ကင်ဆာ ရောဂါကို  ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ အစားအသောက်များ

ကင်ဆာ ရောဂါကို  ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ အစားအသောက်များ

ကမ္ဘာပေါ်မှာ ကင်ဆာရောဂါ ဖြစ်နှုန်းဟာ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတွေမှာ သေဆုံးသူ ရာခိုင်နှုန်း အများဆုံးဖြစ်စေတဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ ပြီးနောက် ဒုတိယ အများဆုံး တေ့ွရတာဟာ ကင်ဆာရောဂါ ဖြစ်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်တတ်တဲ့ ကူးစက်ရောဂါပိုး တွေကြောင့် သေဆုံးရတာဟာ အရင်ကတော့ အများဆုံး ဖြစ်ပါသည်။ အခုအချိန်မှာတော့ ကူးစက်ရောဂါတွေကြောင့် သေဆုံးရတာ အပြင် နှလုံး သွေးတိုး သွေးချိုရောဂါ နဲ့ ကင်ဆာရောဂါတွေကြောင့် သေဆုံးသူ များလာတာကိုပါ တွေ့လာရပါတယ်။

ကင်ဆာရောဂါဟာ နာတာရှည်ရောဂါ ဖြစ်တဲ့အလျောက် ဖြစ်လာခဲ့လို့ ကုသတဲ့ အခါမှာ ငွေကုန်ကြေးကျ များတဲ့ အပြင် ဖြစ်တဲ့သူရော မိသားစုဝင်တွေပါ စိတ်ရော ကိုယ်ပါ ပင်ပန်းရပါတယ်။ ဒီတော့ မဖြစ်ခင် မဖြစ်အောင် ကြိုတင်ကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ကင်ဆာ ရောဂါတွေ ဘာကြောင့် ဖြစ်ရသလဲ

ကင်ဆာဟာ ကိုယ်တွင်းက ဆဲလ်တွေ ကင်ဆာဆဲလ် အဖြစ် မျိုးရိုးဗီဇ ပြောင်းသွားတဲ့အချိန်မှာ စတင်ပါတယ်။ ဓာတုပစ္စည်းတွေ ၊ ဓာတ်ရောင်ခြည်တွေ ၊ မလိုလားအပ်တဲ့ ဟော်မုန်းတွေ နဲ့ ပတ်ဝန်းကျင် မှာ ရှိနေတဲ့ လေထုထဲက မသန့်ရှင်းတဲ့ အညစ်အကြေးတွေ ၊ virus တွေဟာ ကိုယ်တွင်းက ပုံမှန်ဆဲလ်တွေကို ကင်ဆာဆဲလ် အဖြစ် မျိုးရိုးဗီဇ ပြောင်းသွားစေနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေဟာ နေ့စဉ် ထိတွေ့နေရတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ နဲ့ စားသောက်နေတဲ့ အစာတွေမှာ ပါဝင်နိုင်ပါတယ်။

ဒီလို အရာတွေကို ထိတွေ့ စားသောက်နေရတာတွေကို ရှောင်ရှားနိုင်မယ်ဆိုရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ ကို အနည်းနဲ့ အများ လျော့ချနိုင်မှာပါပဲ။

ဒီနေ့တော့ ကင်ဆာရောဂါ ဖြစ်စေနိုင်လို့ လျော့စားသင့်တဲ့ အစားအစာတစ်ချို့ကို ပြောပြပေးလိုက်ပါမယ်။

၁) ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအသောက်များ

ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအသောက်တွေမှာ Nitrates တွေ ပါနေနိုင်ပါတယ်။ ဒီလို အစားအသောက်တွေ ထဲမှာ ဝက်အူချောင်းတွေ၊ အသားချောင်း Sausage တွေ ပါဝင်ပါတယ်။ နေ့စဉ် အလွယ်တကူ ဝယ်ယူစားသောက်နေတဲ့ ထမင်းကြော်၊ Hotdog နဲ့ Burger တွေမှာတောင် ဒါတွေက ပါနေတတ်တော့ ရှောင်စားဖို့တော့ ခက်နိုင်ပါတယ်။ ဒါပေမဲ့ ကင်ဆာ ဖြစ်မှာကို ကာကွယ်ချင်တယ် ဆိုရင်တော့ လျော့စားရမှာ အမှန်ပါပဲ။

၂) သဘာဝအတိုင်း မဟုတ်ဘဲ ပြုပြင်ထားတဲ့ အစားအသောက်များ

နိုင်ငံတကာမှာ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံတွေဟာ ပိုပြီးတော့ ဈေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ သဘာဝအတိုင်း မဟုတ်ဘဲ အရောင်လှအောင် ချိုမြိန်အောင် ပြုပြင်ထားတဲ့ အရာတွေဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ် ဆိုတဲ့ အယူအဆတွေဟာ ရှိနေပါတယ်။

၃) ထုတ်ပိုးထားတဲ့ အစားအသောက်များ

ပလပ်စတစ် အစရှိတဲ့ ထုတ်ပိုးပစ္စည်း တစ်ချို့မှာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ အရာတွေ ပါဝင်နေနိုင်လို့ ကိုယ်သုံးဆောင်မဲ့ အစားအစာတွေကို ထုတ်ပိုးတဲ့ အခါ အထူးဂရုစိုက်သင့်ပါတယ်။

၄)မီးခိုးကျွမ်းတဲ့ အစားအသောက်များ

မီးသွေး နဲ့ ကင်ထားတဲ့ အသားတွေ အသီးအရွက်တွေဟာ အလွန် အရသာကောင်းတယ် ဆိုတာကို ဘယ်သူမှ ငြင်းကြမယ်လို့တော့ မထင်ပါဘူး ။ ဒါပေမဲ့ ဒီလိုအစားအသောက်တွေကို ကင်ဆာကို ဖြစ်စေနိုင်တဲ့ အစားအစာတွေဆိုတာကိုတော့ သိထားသင့်ပါတယ်။ ဒါကြောင့် စားကောင်းတယ်ဆိုတိုင်း ဒီလို အစာတွေကို မကြာခဏစားနေမယ်ဆိုရင်တော့ ကင်ဆာဖြစ်လာနိုင်ပါတယ်။

၅) အရက်

Healthy drinking မှာ အရက် ဘယ်လောက်အထိ သောက်သုံးလို့ရတယ် ဆိုတာကို အမျိုးသား အမျိုးသမီးခွဲပြီး နိုင်ငံတကာမှာ သတ်မှတ်ပေးထားပါတယ်။ ဒါကို ကျော်လွန်ပြီး သောက်သုံးမယ်ဆိုရင်တော့ အရက်ယမကာ ဘယ်အမျိုးအစားကမဆို အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် alcohol ကိုသောက်တဲ့ အခါမှာ ချိန်ဆ သောက်သုံးဖို့တော့ လိုအပ်ပါလိမ့်မယ်။

Dr. မွှေး

ဆက်စပ် ဆောင်းပါးများ