မုန်လာဥဖြူ ပုံမှန်စားပါ

မုန်လာဥဖြူ ပုံမှန်စားပါ

မုန်လာဥဖြူ၊ မုန်လာဥနီတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအတော်များများမှာ အစားများလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။

မုန်လာဥဖြူကို အင်္ဂလိပ်လို White radish, Oriental radish, winter radish စသဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။ ဂျပန်လိုတော့ မုန်လာဥဖြူကို Daikon လို့ခေါ်ပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Raphanus sativus ဖြစ်ပါတယ်။

မုန်လာဥဖြူကို အမျိုးမျိုးလုပ်စားနိုင်ပါတယ်။

တို့စရာအနေနဲ့ ပြုတ်ပြီး ငပိရည်ဖြင့်စားတာရှိသလို အစိမ်းလိုက်အခွံခွာရေဆေးပြီး သုပ်စားတာ၊ အချဉ်တည်စားတာ (ချဉ်ဖတ်အနေနဲ့စားတာ) လည်းရှိပါတယ်။

အသားတခုခုနဲ့ရောပြီး ဟင်းချိုအနေနဲ့ ချက်သောက်နိုင်သလို၊ အတုံးသေးသေးလေးတွေလှီးပြီး ကြော်စားလို့လည်း ရပါတယ်။

မုန်လာဥဖြူမှာ အမျှင်ဓါတ်၊ ရေဓါတ်၊ သကြားဓါတ်၊ ပရိုတင်းဓါတ်၊ အန်တိုဆိုင်ရာနင် (Anthocyanin)၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ကယ်လ်ဆီယံဓါတ်၊ ပိုတက်ဆီယံဓါတ်၊ သံဓါတ်တွေ ကြွယ်ဝများပြားစွာပါဝင်တဲ့အတွက် မုန်လာဥဖြူစားခြင်းဖြင့် ကျန်းမာရေးအတွက်များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။

မုန်လာဥဖြူစားခြင်းဖြင့်ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ သွေးနီဥတွေ အချိန်မတိုင်ခင် ပျက်စီးခြင်းကို လျှော့ချကာကွယ်နိုင်ခြင်း

သွေးနီဥတွေဆိုတာဟာ ကျွန်တော်တို့ကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်တွေသယ်ပို့ပေးနေတဲ့ သွေးဆဲလ်တွေဖြစ်ပါတယ်။ သွေးနီဥတွေအချိန်မတိုင်ခင် ပျက်စီးမှုများပါက သွေးအားနည်းတာ၊ မောတာ တွေဖြစ်နိုင်ပါတယ်။

သုတေသနတွေအရ မုန်လာဥဖြူကို ပုံမှန်စားသုံးပေးပါက သွေးနီဥတွေ အချိန်မတိုင်ခင်ပျက်စီးခြင်းကို လျှော့ချကာကွယ်နိုင်ကြောင်း သိရပါတယ်။

၂။ အစာအိမ်နဲ့ အူလမ်းကြောင်းကို အထောက်အကူပြုခြင်း

မုန်လာဥဖြူမှာ အမျှင်ဓါတ်များစွာပါဝင်တဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းကိုကင်းစေပြီး ဝမ်းကိုမှန်စေပါတယ်။

အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

၃။ နှလုံးကျန်းမာရေးကို ကောင်းစေခြင်း

မုန်လာဥဖြူမှာ ကြွယ်ဝများပြားစွာပါဝင်တဲ့ အန်တိုဆိုင်ရာနင် (Anthocyanin) က နှလုံးကျန်းမာစွာအလုပ်လုပ်ဖို့အတွက် ပံ့ပိုးပေးပြီး နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

ဒါ့အပြင် မုန်လာဥဖြူမှာပါတဲ့ ပိုတက်ဆီယမ်ဓါတ်ကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေကာ နှလုံးကို ကျန်းမာစေပါတယ်။

၄။ သွေးကြောများကို ကျန်းမာစေခြင်း

သုတေသနတွေအရ မုန်လာဥဖြူဟာ သွေးကြောတွေကျန်းမာဖို့လိုအပ်တဲ့ ကော်လာဂျင်(Collagen) ကို ထုတ်ပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။

မုန်လာဥဖြူကို မကြာခဏစားပေးပါက သွေးကြောတွေကို ကျန်းမာစေပြီး သွေးကြောကျဉ်းတာတွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

၅။ ကိုယ်ခံအားကိုကောင်းမွန်စေခြင်း

မုန်လာဥဖြူမှာ ကြွယ်ဝစွာပါဝင်တဲ့ ဗီတာမင်စီဓါတ်ဟာ ကိုယ်ခံအားစနစ်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ရာသီအကူးအပြောင်းတွေမှာ အဖြစ်များလေ့ရှိတဲ့ အအေးမိ၊ ဖျားနာဖြစ်ခြင်းတွေ မဖြစ်အောင် ကာကွယ်တားဆီး ပေးနိုင်ပါတယ်။

၆။ အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

မုန်လာဥဖြူမှာ ရေဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် မကြာခဏစားပေးပါက ကိုယ်တွင်းရေဓါတ်ပြည့်ဝစေပြီး အသားအရေခြောက်သွေ့တာတွေဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သူ့မှာပါတဲ့ ဗီတာမင်စီဓါတ်ကလည်း အရေပြားတင်းရင်းချောမွေ့ဖို့အတွက် အထောက်အကူပြုပါတယ်။

Dr သီတာနွယ်(အမရပူရ)

ဆက်စပ် ဆောင်းပါးများ