အုန်းဆီ တစ်ဇွန်းက ဒီလောက်တောင် စွမ်းသတဲ့

အုန်းသီးကို AD ၅ ရာစုနှစ် အစောပိုင်းလောက်မှာ အီဂျစ်ခရီးသွားတစ်ယောက်က အိန္ဒိယမှာ တွေ့ရှိခဲ့ကြောင်း စာပေအထောက်အထားတွေမှာ အဆိုရှိပါတယ်။ အိန္ဒိယ အခွံမာသီးအဖြစ် အစပျိုးသိရှိခဲ့တဲ့ အုန်းသီးကို ၉ ရာစုမှာ အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ တွင်တွင်ကျယ်ကျယ် စားသုံးခဲ့ပြီး နောက်ပိုင်း ဥရောပနဲ့ ကမ္ဘာတစ်ခွင် ပျံ့နှံခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအမျိုးမျိုး၊ ယဉ်ကျေးမှု ပုံစံအမျိုးမျိုးမှာ အုန်းသီးကို အုန်းဆီအဖြစ် ၊ ဒါမှမဟုတ် ခရင်မ်ပုံစံအဖြစ်၊ အုန်းသီး အစိမ်းကို ဖျော်ရည်ပုံစံအဖြစ် တွင်တွင်ကျယ်ကျယ် ယုံကြည်စိတ်ချစွာနဲ့ နှစ်ပေါင်း ထောင်ချီအောင် သုံးစွဲနေကြတဲ့ နောက်ကွယ်က အကြောင်းလေးတွေ လေ့လာကြည့်မယ် ဆိုလျှင်ဖြင့်___အုန်းဆီ စားခြင်းဖြင့် အသက်ရှည် ကျန်းမာနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် အုန်းဆီမှာ medium chain triglycerides (MCT) လို့ခေါ်တဲ့ ပြည့်ဝဆီ တစ်မျိုး ပါဝင်ပါတယ်။ ဒီပြည့်ဝဆီဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆီတွေကို ကျဆင်းစေနိုင်တဲ့ အပြင် နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင် အုန်းဆီကို ချေဖျက်လိုက်တဲ့ အခါထွက်လာတဲ့ ketone ဓာတ်က အတက်ရောဂါ ၊ သူငယ်ပြန်ရောဂါ စတဲ့ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါတွေကိုလည်း သက်သာစေပါတယ်။အုန်းဆီစားခြင်းဟာ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေတယ်ဆို သင်အံ့သြသွားပါသလား။ အုန်းဆီမှာပါတဲ့ MCT ( medium chain triglycerides) ဟာ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ တစ်နေ့ကို MCT ၁၅ မှ ၃၀ ဂရမ် လောက်စားရင် အဆီပိုတွေကို ပုံမှန်ထက် ၅% လောက် ပိုမို လောင်ကျွမ်းစေပါတယ်။ အထူးသဖြင့် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေပြီး ကြည့်ရဆိုးစေတဲ့ ဝမ်းဗိုက်က အဆီတွေပါ။

ဗိုက်မကြာခဏ ဆာတတ်တဲ့ ကိုကို၊ မမတွေ အတွက်လည်း အုန်းဆီက သင့်တော်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အုန်းဆီကထွက်လာတဲ့ ketone ဓာတ်ဟာ အစာစားချင်စိတ်ကို နည်းပါးစေတဲ့အတွက် ဖြစ်ပါတယ်။ဒါ့အပြင် အုန်းဆီဟာ အစွမ်းထက်တဲ့ ပိုးသတ်ဆေးတစ်ခုလည်း ဖြစ်လို့နေပါတယ်။ အုန်းဆီမှာ ပါဝင်တဲ့ 12- carbon lauric acid ဟာ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ပိုးမွှားတွေကို သေစေနိုင်စွမ်း ရှိပါတယ်။ အုန်းသီးမှာ ကိုယ်ခံအားကို ကောင်းမွန်စေတဲ့ အာနိသင်တွေလည်း ရှိတဲ့အတွက် နှာစေးချောင်းဆိုးရောဂါတွေ ကို လည်း ကာကွယ်ပေးနိုင်ပါတယ်။

