ကျန်းမာရေး ကောင်းကျိုးတွေနဲ့ ပြည့်နှက်နေတဲ့ ဂေါ်ဖီထုပ်

ကျန်းမာရေး ကောင်းကျိုးတွေနဲ့ ပြည့်နှက်နေတဲ့ ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်ကို အရပ်ထဲမှာ မုန်လာထုပ်လို့လည်း ခေါ်ကြပါတယ်။ အင်္ဂလိပ်နာမည်ကတော့ Cabbage ဖြစ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Brassica oleracea ဖြစ်ပါတယ်။

ဂေါ်ဖီထုပ်ဟာ ကျွန်တော်တို့နိုင်ငံမှာ အလွယ်တကူဝယ်ယူရနိုင်ပြီး ဈေးနှုန်းလည်းသိပ်မကြီးတဲ့ ဟင်းသီးဟင်းရွက်တမျိုးပါ။

ဈေးနှုန်းသိပ်မကြီးပေမယ့် ဂေါ်ဖီထုပ်မှာ သကြားဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင်ကေ၊ ဗီတာမင်စီ၊ ဖောလစ်အက်စစ်ဓာတ်၊ ဗီတာမင်ဘီ၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်အေ၊ သံဓာတ်၊ အလ်တီအောက်ဆီးဒန့် စတဲ့ဓာတ်တွေ အများကြီးပါဝင်တဲ့အတွက် ကျန်းမာရေးကို အလွန်အထောက်အကူပြုနိုင်ပါတယ်။

ကျွန်တော်တို့ဆီမှာ ဂေါ်ဖီထုပ်ကို ဟင်းချိုချက်သောက်တာ၊ အသားတမျိုးမျိုးနဲ့ရောကြော်တာ၊ အသုပ်ထဲထည့်သုပ်စားတာ၊ ရေစင်အောင်ဆေးပြီး တို့စာရာအဖြစ် ငါးပိရည်နဲ့ တို့စားတာ၊ ဂေါ်ဖီချဉ်တည်စားတာ စသဖြင့် အမျိုးမျိုးလုပ်စားကြပါတယ်။

ဂေါ်ဖီထုပ်မှာ ကျန်းမာရေးအတွက် အထောက်ကူပြုဓာတ်တွေပါတဲ့အတွက် ဂေါ်ဖီထုပ်စားခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ကိုယ်ခံစွမ်းအားကိုကောင်းစေခြင်း

ဂေါ်ဖီထုပ်မှာ ဗီတာမင်စီကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကို အားကောင်းအောင် အထောက်အကူပြုပါတယ်။

ဂေါ်ဖီထုပ်ကို မကြာခဏပုံမှန်စားသုံးမယ်ဆိုရင် ဗီတာမင်စီဓါတ်များများရတဲ့အတွက် ကိုယ်ခံအားစနစ် ကောင်းလာပြီး အအေးမိလွယ်တာ၊ နှာစေးချောင်းဆိုးလွယ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၂။ ကင်ဆာရောဂါနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေခြင်း

သုတေသနတွေအရ ဂေါ်ဖီထုပ်မှာ Glucosinolates ဆိုတဲ့ ဓါတ်ပစ္စည်းတွေ များစွာပါဝင်ပြီး ထိုဓါတ်ပစ္စည်းတွေဟာ ကင်ဆာရောဂါ နဲ့ နှလုံးရောဂါတွေဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

၃။ ဝမ်းမှန်စေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို အထောက်အကူပြုခြင်း

ဂေါ်ဖီထုပ်မှာ အမျှင်ဓါတ်တွေ များစွာပါတာကြောင့် ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

၄။ သွေးတွင်းမကောင်းတဲ့ အဆီဓါတ်ကို လျော့နည်းစေခြင်း

သုတေသနတွေအရ ဂေါ်ဖီထုပ်မှာကြွယ်ဝစွာပါတဲ့ ပိုလီဖီနော (polyphenols) ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောဓါတ်ကို လျော့နည်းစေပြီး သွေးဖိအားပုံမှန်ဖြစ်ဖို့ကိုလည်း အထောက်အကူပြုကြောင်း သိရပါတယ်။

၅။ ဓါတ်ရောင်ခြည်ကြောင့်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများကို လျော့နည်းစေနိုင်ခြင်း

ဂေါ်ဖီထုပ်မှာ ရှားပါးဓါတ်ပစ္စည်းတမျိုးဖြစ်တဲ့ 3,3’-diindolylmethane (DIM) ဓါတ်ပါပါတယ်။

ထိုဓါတ်ဟာ ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည် ကုသမှုခံယူနေရတဲ့သူတွေမှာ ဓာတ်ရောင်ခြည်ကုထုံးကြောင့်ဖြစ်တဲ့ နုံးပြီး အားမရှိသလို ခံစားရတာ၊ အစားအသောက်ပျက်တာ၊ ရင်ပူတာ၊ အရေပြားတွေယားတာ၊ ခြောက်သွေ့တာ၊ အရည်ကြည်ဖုတာ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

၆။ မျက်စိတိမ်စွဲရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း

ဂေါ်ဖီထုပ်မှာ ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် မျက်လုံးအားကောင်းစေပြီး မျက်စိမှာရှိတဲ့ ဆဲလ်တွေကို ကျန်းမာစေပါတယ်။ ဂေါ်ဖီထုပ်မကြာခဏစားခြင်းဖြင့် အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ မျက်စိတိမ်စွဲရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

၇။ ဆံပင်ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

ဂေါ်ဖီထုပ်မှာပါတဲ့ ဆာလ်ဖာနဲ့ စီလီကွန်ဓာတ်ဟာ ဆံပင်ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး ဗီတာမင်အေဓာတ်ဟာ ဆံပင်များများပေါက်ဖို့၊ ဆံပင်အုံထူဖို့အတွက် အထောက်အကူပေးပါတယ်။

ဒါတွေကတော့ သိသလောက် ဂေါ်ဖီထုပ်ရဲ့ ကျန်းမာရေးကောင်းကျိုးတွေ ဖြစ်ပါတယ်။

ဂေါ်ဖီထုပ်စားတဲ့အခါ တခါစားရင် အနည်းဆုံး ၁၀၀ ဂရမ်စားသင့်ပါတယ်။

ဂေါ်ဖီထုပ်ကို အစိမ်းစားမယ်ဆိုပါက ရေစင်အောင်သေချာဆေးပါ။ ဂေါ်ဖီထုပ်ကိုကြော်တာ၊ ချက်တာတွေလုပ်တဲ့အခါ မီးပြင်းပြင်းနဲ့အချိန်အကြာကြီး ချက်တာ၊ ကြော်တာကိုရှောင်ပါလို့ အကြံပေးချင်ပါတယ်။

မီးပြင်းပြင်းနဲ့ အချိန်အကြာကြီးကြော်တာ၊ ချက်တာလုပ်ပါက ဂေါ်ဖီထုပ်မှာပါတဲ့ ကျန်းမာရေးအကျိုးပြုဓါတ်တချို့တွေဟာ ပျက်စီးပျောက်ဆုံးသွားနိုင်လို့ဖြစ်ပါတယ်။

Dr သီတာနွယ်

ဆက်စပ် ဆောင်းပါးများ