ခေါင်းကိုက်သက်သာစေမဲ့ ပေါက်ပန်းဖြူ

 

ခေါင်းကိုက်သက်သာစေမဲ့ ပေါက်ပန်းဖြူ

ပေါက်ပန်းဖြူပင်ရဲ့ရုက္ခဗေဒနာမည်ကတော့ Sesbania grandiflora Pers. ဖြစ်ပါတယ်။

မျိုးရင်းကတော့ Papilionaceae ပါ။

မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားတွင် သဘာဝပေါက်ပင် သို့မဟုတ် စိုက်ပျိုးပင်အနေနဲ့တွေ့ရတတ်ပါတယ်။

အပင်လတ်အမျိုးအစားဖြစ်ပြီး ပေ ၂၀ မှ ၃၀ ခန့်အထိမြင့်တက်ကာ အကိုက်အခက်များစွာရှိပါတယ်။

အရွက်မှာငှက်မွှေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး ၆လက်မမှ ၁ပေအထိအရှည်ရှိတတ်ပါတယ်။ရွက်ရင်း ရွက်ထိပ်ဝိုင်းကာ ရွက်ပြားပြောင်ချောပြီး အနားညီပါတယ်။

အပွင့်အနေနဲ့တော့ ကြားထွက်ပန်းခိုင်တခိုင်လျှင် အပွင့်နှစ်ပွင့်မှ လေးပွင့်အထိရှိတတ်ပါတယ်။အပွင့်မှာအဖြူရောင်ဖြစ်ကာ ဝါခေါင်နဲ့တော်သလင်းလတို့မှာပွင့်လေ့ရှိတတ်ပါတယ်။

အသီးမှာ တွဲလျားကျသီးသော သီးတောင့်ရှည်အမျိုးအစားဖြစ်ပြီး အထဲမှာ အစေ့များစွာပါရှိပါတယ်။

ပေါက်ပန်းဖြူပင်ရဲ့အရွက်နဲ့အပွင့်ဟာ စားလို့ရသလို ဆေးဖက်လည်းဝင်ကာ ကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။

ပေါက်ပန်းဖြူပွင့်နဲ့အရွက်ကို ပြုတ်ပြီးသော်လည်းကောင်း၊ရေနွေးဖျောပြီးသော်လည်းကောင်း အတို့အမြုပ်အဖြစ် ငါးပိရည်နဲ့တို့စားလို့လည်းရသလို ဆီချက်၊မြေပဲဆံစသည်တို့နဲ့ရောပြီး သုပ်စားလို့လည်းရပါတယ်။

ဒါ့အပြင် ကြော်စားလို့လည်းရသလို ဟင်းချက်စားလို့လည်းရပါတယ်။

မြန်မာ့ဆေးကျမ်းများမှာ ပေါက်ပန်းဖြူပင်သည် အေး၏။လေကိုပွားစေ၏။ခါးသက်သက်ရှိ၏။သည်းခြေရောဂါ၊သလိပ်ရောဂါ၊နှာရည်ယိုခြင်း၊ကြက်မျက်သင့်ခြင်းတို့ကိုပျောက်စေ၏။အရွက်သည်စပ်၏။ချို၏။ခါးသက်သက်ရှိ၏။သွေးကိုကြည်လင်စေ၏။

ဆိုပြီးရေးသားဖော်ပြထားပါတယ်။

ခုခေတ်သုတေသနပြုချက်တွေအရ ပေါက်ပန်းဖြူဟာ သန်ကျစေသောအာနိသင်လည်းရှိကြောင်းသိရပါတယ်။

ပေါက်ပန်းဖြူပင်ရဲ့အရွက်နဲ့အပွင့် စသည်တို့ကို ထိခိုက်ဒဏ်ရာရတာ၊ရာသီဖျားရောဂါ၊ဝမ်းပျက်ဝမ်းလျှောရောဂါ၊သန်ကောင်ရောဂါတွေအတွက် ဆေးဖော်ရာမှာ တခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ရောပြီးသုံးလေ့ရှိပါတယ်။

အိမ်သုံးဆေးမြီးတိုအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မျက်စိမှုန်ခြင်း၊မျက်စိဝေခြင်းဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကို အရည်ညှစ်ပြီး ခတ်ပေးနိုင်ပါတယ်။

ခေါင်းတခြမ်းကိုက်ပါက ပေါက်ပန်းဖြူအပွင့်နဲ့အရွက်ကို အရည်ညှစ်ပြီး ရှုပေးခြင်းဖြင့် ခေါင်းတခြမ်းကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။

ပေါက်ပန်းဖြူပွင့်ကို မကြာခဏပြုတ်ပြီးစားခြင်း၊သုပ်ပြီးစားခြင်းဖြင့် ကြက်မျက်သင့်ရောဂါ၊မီးယပ်အဖြူဆင်းရောဂါ၊အရိုးကျီးပေါင်းရောဂါ၊သန်ကောင်ရောဂါ၊သွေးကျရောဂါတွေကို သက်သာစေနိုင်သည်။

တုပ်ကွေးဖျား သို့မဟုတ် အအေးမိဖျားနာဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနဲ့ကြော်စားခြင်းဖြင့် တုပ်ကွေးဖျားနာ၊အအေးမိဖျားနာတွေကိုသက်သာစေနိုင်ပါတယ်။

အပူလောင်နာ၊ထိခိုက်ဒဏ်ရာရတာတွေဖြစ်ပါက ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးနိုင်ပါတယ်။

ပေါက်ပန်းဖြူရွက်နှင့်ပေါက်ပန်းဖြူပွင့်တို့ကို မကြာခဏ ကြော်စား၊ချက်စားခြင်းဖြင့် ဆီးနီတာ၊ဆီးနည်းတာစတဲ့ဆီးရောဂါတွေကို သက်သာစေနိုင်ပါတယ်။

(https://my.wikipedia.org နှင့် ကျန်းမာရေးဝန်ကြီးဌာနထုတ် မြန်မာ့တိုင်းရင်းဆေးပညာအခြေခံသဘောတရားများ စာအုပ်မှ ကိုးကားကောက်နုတ်ဖော်ပြသည်။)

Dr သီတာနွယ်(အမရပူရ)

 

ဆက်စပ် ဆောင်းပါးများ