အဆီကျစေတယ်ဆိုတဲ့ မက်မန်းသီး

 

အဆီကျစေတယ်ဆိုတဲ့ မက်မန်းသီး
မက်မန်းသီးကို အင်္ဂလိပ်လို Damson လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Prunus domestica ဖြစ်ပါတယ်။ရိုစေရိယာမျိုးနွယ်ဝင်ဖြစ်ပါတယ်။

မက်မန်းပင်ဟာ စိုစွတ်အေးတဲ့ ခဲသားမြေကိုနှစ်သက်ပြီး အပင်ရဲ့မူလအစကတော့ အနောက်နိုင်ငံတွေကဖြစ်ပါတယ်။

မက်မန်းပင်တွေကို ကိုလိုနီခေတ်မှာ မျက်နှာဖြူတွေက မြန်မာနိုင်ငံကိုသယ်ဆောင်လာခဲ့တယ်လို့ အဆိုရှိပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် မက်မန်းပင်တွေကို ပြင်ဦးလွင်၊နောင်ချို စတဲ့တောင်ပေါ်ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။

မက်မန်းပင်ဟာ အပွင့် ပွင့်ခါနီးတလလောက်အလိုမှာ တပင်လုံးအရွက်တရွက်မှ မကျန်အောင်ကြွေလေ့ရှိပါတယ်။

ထိုသို့ကြွေပြီးမှ အကိုင်းကနေစပြီး အဖူးအပွင့်တွေဖူးပွင့်ပါတယ်။

အများအားဖြင့် မက်မန်းပင်တွေဟာ ဖေဖော်ဝါရီ၊မတ်လ လောက်မှာ ပင်လုံးကျွတ်ဆွတ်ဆွတ်ဖြူအောင်ပွင့်ကြပါတယ်။

အဲ့အပွင့်တွေမကြွေမီမှာ မက်မန်းသီးကင်းတွေဟာ ကိုင်းတလျှောက်ထွက်လာပါတယ်။

မက်မန်းသီးတွေကို ဇူလိုင်လလောက်မှာ ခူးဆွတ်လေ့ရှိပါတယ်။

မက်မန်းမျိုးကွဲတွေအများကြီးရှိတဲ့အတွက် မက်မန်းသီးတွေဟာ အရောင်အားဖြင့် နီညိုရောင်၊အဝါရောင်၊အစိမ်းရောင်၊အဖြူရောင်၊အနီရောင်၊အနီရင့်ရောင်၊ပန်းရောင် စသဖြင့် ကာလာစုံရှိသလို ပုံသဏ္ဍာန်အားဖြင့်လည်း လုံးဝန်းတာ၊ထိပ်ချွန်တာ၊ထိပ်လုံးကြီးတာ၊ရှည်မျောမျောဖြစ်တာ စသဖြင့် ပုံစံစုံရှိပါတယ်။

သို့သော် ကျွန်တော်တို့ဆီက အများစုအနေနဲ့တော့ မက်မန်းသီးဆိုရင် အနီရောင်၊လုံးလုံးဝန်းဝန်း အသီးမျိုးကိုပဲ သိကြပါတယ်။

မက်မန်းသီးမှာ အမျှင်ဓါတ်၊ပရိုတင်းဓါတ်၊ကာဘိုဟိုက်ဒရိတ်ဓါတ်၊ဗီတာမင်အေ၊စီ၊ကယ်လ်ဆီယံဓါတ်၊သံဓါတ်၊ပိုတက်ဆီယမ်ဓါတ် စတာတွေ စုံလင်စွာပါရှိပါတယ်။၏

ဒီလိုဓါတ်တွေစုံလင်စွာပါရှိတဲ့မက်မန်းသီးဟာကျန်းမာရေးကို အတော်လေး အထောက်အကူဖြစ်စေပါတယ်။

မက်မန်းသီးပုံမှန်စားခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆီဓါတ်တွေကို ထိန်းညှိပေးနိုင်ပြီး မကောင်းတဲ့ကိုလက်စရောအဆီဓါတ်ကိုကျစေနိုင်ပါတယ်။

ဒါ့ပြင် သူ့မှာပါတဲ့ပိုတက်ဆီယမ်ဓါတ်ကလည်း သွေးကြောတွေကိုကျယ်စေနိုင်တဲ့အာနိသင်ရှိတာကြောင့် နှလုံးကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

မက်မန်းသီးဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့အပြင် သူ့မှာပါတဲ့ Sorbitol နဲ့ Isatin ဓါတ်တွေကြောင့် အစာခြေစနစ်ကိုကောင်းစွာအထောက်အကူပေးပြီး အစာမကြေတာ၊ဝမ်းချုပ်တာ တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မက်မန်းသီးဟာ သွေးတွင်းသကြားဓါတ်ကိုလည်းထိန်းညှိပေးနိုင်တဲ့အတွက် ဆီးချိုဝေဒနာရှင်တွေအတွက်လည်း အထူးသင့်တော်ပါတယ်။

ဗီတာမင်စီနဲ့Phytonutrients တွေကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

မဂ္ဂနီဆီယမ်ဓါတ်၊ဖော့စဖောရပ်ဓါတ်၊ကော့ပါးဓါတ်၊သံဓါတ်၊ကယ်လ်စီယံဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အရိုးတွေကိုသန်မာကြံ့ခိုင်စေပြီး သွေးအားကောင်းစေပါတယ်။

မက်မန်းသီးကိုအမျိုးမျိုးလုပ်ပြီးစားသောက်နိုင်ပါတယ်။

မက်မန်းသီးကို ဒီအတိုင်းစားကြသလို ဆား သို့မဟုတ် လျက်စားနဲ့လည်းတို့စားကြပါတယ်။

သုပ်စားတာ၊မက်မန်းချိုပေါင်းလုပ်စားတာ၊မက်မန်းတော်ဖီအနေနဲ့လုပ်စားတာ၊မက်မန်းယိုအနေနဲ့စားတာတွေလည်းရှိပါတယ်။

ဒါ့အပြင် မက်မန်းဝိုင်လုပ်ပြီးသောက်တာလည်းရှိပါတယ်။

Dr သီတာနွယ်(အမရပူရ)

ဆက်စပ် ဆောင်းပါးများ