အုန်းသီး ၊ အုန်းရည်တွေနဲ့ အုန်းဆီတွေဟာ အလှအပအတွက် ပျိုမေတွေ အားကိုးရတဲ့ အံ့မခမ်း ဆေးတစ်လက် လည်း ဖြစ်လို့နေပါသေးတယ်။ ယခင်နှစ်ကာလရှည်ကတည်းက ဆံကေသာအလှတရားအတွက် အုန်းဆီကို အားကိုး အားထားပြုခဲ့ကြပါတယ်။ အုန်းဆီဟာ ဆံကေသာတွေကို လှပသန်စွမ်းစေရုံသာမက ဆံကေသာ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။အရေပြားယားနာတွေ ဖြစ်တဲ့ ဆိုရီယားစစ် ရောဂါတွေကိုလည်း သက်သာစေရုံသာမက အသားအရေ ခြောက်သွေ့မှုတွေ ၊ အကြောပြတ်ခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဒါ့အပြင် ခရမ်းလွန် ရောင်ခြည် ကိုလည်း အသင့်အတင့် ကာကွယ်ပေးနိုင်ပါသေးတယ်။အရိုးနဲ့ သွားတွေအတွက် လိုအပ်တဲ့ မက်ဂနီဆီယမ်နဲ့ ကမ်ဆီယမ်ဓာတ်တွေကို ပိုမိုစုတ်ယူမှု အားကောင်းစေတဲ့အတွက် သွားနဲ့ အရိုးကျန်းမာရေးကိုလည်း အထောက်အကူ ပြုနိုင်ပါတယ်။ အရိုးပွ ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နို့နဲ့ မတည့်တဲ့ ရောဂါ ရှိသူတွေဟာ နို့အစား အရိုးနဲ့ သွား ရောဂါတွေ မဖြစ်အောင် အုန်းဆီကို အသုံးပြုလို့ ရပါတယ်။

ဒါ့အပြင့် အုန်းဆီမှာ Lauric acid အမြောက်အများပါဝင်တာကြောင့် အုန်းဆီစားသုံးခြင်းဖြင့် ကိုယ်ဝန် ဆောင်သည်များနဲ့ ကလေးနို့တိုက် မိခင်များအတွက် အစွမ်းထက်တဲ့ သဘာဝရောဂါခုခံအားကို ရစေပါတယ် ။ အမေရိကန်နိုင်ငံ သုတေသနလေ့လာတွေ့ရှိချက်တစ်ခုမှာ အုန်းဆီပုံမှန်စားတဲ့ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက် မိခင်များဟာ ၎င်းတို့ရဲ့ နို့ရည်မှာ Lauric acid နဲ့ capric acid ပမာဏပိုများလာပြီး ကလေးငယ်အတွက် အာဟာရဓါတ် ပြည့်ဝစွာ ပါဝင်တဲ့အပြင် မိခင်နို့အရည်အသွေးလည်း ပိုမိုကောင်းလာစေတယ်လို့ ဆိုပါတယ်။

အုန်းဆီဟာ ပြည့်ဝဆီဖြစ်တဲ့အတွက် သွေးတွင်းအဆီတွေကို များစေတယ်၊ အဆီပိတ်စေတယ်လို့ ယုံမှား သံသယတွေလည်း ရှိဖူးကြပါတယ်။ ဒါပေမယ့် အုန်းဆီမှာပါတဲ့ အဆီဓာတ်ဟာ အရွယ်အစားအလတ်ဆိုဒ် ရှိတဲ့ အဆီဓာတ်ဖြစ်တဲ့အတွက် တခြား ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေက ရရှိတဲ့ အရွယ်အစားကြီးတဲ့ အဆီဓာတ်လို ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ အုန်းဆီက အဆီဓာတ်ဟာ မကောင်းတဲ့ အဆီတွေကိုတောင် လျော့ချနိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။ ဒါကြောင့် အဆီဓာတ်များရင် ဖြစ်တတ်တဲ့ သွေးတိုးရောဂါ၊ လေဖြတ် လေဖျန်းရောဂါတွေကိုလည်း ကာကွယ်နိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။

အုန်းဆီတိုင်းမှာတော့ ဒီလို အာနိသင်တွေ ပါဝင်တာ မဟုတ်ပါဘူး။ အထူးနည်းစနစ်နဲ့ ထုတ်လုပ်ထားတဲ့ ( gravity နည်း)ထုတ်လုပ်ထားတဲ့ အုန်းဆီတွေမှာတော့ ဒီလိုအာနိသင်တွေကို ရရှိစေနိုင်ပါတယ်။ ပြီးတော့ ဘယ်အရာ ဘယ်ပစ္စည်းမဆို တန်ဆေး လွန်ဘေး သဘောတရားတွေ ရှိတဲ့အတွက် အုန်းဆီကိုလည်း ပိန်ချင်စော ၊ လှချင်စောတွေနဲ့ အလွန်အကြူး စားသုံးခြင်းမျိုးတော့ မပြုသင့်ပါဘူး။ အားလုံး ကျန်းမာပျော်ရွှင် လှပ အသက်ရှည်ကြစေရန် ဆုမွန်ကောင်း တောင်းရင်း………..

 

Author : ရွက်သစ်

ဆက်စပ် ဆောင်းပါးများ