အမူးအမော်ပြေတဲ့ ချင်း ( ဂျင်း )

 

အမူးအမော်ပြေတဲ့ ချင်း ( ဂျင်း )

ဂျင်းကို အင်္ဂလိပ်လို Ginger လို့ခေါ်ပါတယ်။သူ့ရဲ့ ရုက္ခဗေဒနာမည်ကတော့ Zingiber officinale Rosc. ဖြစ်ပြီး မျိုးရင်းကတော့ Zingiberaceae ဖြစ်ပါတယ်။

ဂျင်းပင်ဟာ နှစ်ရှည်ခံပင်ပျော့ပင်အမျိုးအစားဖြစ်ပြီး မြေအောက်ပင်စည်မျိုးဖြစ်ပါတယ်။ဂျင်းပင်ရဲ့ အရွက်ပုံစံက ရှည်မျောမျော လှံစွပ်ပုံစံရှိကာ ထိပ်ချွန်ပါတယ်။အဖြူရောင် သို့မဟုတ် စိမ်းဝါရောင်ပန်းပွင့်များပွင့်ပါတယ်။

အသုံးဝင်အစိတ်အပိုင်းကတော့ မြေအောက်ပင်စည်အစိတ်အပိုင်းဖြစ်တဲ့ ဂျင်းတက်ဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံက မီးဖိုချောင်အတော်များများမှာ ဂျင်း၊ကြက်သွန်ဟာ အမြဲတမ်းနီးပါးမပြတ်တမ်း ရှိနေလေ့ရှိတဲ့ အရာတွေပါ။

ဂျင်းတက်ကို အခွံခွာ၊သင့်တော်သလောက်လှီးဖြတ်ပြီး အိန္ဒိယ နဲ့ အာရှ ဟင်းလျာအတော်များများမှာ ဟင်းခတ်ပစ္စည်းအနေနဲ့ထည့်သုံးလေ့ရှိပါတယ်။

ဂျင်းကိုပါးပါးမျှင်မျှင်လေးတွေဖြစ်အောင်လုပ်ပြီး အချဉ်ရည်ထဲထည့်စားတာ အကြော်စုံ၊ခရမ်းချင်း၊ဂေါ်ဖီတို့နဲ့ရောကာ ဂျင်းသုပ်အနေနဲ့သုပ်စားတာမျိုးတွေလည်းရှိပါတယ်။

ဂျင်းမှာ Gingerol,Volatile Oil,Zingiberene,Oleoresin စတဲ့ဆေးဖက်ဝင်ဓါတ်တွေများစွာပါပြီး ကျန်းမာရေးကိုအကျိုးပြုနိုင်တဲ့အတွက် ဂျင်းကိုဟင်းခတ်အမွှေးအကြိုင်အဖြစ်၊စားစရာအဖြစ်သုံးရုံမက ဆေးဝါးဖော်စပ်ရာမှာလည်းထည့်သုံးလေ့ရှိပါတယ်။

အထူးသဖြင့် ဝမ်းမီးတောက်ဆေး၊လေနိုင်ဆေး၊အအေးမိချောင်းဆိုးပျောက်ဆေးစတဲ့ တိုင်းရင်းဆေးတွေဖော်စပ်ရာမှာထည့်သွင်းသုံးလေ့ရှိပါတယ်။

ဂျင်းစားခြင်းဖြင့်ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။မူးမော်ပျို့အန်ခြင်းများကိုသက်သာစေခြင်း

နေ့စဉ်ဂျင်း ၁ ဂရမ်စားပေးပါက မူးမော်ပျို့အန်ခြင်းများမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

ကားမူးတတ်၊လှိုင်းမူးတတ်၊လေယာဉ်မူးတတ်သူများအနေနဲ့ဆိုရင် လည်းကား၊သဘောၤ၊လေယာဉ်မစီးမီ ဂျင်းစားထားပေးပါက မူးမော်ပျို့အန်ခြင်းဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်ဆောင်ပထမသုံးလအတွင်းဖြစ်တတ်သောပျို့အန်ခြင်းများကို ဂျင်းစားပေးခြင်းဖြင့် သက်သာလျော့ပါးစေနိုင်ပါတယ်။

ကင်ဆာရောဂါသည်များအနေနဲ့လည်းကင်ဆာဆေးသွင်းကုသမှု၊ဓါတ်ရောင်ခြည်ကုသမှုခံယူတဲ့အခါဖြစ်တတ်တဲ့ ပျို့အန်ခြင်းများကိုသက်သာအောင် ဂျင်းကိုစားပေးတာ၊ပါးပါးလှီးပြီး ရေနွေးနဲ့ရောကာ ဂျင်းရေနွေးကြမ်းအဖြစ်လုပ်သောက်တာမျိုးတွေလုပ်နိုင်ပါတယ်။

