ဘာကြောင့် အသီးအရွက်စိမ်းကြိတ်ရည်တွေ သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အလေ့အထတစ်ခု ဖြစ်ရတာလဲ

ဘာကြောင့် အသီးအရွက်စိမ်းကြိတ်ရည်တွေ သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အလေ့အထတစ်ခု ဖြစ်ရတာလဲ

လူအတော်များများအနေနဲ့ ဟင်းသီးဟင်းရွက်တွေစားရတာထက် အသားဟင်း၊ ငါးဟင်းတွေစားရတာကို ပိုကြိုက်ကြပါတယ်။

တချို့ဆိုရင် ဟင်းသီးဟင်းရွက်စားရတာ လုံးဝမကြိုက်တာမျိုးလည်း ရှိပါတယ်။

ဟင်းသီးဟင်းရွက်ကြိုက်တဲ့သူတွေအနေနဲ့လည်း နေ့စဉ်နေ့တိုင်း သို့မဟုတ် မကြာခဏ ဟင်းသီးဟင်းရွက်တွေကို စားနေရရင် ငြီးငွေ့လာနိုင်ပါတယ်။

ဒီအခါမှာ ဟင်းသီးဟင်းရွက်တွေကို ဒီအတိုင်းချက်ပြုတ်စားမယ့်အစား

ဖျော်ရည်အဖြစ်လုပ်သောက်တာဟာ (တနည်းအားဖြင့် အသီးအရွက်စိမ်း ကြိတ်ရည်များ သောက်သုံးခြင်းဟာ) ဆန်းလည်းဆန်းသစ် ပိုလည်းအရသာရှိသလို ဟင်းသီးဟင်းရွက်စားရတာ မကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေတဲ့ နည်းတခုဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည်တခွက်ဟာ မှားယွင်းတဲ့ စားသောက်မှုပုံစံကြောင့် လူအတော်များများမှာချို့တဲ့လိုအပ်နေတဲ့ အာဟာရဓါတ်တွေကို ပြည့်ဝအောင် ဖြည့်စွမ်းပေးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည်အဖြစ်လုပ်သောက်တာမှာ ချက်ပြုတ်စားတာထက် အားသာချက် ၃ ခုရှိပါတယ်။

အဲ့ဒါတွေကတော့ ……

၁။ ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည်လုပ်သောက်ခြင်းဖြင့် သူတို့မှာပါတဲ့ အာဟာရဓါတ်အတော်များများကို လွယ်လင့်တကူရရှိနိုင်ခြင်း

ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်စားသောက်ရင် ချက်ရပြုတ်ရတာ ပင်ပန်းသလို အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတချို့ရှိတဲ့ သူတွေအနေနဲ့လည်း ဟင်းသီးဟင်းရွက်တွေထဲမှာပါတဲ့ အာဟာရဓါတ်တွေကို စုပ်ယူနိုင်ဖို့ ဟင်းသီးဟင်းရွက်တွေက အမျှင်ဓါတ်ကို ချေဖျက်နိုင်ဖို့ အခက်အခဲရှိနိုင်ပါတယ်။

ဖျော်ရည်အဖြစ် လုပ်သောက်တဲ့အခါကျ အမျှင်ဓါတ်ပါဝင်မှုလည်း မရှိသလောက်နဲသွားပြီး အစာကြေလွယ်ကာ ဟင်းသီးဟင်းရွက်မှာပါတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကိုလည်း လွယ်ကူစွာ စုပ်ယူရရှိနိုင်ပါတယ်။

၂။ ဟင်းသီးဟင်းရွက်အမျိုးစုံအောင် ထည့်သွင်းနိုင်ခြင်း

အင်္ဂလန်နိုင်ငံရဲ့ အာဟာရနဲ့ နေထိုင်မှုဆိုင်ရာအဖွဲ့အစည်းတခုဖြစ်တဲ့ BANT က အကြံပြုထားတာကတော့ တနေ့ကို ဟင်းသီးဟင်းရွက် နဲ့သစ်သီးဝလံ ခြောက်မျိုး မှ ခုနှစ်မျိုးထိ အောင်စားရမယ်လို့ အကြံပြုထားပါတယ်။

လက်တွေ့ အဲ့လိုစားဖို့ဆိုတာ မလွယ်ပါဘူး။

ဖျော်ရည်လုပ်သောက်တဲ့အခါမှာဆိုရင်တော့ ဖျော်ရည်တခွက်ထဲကို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ လေးမျိုး ငါးမျိုးလောက်ထိထည့်သွင်းရောစပ် ဖျော်နိုင်ပါတယ်။

၃။ ငြီးငွေ့မှု ဖြစ်နိုင်ခြေနဲခြင်း

ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်စားသောက်တဲ့အခါ လူအများအတွက် ငဲ့ရတာ၊ ဈေးထဲတွေ့တဲ့ဟာပဲ ဝယ်လာရတာစသဖြင့် အကြောင်းကြောင်းကြောင့် ဟင်းသီးဟင်းရွက်အမျိုးအစားတွေ ပြန်ပြန်ထပ်နိုင်ပါတယ်။ အဲ့အခါကျ ငြီးငွေ့လာနိုင်ပါတယ်။

မိမိတကိုယ်စာ ဖျော်ရည်လုပ်သောက်တဲ့အခါကျ ရွေးစရာဟင်းသီးဟင်းရွက်များစွာရှိပြီး တနေ့နဲ့တနေ့ မတူအောင် လုပ်သောက်နိုင်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည်လုပ်သောက်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ကိုယ်အလေးချိန်ချရာမှာ အထောက်အကူများစွာပြုခြင်း

