ဂေါ်ဖီပန်းစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

ဂေါ်ဖီပန်းစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

ဂေါ်ဖီပန်းဟာ ကျွန်တော်တို့နိုင်ငံမှာ လူအစားများတဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်ပါတယ်။

ရာသီမရွေး ဝယ်ရလွယ်သလို ဈေးကလည်း လူတိုင်းနီးပါး လက်လှမ်းမှီပါတယ်။

ဂေါ်ဖီပန်းကို အရပ်ထဲမှာ ပန်းဂေါ်ဖီလို့လည်း ခေါ်ကြပါတယ်။

အညာဒေသမှာတော့ ပန်းမုန်လာ၊ မုန်လာပန်းလို့ ခေါ်ကြပါတယ်။

အင်္ဂလိပ်နာမည်ကတော့ Cauliflower ဖြစ်ပြီး ရုက္ခဗေဒ နာမည်ကတော့ : Brassica oleracea ဖြစ်ပါတယ်။

Brassicaceae မျိုးရင်းဖြစ်ပါတယ်။ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ဘရိုကိုလီတို့နဲ့ မျိုးရင်းတူပါတယ်။

ဂေါ်ဖီပန်းကို ဒီအတိုင်းကြော်စားတာ၊ တခြားအရွက်တွေနဲ့ ရောကြော်တာ၊ ကြက်ဥ သို့မဟုတ် အသားတမျိုးမျိုးနဲ့ ကြော်စားတာ၊ ဟင်းချိုထဲ ထည့်ချက်တာ၊ ဂေါ်ဖီပန်းသနပ်အနေနဲ့ လုပ်စားတာ စသဖြင့် အမျိုးမျိုးလုပ်စားနိုင်ပါတယ်။

အညာဒေသတွေမှာဆိုရင် လက်ဖက်သုပ်ထဲကို ဂေါ်ဖီပန်း ထည့်သုပ်စားတာမျိုးလည်း ရှိပါတယ်။

ဂေါ်ဖီပန်းဟာ ဝယ်ရလွယ်ပြီး ဈေးပေါပေမယ့် ကျန်းမာရေးကို အင်မတန် အထောက်အကူပြုတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။

ဂေါ်ဖီပန်းစားခြင်းဖြင့် ရနိုင်တဲ့ကျန်းမာရေးကောင်းကျိုးတွေကို သိသလောက်ရေးသားတင်ပြရရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ သင့်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်အားလုံးကို ပေးစွမ်းနိုင်ခြင်း

ဂေါ်ဖီပန်းဟာ ကယ်လိုရီဓါတ်တအားနည်းပြီး ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ တအားကြွယ်ဝပါတယ်။

ဘယ်လောက်တောင်ကြွယ်ဝလဲဆိုရင် သင်လိုအပ်နေတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ် အားလုံးဂေါ်ဖီပန်းစားခြင်းဖြင့် ရရှိနိုင်ပါတယ်။

လေ့လာမှုတွေအရ ဂေါ်ဖီပန်း ၁၂၈ ဂရမ်မှာ ကယ်လိုရီ ၂၅ ကယ်လိုရီသာပါပြီး ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီဆစ်၊ ဖောလိတ်၊ ပန်သိုတင်းနစ်အက်စစ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်စ် စတဲ့ ကိုယ်ခန္ဓာကို ကောင်းကျိုးပေးနိုင်မယ့် ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကြွယ်ဝများပြားစွာပါဝင်နေပါတယ်။

၂။ အမျှင်ဓါတ်ကြွယ်ဝစွာ ပေးစွမ်းနိုင်ခြင်း

အမျှင်ဓါတ်ဟာ ခန္ဓာကိုယ်ကျန်းမာဖို့အရေးကြီးတဲ့ ဓါတ်တမျိုးဖြစ်ပါတယ်။

အမျှင်ဓါတ်ဟာ အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားတွေကို ပွားများစေပြီး အစာခြေစနစ်ကိုအထောက်အကူပြုကာ အူလမ်းကြောင်းရောင်ရမ်းမှုဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ဝမ်းချုပ်ခြင်းကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ဗိုက်ပြည့်စေပြီး ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် အမျှင်ဓါတ်ဟာ ခန္ဓာကိုယ်ရှိဆဲလ်တွေ အင်ဆူလင်ဓါတ်ကို သုံးနိုင်အောင်လို့ ကူညီပေးပြီး ဆီးချိုကို ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။