၂။ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ခြင်း

ဂျင်းဟာ ကိုယ်တွင်းအပူဓါတ်ကိုအားကောင်းစေပြီး ကိုယ်ခံစွမ်းအားကိုမြင့်တက်စေတဲ့အာနိသင်ရှိပါတယ်။

ဂျင်းပြုတ်ရည်သောက်ခြင်း သို့မဟုတ် ဂျင်းကို အပြားလေးတွေအဖြစ်ပါးပါးလှီးပြီးရေနွေးနဲ့ရောသောက်ခြင်းဖြင့် ရာသီအကူးအပြောင်း စပ်ကူးမတ်ကူးကာလတွေမှာ ချောင်းဆိုးနှာစေးအအေးမိတာတွေမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်သလို ချောင်းဆိုးနှာစေးအအေးမိတာတွေဖြစ်ခဲ့ရင်လည်း ဂျင်းပြုတ်ရည်သောက်ခြင်း သို့မဟုတ် ဂျင်းကို အပြားလေးတွေအဖြစ်ပါးပါးလှီးပြီးရေနွေးနဲ့ရောသောက်ခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၃။အစာချေစနစ်ကိုကောင်းမွန်စေခြင်း

အစာမကြေ၊ရင်ပြည့်ရင်ကယ်ဖြစ်တယ်ဆိုတာဟာ အစာအိမ်ထဲကအစာတွေအူထဲရောက်သွားဖို့ကြာချိန်(Gastric emptying time)က လိုအပ်တာထက်ပိုကြာနေလို့ဖြစ်နိုင်ပါတယ်။

ဂျင်းဟာ တံတွေးနဲ့သည်းခြေရည်ကိုပိုများများထွက်စေပြီး အစာခြေလမ်းကြောင်းလှုပ်ရှားမှုကိုလည်းမြန်စေကာ အစာအိမ်ထဲကအစာတွေအူထဲမြန်မြန်ရောက်စေပါတယ်။

ဒါကြောင့် ဂျင်းစားခြင်းဖြင့် အစာမကြေတာ၊ရင်ပြည့်ရင်ကယ်မအီမသာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ဂျင်းမှာပါတဲ့အမျှင်ဓါတ်ကလည်း ဝမ်းချုပ်ခြင်းမဖြစ်ဘဲဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။

၄။အရိုးအဆစ်ရောင်ရမ်းကိုက်ခဲမှုတွေကိုသက်သာစေနိုင်ခြင်း

ဒူးဆစ်ရောင်ရမ်းနာကျင်တဲ့လူအယောက်နှစ်ရာကျော်ကိုလေ့လာထားတဲ့သုတေသနတခုအရ ဂျင်းစားပေးခြင်းဖြင့် ဒူးဆစ်ရောင်ရမ်းနာကျင်တာသက်သာပြီး အကိုက်အခဲပျောက်ဆေးတွေသောက်ရတာလည်းလျော့ကျလာကြောင်းတွေ့ရှိရပါတယ်။

ဒါ့အပြင် ဂျင်းကို နှမ်းဆီ၊သစ်ဂျပိုးခေါက်တို့ကိုရောစပ်ပြီး အရိုးအဆစ်ရောင်ရမ်းတဲ့နေရာပေါ်ကိုလိမ်းဆေးအနေနဲ့လိမ်းပေးပါကလည်းကိုက်ခဲနာကျင်မှုကိုလျော့ပါးစေနိုင်ကြောင်းသိရပါတယ်။

၅။ရာသီလာခါနီး နဲ့ လာနေစဉ်မှာဖြစ်တတ်တဲ့ကိုက်ခဲနာကျင်မှုကိုသက်သာစေခြင်း

ရာသီစလာတဲ့ရက်ကနေသုံးရက်မြှောက်တဲ့နေ့ထိ တနေ့ကို ဂျင်း ၁ ဂရမ် စားပေးပါက ရာသီလာနေစဉ်မှာဖြစ်တတ်တဲ့ကိုက်ခဲနာကျင်မှုတွေကိုလျော့ပါးသက်သာစေနိုင်ကြောင်း သုတေသနတွေအရသိရပါတယ်။

၆။နှလုံးရောဂါ၊ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေခြင်း

ဂျင်းပုံမှန်စားသုံးခြင်းဖြင့် သွေးတွင်းအဆီဓါတ်(ကိုလက်စထေရောဓါတ်)ကို လျော့နည်းစေပြီး၊သွေးခဲဖြစ်ခြင်းကိုလည်း လျော့နည်းစေနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်ခြေကိုလျော့ကျစေပါတယ်။

ဒါ့အပြင်သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