ခန်းတောက်မြစ်အကြောင်း သိကောင်းစရာ

ခန်းတောက်မြစ်အကြောင်း သိကောင်းစရာ

ခန်းတောက်ပင်ဟာ အေးပြီး မြင့်တဲ့နေရာတွေမှာ အလေ့ကျပေါက်ရောက်တဲ့အပင်အမျိုးအစားဖြစ်ပါတယ်။

အပူချိန် ၂၀ ဒီဂရီဖာရင်ဟိုက်နဲ့ ၃၀ ဒီဂရီဖာရင်ဟိုက်ကြား၊ အမြင့်ပေ ၆၀၀၀ နဲ့ ၉၀၀၀ ကြား နေရာမျိုးတွေမှာ ပေါက်လေ့ရှိပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် တောင်တန်းတွေပေါ်မှာ တွေ့ရနိုင်ပါတယ်။

ဟိမဝန္တာ တောင်တန်းဒေသ၊ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တွေမှာလည်းပေါက်ရောက်ပါတယ်။

ခန်းတောက်ပင်ဟာ နှစ်ကြာခံပင်စည် ပင်ပျော့မျိုးဖြစ်ကာ ခြောက်လက်မမှ ဆယ်လက်မလောက်သာ အမြင့်ရှိပါတယ်။

အရွက်မှာ လက်ဝါးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး ပြောင်ချောပါတယ်။ ရွက်ညှာ ၆ လက်မမှ ၁၂ လက်မ အထိရှည်ပြီး ရွက်နားဟိုက်ကာ အတွန့်များပါရှိပါတယ်။

ကဆုန်၊ နယုန်လတွေမှာ အဖြူရောင်အပွင့်ငယ်လေးများပွင့်ကာ အပွင့်အလယ်တွင် အဝါရောင်ဝတ်ဆံညှောင့်လေးတွေ များစွာရှိပါတယ်။

အလွန်အဖိုးတန်ပြီး ဆေးဖက်လည်းအလွန်ဝင်တဲ့ ပရဆေးပင်ဖြစ်ပါတယ်။

ရုက္ခဗေဒနာမည်က Coptis teeta Wall ဖြစ်ပြီး မျိုးရင်းက Ranunculaceae ဖြစ်ပါတယ်။

သူရဲ့အဓိကအသုံးဝင်အစိတ်အပိုင်းကတော့ အမြစ်ဖြစ်ပါတယ်။ အမြစ်မှာ အမျှင်နဲ့အသားတက်များ များစွာရှိပါတယ်။

အမြစ်ကိုထက်ပိုင်းခြမ်းကြည့်ပါက အတွင်းသားဟာ ရွှေဝါရောင်ရှိပါတယ်။

ဒါကြောင့် ခန်းတောက်မြစ်ကို အနောက်တိုင်းသားတွေက Golden thread လို့ တင်စားခေါ်ကြပါတယ်။

ခန်းတောက်မြစ်မှာ ဘာဘာရင်း၊ ပေါ်မက်တင်း အစရှိတဲ့ အယ်လ်ကာလွိုက်ဓါတ်တွေနဲ့ ဂလိုင်ကိုဆိုက် သကြားဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

အရသာအနေနဲ့တော့ အလွန်ခါးပေမယ့် ကျန်းမာရေးအတွက်တော့ အလွန်အကျိုးများပါတယ်။

သုတေသန လေ့လာမှုတွေအရတော့ ခန်းတောက်မြစ်ဟာ ဘက်တီးရီးယားပိုးတွေကို နိုင်ပြီး အနာကျက်မြန်စေတဲ့ အစွမ်းသတ္တိရှိကြောင်း၊ ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ကြောင်း သိရပါတယ်။

ဒါကြောင့်ခန်းတောက်မြစ်ကို ငှက်ဖျားရောဂါ၊ ချောင်းဆိုးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ ဝမ်းကိုက်ရောဂါတွေအတွက် ဆေးတွေဖော်စပ်ရာမှာ ထည့်သွင်းဖော်စပ်ကြပါတယ်။

မြန်မာဆေးကျမ်းတွေမှာတော့

ခန်းတောက်မြစ်ဥသည် ခါး၏။ ဝမ်းတွင်းကိုရောက်သောအခါ ပူ၏။ ဝမ်းကိုသက်စေ၏။ ဝမ်းမီးကိုတောက်စေ၏။ အစာကို ကြေစေ၏။ ရက်ကြာအဖျားရောဂါကိုနိုင်၏။ အပူကို လျင်စွာလျော့နည်းစေပြီး ပြင်းထန်သောအဖျားကို ကျစေ၏။ ငှက်ဖျားရောဂါကိုနိုင်၏။ အားကိုတိုးစေ၏။ ဟူပြီး ရေးသားထားပါတယ်။

အိမ်တွင်းဆေးမြီတိုအနေနဲ့ သိသလောက်ရေးသားတင်ပြရရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အစာအိမ်အားနည်းပြီး အစာမကြေရောဂါဖြစ်ပါက ခန်းတောက်မြစ်မှုန့်နဲ့ ငရုတ်ကောင်းမှုန့်တို့ကို ဘောက်ခွေးရွက်ညှစ်ရည်ဖြင့် ရောကြိတ်ကာ ငရုတ်ကောင်းစေ့အရွယ်ခန့် လုံးပြီး မနက်၂လုံး၊ည၂လုံး သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။

မျက်စိနာခြင်း၊ မျက်စိကိုက်ခြင်း ဖြစ်ပါက ခန်းတောက်မြစ်ကို ခပ်ပျစ်ပျစ်လေးသွေးကာ မျက်စိတဝိုက်ကွင်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။

ထိခိုက်ဒဏ်ရာရပြီး အရေပြားစုတ်ပြဲပြတ်ရှ ရောင်ရမ်းခြင်းတွေဖြစ်ပါက ခန်းတောက်မြစ်ကို သွေးပြီး ဖြစ်တဲ့နေရာပေါ်လိမ်းပေးခြင်းဖြင့် စုတ်ပြဲပြတ်ရှ ရောင်ရမ်းဒဏ်ရာတွေကို သက်သာစေပြီး အနာကျက်မြန်စေပါတယ်။

ရင်ကြပ်၊ ချောင်းဆိုးခြင်းပါက ခန်းတောက်မြစ်၊ ရွှေတံတိုင်းမြစ်ခေါက်နဲ့ ဘောက်ခွေးမြစ်ခေါက်တို့ကို အညီအမျှယူကာ အမှုန့်ပြုလုပ်ပြီး ထိုအမှုန့်ကို အခိုးအဖြစ်ရှုပေးပါက သက်သာပျောက်ကင်းနိုင်ပါတယ်။

Dr သီတာနွယ်(အမရပူရ)