ငရုတ်သီးစားခြင်းရဲ့ ကောင်းကျိုး ၈ ပါး

ငရုတ်သီးစားခြင်းရဲ့ ကောင်းကျိုး ၈ ပါး

ကျွန်တော်မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံက လူအတော်များများဟာ ချို၊ ချဉ်၊ ဖန်၊ ခါး၊ စပ် အရသာတွေထဲက အစပ်အရသာကို ပိုမိုကြိုက်နှစ်သက်လေ့ရှိပါတယ်။

ဒါကြောင့် အပူအစပ်အရသာကို ပေးစွမ်းတဲ့ ငရုတ်သီးကို လူအတော်များများဟာ နေ့စဉ်နီးပါး စားဖြစ်ကြလေ့ရှိပါတယ်။

ရေဆေးပြီး အတောင့်လိုက်အစိမ်းစားသလို အခြောက်လှမ်းအမှုန့်ကြိတ်ပြီး ငရုတ်သီးမှုန့်အနေနဲ့လည်းစားကြပါတယ်။

ဒါ့အပြင် ငရုတ်ဆုံထဲထည့်ထောင်းပြီး ငရုတ်သီးထောင်းအနေနဲ့လည်း စားကြပါသေးတယ်။

ဟင်းချက်ရာမှာလည်း ထည့်ချက်လေ့ရှိသလို အသုတ်သုပ်ရာမှာ ငပိရည်၊ ငံပြာရည် ဖျော်ရာမှာလည်း ထည့်သုံးလေ့ရှိပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ကျွန်တော်တို့တွေအတော်များများ နေ့စဉ်နီးပါးစားလေ့ရှိတဲ့ ငရုတ်သီးအကြောင်းကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

ငရုတ်သီးကို အင်္ဂလိပ်လို Chilli သို့မဟုတ် Hot pepper လို့ခေါ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Capsicum annuum ဖြစ်ပြီး မျိုးရင်းကတော့ Capsicum ဖြစ်ပါတယ်။

ငရုတ်သီးမှာအမျိုးအစားတွေအနေနဲ့ ကုလားအော်၊ မိုးမျှော်၊ ရွှေအပ် စသဖြင့် အမျိုးအစားတွေအများကြီးရှိပါတယ်။

တချို့အမျိုးအစားတွေက စပ်တာထက် ပူတာကိုဖြစ်စေပြီး တချို့အမျိုးအစားတွေကကျ စပ်တာကို ပိုဖြစ်စေပါတယ်။

ငရုတ်သီးစားခြင်း (အပူအစပ်စားခြင်း) ဖြင့်ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ အစာအိမ်နဲ့ အူလမ်းကြောင်းကို အထောက်အကူပြုခြင်း

ငရုတ်သီးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို အထောက်ပြုတယ်လို့ပြောရင် အများစုက လက်ခံကြမှာမဟုတ်ပါ။ ဘာလို့လဲဆိုတော့ အများစုအနေနဲ့က အပူအစပ်အစားများရင် အစာအိမ်ကို ထိခိုက်စေတယ်၊ အစာအိမ်နာ ဗိုက်အောင့်လို့ရှိရင် အပူအစပ်တွေကို ရှောင်ရမယ်လို့ပဲ သိထားကြလို့ဖြစ်ပါတယ်။

သုတေသနတွေအရ ငရုတ်သီးမှာပါတဲ့ Capsaicin ဓါတ်ဟာ အစာအိမ်နာတွေကို သက်သာစေနိုင်ကြောင်း သိရပါတယ်။

ငရုတ်သီးမှာပါတဲ့ ဓါတ်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ အက်စစ်ဓါတ်အားပြင်းမှုကို လျော့နည်းစေကြောင်း သိရပါတယ်။

ပါးစပ်ထဲ တံတွေးအထွက်များစေတာကြောင့် နှုတ်ကို မြိန်စေပြီး အစာပိုဝင်စေနိုင်ပါတယ်။

၂။ နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း

ငရုတ်သီးဟာ ခန္ဓာကိုယ်ရှိ ကယ်လိုရီအပိုတွေလောင်ကျွမ်းမှုကို အားပေးတဲ့အတွက် သွေးတွင်းအဆီဓါတ်ကို ကျစေပြီး သွေးကြောထဲတွေမှာ အဆီကပ်တာတွေဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။

ဒါ့အပြင် သွေးကြောတွေကို ကျယ်စေတာကြောင့် သွေးဖိအားကိုလည်း ကျစေပါတယ်။

သွေးတွင်းအဆီဓါတ်နဲ့ သွေးဖိအားလျော့နည်းလာတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေဟာလည်း လျော့နည်းလာပါတယ်။

