာ စတဲ့စစ်ဆေးမှုတွေပါ လုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ပြီးကုသတာ(Surgery)၊ကင်ဆာဆေးသွင်းပြီးကုသတာ(Chemotherapy)၊ဓါတ်ရောင်ခြည်နဲ့ကုသတာစသဖြင့်ကုသနည်းတွေရှိပါတယ်။နှစ်နည်း၊သုံးနည်းပေါင်းကုတာမျိုးလည်းရှိပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟာ ဖြစ်စမှာထွေထွေထူးထူးရောဂါလက္ခဏာမပြတတ်တဲ့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးနေတဲ့သူတွေမဟုတ်ပါက ကင်ဆာမှန်းစောစီးစွာသိပြီး စောစောကုသမှုခံယူနိုင်ဖို့မလွယ်ပါ။

ဒါ့အပြင် တခြားနေရာအစိတ်အပိုင်းတွေကိုလည်းပျံ့နှံ့နှုန်းက မြန်ပါတယ်။

ရောဂါလက္ခဏာပြတဲ့အချိန်မှာဆိုရင် ရောဂါအဆင့်ဟာ ဆိုးတဲ့အခြေအနေရောက်နေတာများပြီး တခြားအစိတ်အပိုင်းတွေကိုလည်းပျံ့နေလေ့ရှိပါတယ်။

ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ အနည်းဆုံး တနှစ်တခါလောက်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ပါ။

မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားနိုင်ခြေနည်းအောင် ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။ဆေးလိပ်ဖြတ်ပါ။အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းပါ။လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးများများစားပါ။ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ လို့ အကြံပြုတိုက်တွန်းချင်ပါတယ်။

Dr 528

 

ဆက်စပ် ဆောင်းပါးများ