ဝိတ်ချပေးတဲ့ စင်တာတခုရဲ့ လေ့လာမှုတခုအရ သူတို့စင်တာက သတ်မှတ်ထားတဲ့ဝိတ်လျှော့ စားသောက်မှုပုံစံအတိုင်းစားတာအပြင် နေ့စဉ်ဟင်းသီးဟင်းရွက်ဖျော်ရည် ၈ အောင်စ သောက်တဲ့သူဟာ ဝိတ်လျှော့ စားသောက်မှုပုံစံအတိုင်းစားပြီး ဟင်းသီးဟင်းရွက်ဖျော်ရည်မသောက်သူထက် ၁၂ ပတ်အကြာမှာ သုံးပေါင် ပိုကျကြောင်း သိရပါတယ်။

၂။ ကိုယ်ခံအား စနစ်စွမ်းရည်ကို မြင့်တက်စေနိုင်ခြင်း

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာဆိုရင် ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် အနီ၊ အဝါ၊ လိမ္မော်၊ ခရမ်း၊ အစိမ်း၊ အဖြူ၊ အညို စတဲ့ အရောင်တွေကို ဖြစ်စေတဲ့ Phytochemicals သဘာဝရောင်ခြယ်ပစ္စည်းတွေ ပါရှိပြီး ဒါတွေဟာ ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ အစွမ်းထက်သဘာဝပစ္စည်းတွေ ဖြစ်ကြပါတယ်။

အနီရောင်ရှိတဲ့ အသီးအနှံတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ဖရဲသီး၊ ပန်းငရုတ်ပွအနီရောင် စတာတွေမှာ Lycopene လိုင်ကိုပင်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းဟာကင်ဆာရောဂါ၊ ဆီးကျိတ်ကင်ဆာ၊ ဆီးချို နဲ့ နှလုံးရောဂါတွေကို ကာကွယ်တာအပြင် အသားအရေစိုပြေစေတဲ့ သဘာဝအစွမ်းတွေ အင်မတန်များပါတယ်။ Citrulline စီထရူလင်းဆိုတဲ့ ဖရဲသီးမှာပါတဲ့ ဓာတ်ပစ္စည်းကတော့ ပန်းသေပန်းညှိုးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အဝါနဲ့ လိမ္မော်ရောင် အသီးအနှံတွေမှာဆိုရင် Hesperidin ဆိုတဲ့ ရောင်ခြယ်ပစ္စည်းပါပြီးသွေးလည်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ဦးနှောက်သွေးကြောပိတ်ရောဂါဖြစ်ပွားနှုန်းကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ဒီအသီးတွေထဲမှာပါတဲ့ ဗီတာမင်စီနဲ့ အေတို့က ခုခံအားစနစ်ကောင်းမွန်ဖို့၊ မျက်လုံးနဲ့ အသားအရေကျန်းမာမှုတွေအတွက် အဓိကကျပါတယ်။

အစိမ်းရောင်ရှိတဲ့ အသီးအနှံနဲ့ အရွက်တွေကတော့ လူတိန်း၊ ဖောလိတ်ဓာတ်တွေအပြင် ဗီတာမင်ဘီအုပ်စုတွေကြွယ်ဝလို့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု နဲ့ ကိုယ်ခံအားကောင်းဖို့ရာ အရေးပါပါတယ်။ ဆဲလ်တွေ အချိန်မတန်ခင် ပျက်စီးတာတွေကိုလည်း လျော့နည်းစေလို့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာမအီမသာဖြစ်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။

ခရမ်းရောင်အသီးအနှံတွေဖြစ်တဲ့ ခရမ်းသီး၊ ဘလူးဘယ်ရီသီးနဲ့ စပျစ်သီးစတာတွေမှာပါဝင်တဲ့ အန်သိုဆိုင်ယာနင်ဒြပ်ပေါင်းဟာ ရောင်ရမ်းမှုတွေကို လျော့ကျစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်လို့ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပါတယ်။

၃။ သင့်စွမ်းအင်ကို တိုးပွားစေနိုင်ခြင်း

ဟင်းသီးဟင်းရွက်ဖျော်ရည်တခွက်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ များစွာပါရှိပြီး အူလမ်းကြောင်းကနေလည်း အလွယ်တကူ လျင်မြန်စွာစုပ်ယူနိုင်ပါတယ်။

ဒါကြောင့် မောပန်းနွမ်းနယ်နေတဲ့အခါ ဟင်းသီးဟင်းရွက်ဖျော်ရည်တခွက် သောက်လိုက်ခြင်းဖြင့် ချက်ချင်းဆိုသလို အမောအပန်းတွေပြေပျောက်ကာ အားအင်ပြည့်ဝလာပြီး လန်းဆန်းမှုကို ခံစားရနိုင်ပါတယ်။

၄။ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုခြင်း

ကမီးပရောဂျက် (Kame project) လေ့လာမှုအရ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည်တွေကို တပတ်မှာ သုံးကြိမ်အထက် သောက်သူတွေဟာ တပတ်မှာ တကြိမ်သာသောက်တဲ့သူတွေထက်စာရင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ ၇၆ ရာခိုင်နှုန်း ပိုမိုလျော့နည်းကြောင်းသိရပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့ပြောရရင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည်တွေကို နေ့စဉ် သို့မဟုတ် တပတ် လေး ငါးကြိမ်လောက် သောက်တဲ့အကျင့် လုပ်ပေးသင့်ကြောင်း အကြံပြုချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