၃။ ကိုယ်အလေးချိန်ကျစေခြင်း

ငရုတ်သီးဟာ ကိုယ်တွင်း ဇီဝရုပ်ဖြစ်ပျက်ခြင်းဖြစ်စဉ် (Metabolism) ကို မြန်အောင်အားပေးကာ အပူစွမ်းအင်များများထွက်စေတဲ့အတွက် ခန္ဓာကိုယ်ရှိအဆီပိုတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကိုကျစေပါတယ်။

၄။ အသက်ရှည်စေနိုင်ခြင်း

တရုတ်နဲ့ အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့သုတေသနတွေအရ အစပ်နေ့တိုင်းနီးပါးစားသုံးတွေမှာ စောစီးစွာသေဆုံးနိုင်ခြေဟာ အစပ်အစားနည်းတဲ့သူ၊ မစားတဲ့သူတွေထက်စာရင် ၁၃ ရာခိုင်နှုန်းခန့်ထိ လျော့နည်းကြောင်း သိရပါတယ်။

၅။ စိတ်ခံစားမှုကို ပိုကောင်းစေနိုင်ခြင်း

သုတေသနပြုချက်တွေအရ အပူအစပ်အစားစာတွေဟာ Serotonin လို့ခေါ်တဲ့ ဟော်မုန်းကို ဦးနှောက်ကနေ ထွက်အောင်လှုံ့ဆော်ပေးနိုင်ကြောင်း သိရပါတယ်။ ဒီ Serotonin ဟော်မုန်းဟာ စိတ်ခံစားမှုကောင်းစေပြီး ပျော်ရွှင်စေနိုင်တဲ့အပြင် စိတ်ဖိစီးစရာတွေ၊ စိတ်ဓါတ်ကျတာတွေ ခံစားရခြင်းကိုပါ သက်သာစေနိုင်ပါတယ်။

၆။ ခံတွင်းနံ့ကောင်းစေခြင်း

ငရုတ်သီးစားခြင်းဖြင့် ခံတွင်းအနံ့ဆိုးတွေကို လျော့ပါးသက်သာစေပြီး ခံတွင်းအနံ့ကောင်းစေနိုင်ပါတယ်။

၇။ အအေးမိ၊ ဖျားနာတာကို သက်သာစေနိုင်ခြင်း

ငရုတ်သီးမှာ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုတဲ့ ဘီတာကယ်ရိုတင်းနဲ့ အန်တီအောက်ဆီးဒန့် ဓါတ်တွေများစွာပါဝင်တဲ့အတွက် အအေးမိ၊ ဖျားနာတာကို သက်သာစေနိုင်ပါတယ်။

၈။ ခေါင်းကိုက်ခြင်းနဲ့ အဆစ်အမြစ်ကိုက်ခြင်းကို သက်သာစေခြင်း

ငရုတ်သီးစားတဲ့အခါ ပူစပ်တဲ့ခံစားမှုကို ခံစားရခြင်းကြောင့် ခန္ဓာကိုယ်က ခေါင်းကိုက်တာထက် ပူစပ်တဲ့ခံစားမှုဘက်ကို အာရုံရောက်သွားပါတယ်။ အဲ့အခါမှာ ခေါင်းကိုက်ခြင်း သက်သာပါတယ်။

ဒါ့အပြင် ငရုတ်သီးမှာ ရောင်ရမ်းမှုကို လျော့စေတဲ့ဓါတ်တွေလည်းပါတာကြောင့် အဆစ်တွေ ရောင်ရမ်းကိုက်ခဲတာတွေကိုလည်း သက်သာစေပါတယ်။

ဒါတွေကတော့ သိသလောက်ငရုတ်သီးစားခြင်းက ရတဲ့အကျိုးတွေဖြစ်ပါတယ်။

ဘယ်အရာမဆို အကောင်းနဲ့ အဆိုးဒွန်တွဲနေတယ်ဆိုတဲ့အတိုင်း ငရုတ်သီးစားတာ တအားများရင် ဗိုက်ရစ်နာတာ၊ ချွေးတအားထွက်ပြီးနုံးတာ၊ ဗိုက်ထဲပူနေတာ၊ ပါးစပ်ထဲမှာစပ်ရုံမက ဝမ်းသွားတဲ့အခါ စအိုစပ်တာ တွေဖြစ်တတ်ပါတယ်။

ရေရှည်အစားများရင် မျက်စိမှုန်တာ၊ သုတ်ခမ်းတာမျိုးလည်း ဖြစ်နိုင်ခြေရှိပါတယ်။

မှိုတက်နေတဲ့ ငရုတ်သီးတွေကို ကြိတ်ထားတဲ့ငရုတ်သီးမှုန့်တွေကို ရေရှည်စားမိတာ များလာရင်လည်း Aflatoxin ခေါ်မှိုဆိပ်တွေ ကိုယ်ထဲရောက်သွားပြီး ကျန်းမာရေးထိခိုက်ကာ ကြာလာရင် အသည်းကင်ဆာထိဖြစ်နိုင်ပါတယ်။

Dr သီတာနွယ်(အမရပူရ)

ဆက်စပ် ဆောင်းပါးများ