၃။ အန်တီအောက်ဆီးဒန့်ဓါတ်တွေ ကြွယ်ဝစွာ ပေးစွမ်းနိုင်ခြင်း

အန်တီအောက်ဆီးဒန့် (Antioxidant) ဆိုသည်မှာ ခန္ဓာကိုယ်ကို တိုက်ခိုက်ဖျက်ဆီးပြီး ရောဂါများဖြစ်စေသည့် ဖရီးရယ်ဒီကယ် (free radicals) များကို တွန်းလှန်ခြေဖျက်ပေးနိုင်သော သဘာဝပစ္စည်းများဖြစ်သည်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများဟုလည်း ခေါ်ဆိုကြသည်။ အရွယ်တင်နုပျိူစေကာ ကင်ဆာရောဂါတွေဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။

ဖရီးရက်ဒီကယ်နဲ့ ပြောင်းပြန်ပါ။ အန်တီအောက်ဆီးဒန့်က ခန္ဓာကိုယ်ကို အကျိူးပြုပါတယ်။ နောက်ပြီး ဖရီးရက်ဒီကယ်ကြောင့်ဖြစ်တဲ့ ဆဲလ်တွေပျက်စီးခြင်းကိုပါ လျှော့ချပေးပါတယ်။

၄။ ကိုလင်းဓါတ် ကြွယ်ဝစွာ ပေးစွမ်းနိုင်ခြင်း

ကိုလင်းဓါတ်ဟာ ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ အာရုံကြောတွေ အားကောင်းဖို့အတွက် အထောက်အကူပေးတဲ့ဓါတ် ဖြစ်ပါတယ်။

ဒါ့အပြင် ကိုလင်းဓါတ်ဟာ အသည်းမှာမကောင်းတဲ့ အဆီဓါတ်တွေ လာစုနေခြင်းကို လျော့နည်းအောင်လုပ်ပေးနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။

ကိုလင်းဓါတ်လုံလောက်အောင်မရတဲ့သူတွေဟာ အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးရောဂါ၊ အသည်းရောဂါတွေ ဖြစ်နိုင်ခြေများပါတယ်။

ကိုလင်းဓါတ်ကြွယ်ဝစွာ ပါဝင်တဲ့အစားစာတွေဟာ သိပ်များများစားစားမရှိပါဘူး။

အဲ့ထဲမှာမှ ပန်းဂေါ်ဖီဟာ ကိုလင်းဓါတ်ကြွယ်ဝစွာပါတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။

၅။ Sulforaphane ဓါတ်ကြွယ်ဝစွာ ပေးစွမ်းနိုင်ခြင်း

ဂေါ်ဖီပန်းမှာ အန်တီအောက်ဆီးဒန့်ဓါတ်တမျိုး ဖြစ်တဲ့ Sulforaphane ဓါတ်ကြွယ်ဝစွာ ပါရှိပါတယ်။

ထိုဓါတ်ဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဆီးကျိတ်ကင်ဆာရောဂါတွေကို ကာကွယ်တားဆီးပေးနိုင်စွမ်းရှိပါတယ်။

ဒါတွေကတော့ သိသလောက် ပန်းဂေါ်ဖီစားခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ကျန်းမာရေးအတွက်ကောင်းကျိုးများပြီး ချက်ပြုတ်ရလွယ်ကာ ရာသီမရွေး ဈေးနှုန်းချိုသာစွာ လွယ်ကူစွာဝယ်ယူနိုင်တဲ့ ဂေါ်ဖီပန်းကို မကြာခဏ စားသုံးပေးကြပါလို့ အကြံပေးချင်ပါတယ်။

Dr သီတာနွယ်(အမရပူရ)

ဆက်စပ် ဆောင်းပါးများ